ကံကောင်းလို့

1412

ကံကြမ္မာဟူသည် လှေနံဓားထစ် တွက်ဆ၍ မရနိုင်။ မည်မျှပင် ကံကောင်းနေပါပြီ ဆိုသော်လည်း ကံကောင်းခြင်းနှင့်အတူ ကံဆိုးခြင်းများ ပါလာတတ်၏။ ထို့အတူပင် ကံဆိုးနေသည်ဟု ဆိုသော်လည်း ကံကောင်းခြင်းများက ပုန်းလျှိုးဝှက်လျှိုး ဖြစ်စေ၊ သိသိသာသာဖြစ်စေ ပါလာတတ်ပြန်သည်။

ကံကောင်းသူများ ဆက်တိုက် ကံကောင်းနေပြီး ကံဆိုးသူများ ဆက်တိုက်ကံဆိုးနေသည်များလည်း ရှိသည်။

ကံဆိုးသည်ကို ဗေဒင်ဆရာတို့က ကံညံ့သည်ဟုဆိုကြ၏။ ကံညံ့သဖြင့် ကံဆိုးရကြောင်း ကံမညံ့လျှင် ကံမဆိုးနိုင်ကြောင်း၊ ညံ့သည့်ကံကို အလွန်အမင်းမညံ့အောင် ယတြာနည်းများဖြင့် ပြင်ဆင်လို့ရကြောင်း ဖွင့်ဆိုကြသည်။

ယတြာက မစွမ်းဟု မဆိုသာ။ စွမ်းသည်လည်း ရှိ၏၊ မစွမ်းသည်များလည်း ရှိ၏။ မစွမ်းသည့်ယတြာများက လိမ်လည်မှုတွေပင် ဖြစ်သည်။ ယတြာပညာအမှန် တကယ်မတတ်ပါဘဲ တတ်ချင်ယောင်ဆောင်သည့် လောဘသမားတို့၏ ယတြာတို့သည်ကား အစွမ်းမထက်သည့်ယတြာများပင် ဖြစ်သည်။

ယတြာချေလိုသူတို့၏ ဆန္ဒအမှန်ကား ကံကောင်းစေရန်ပင် ဖြစ်၏။ ကံကောင်းလိုသောဆန္ဒ၊ ကံကောင်းလိုသောစိတ် လူတိုင်းတွင် ရှိနေသည်။ စင်စစ် ကံကောင်းရန်အတွက် မိမိအပေါ်တွင် အဓိက မူတည်နေပေသည်။ မိမိ လုပ်ရပ်ကောင်းလျှင် ကံကောင်းမည်သာဖြစ်၏။ မိမိ လုပ်ရပ် မမှန်ကန်လျှင် မည်မျှပင် ယတြာချေနေစေကာမူ ကံကောင်းလာမည်မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေကာမူ ကံကိုယုံ၍ ဆူးပုံမနင်းအပ်ပေ။ ကံကိုယုံ၍ ဆူးပုံနင်းခြင်းသည် မိုက်မဲခြင်းသာဖြစ်၏။

”ဆရာချစ် ဘာတွေရေးနေသလဲ”

”ဆောင်းပါးတစ်ပုဒ် ရေးနေတာကွ၊ လာထိုင်လေ”

ဆောင်းပါးတစ်ပုဒ် ရေးနေစဉ် ချွန်ရှုပ်ရောက်လာသဖြင့် ရေးလက်စ ခဏရပ်နားထားလိုက်သည်။

ကျွန်တော့်ဘေးတွင် ချွန်ရှုပ်ဝင်ထိုင်၏။

”ဘာအကြောင်းရေးနေတာလဲ”

”ကံအကြောင်းရေးနေတာ၊ တချို့လူတွေက ကံကိုယုံပြီး ဆူးပုံနင်း ဆိုသလို ကံကို အလွန်အကျွံယုံပြီး မလုပ်သင့်၊ မလုပ်ထိုက်တာတွေ လုပ်ကိုင်တာလေးတွေ တွေ့နေရလို့”

”ဟုတ်တယ်နော် ဆရာချစ်၊ တချို့က ကံကို အလွန်အကြူးယုံနေကြတယ်၊ မနေ့ကတောင် ကံကိုယုံပြီး ဆူးပုံနင်းတဲ့သူ တစ်ယောက် တွေ့ခဲ့သေးတယ်၊ ကံကိုယုံတာ ကံကောင်းလို့ မသေတယ်”

”ဆိုပါဦး”

ချွန်ရှုပ်စကားကို စိတ်ဝင်စားမိသည်။

”မနေ့က ကျွန်တော် အလုပ်ကိစ္စတစ်ခုရှိလို့ ရွှေပြည်သာကို သွားတယ်၊ ရထားနဲ့သွားရင် စက်မှုဇုန်ဘူတာပြီးတာနဲ့ ရွှေပြည်သာ ဘူတာပဲ”

”အင်း သိတယ်လေ”

”စက်မှုဇုန်(၁) ဘူတာနဲ့ ရွှေပြည်သာ ဘူတာကြားမှာ ရထားလမ်းကို ဖြတ်ကူးထားတဲ့ ကားလမ်းရှိတယ်”

”အင်း ဆက်ပါဦး”

”အဲဒီနားကို ကျွန်တော်ရောက်တော့ ရထားလာနေလို့ တာဝန်ရှိသူက သံပေါင်တံခါးကို ပိတ်လိုက်တယ်၊ တံခါးပိတ်လိုက်တော့ ရထားလမ်းဖြတ်ကူးမယ့်ကားတွေ၊ ဆိုင်ကယ်တွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ ရထားဖြတ်မောင်းသွားမယ့်အချိန်ကို စောင့်ကြတယ်”

”အင်း”

”ရထားလာတဲ့ဘက်အခြမ်းက ယာဉ်တွေလည်း အကုန်ရပ်ကြတယ်၊ အဲဒီအချိန် မှာ လူတစ်ယောက်က စက်ဘီးကို ဆင်းတွန်းပြီး တံခါးနောက်ဘက်ကနေ ရထားလမ်းကိုဖြတ်ကူးတယ်”

”ခဏတောင် မစောင့်ဘူး”

”သူဖြတ်ကျော်နေချိန် မှာ ရထားကလည်း နီးကပ်နေပြီ၊ သူက ကမန်းကတန်း အပြေးအလွှားဖြတ်ကျော်တာ၊ ဖြစ်ချင်တော့ သူဖြတ်ကျော်နေတုန်း ရထားလမ်းမှာ ဖိနပ်တစ်ဖက် ကျွတ်ကျန်နေခဲ့တယ်၊ ဖိနပ်ကျွတ်တော့ သူ့စိတ်က ဖိနပ်ဆီ စိတ်ရောက်သွားပြီး စက်ဘီးကိုင်ထားလျက် ကုန်းကောက်ဖို့ ကြိုးစားတယ်”

”ဟာ သေတော့မှာပဲ”

”ရထားလမ်းပေါ်မှာ စက်ဘီး ကန့်လန့်ကြီးရပ်ပြီး ဖိနပ်ကောက်မယ်လုပ်နေတော့ ရထားကလည်း နီးနေပြီမို့ ပတ်ဝန်းကျင်က လူတွေက အော်ဟစ်ပြီး သတိပေးတယ်၊ အော်ဟစ်သံတွေ ဆူညံသွားတာပဲ”

”ဖြစ်မှဖြစ်ရလေ”

”အော်ဟစ်သံတွေ ဆူညံသွားမှ ဖိ နပ်မကောက်တော့ဘဲ စက်ဘီးကို ရထားလွတ်အောင် အတင်းဆွဲပြေးတယ်၊ ရထား ကလည်း အရှိန်နဲ့လာနေတာ၊ ကံကောင်းလို့ သီသီလေး လွတ်သွားတယ်၊ လွတ်တယ်ဆိုရုံလေးလွတ်သွားတာ ကြည့်နေတဲ့သူတွေတောင် မျက်လုံးပြာသွားတယ်၊ နို့မို့ မတွေးရဲစရာပဲ”

ချွန်ရှုပ်စကားကို ကျွန်တော် ခေါင်းညိတ်မိသည်။

”အင်း လူတွေက ခက်တယ်၊ ရထားလာတာ ဘယ်လောက်ကြာကြာစောင့်ရမှာမို့လဲ၊ အလွန်ဆုံးစောင့်ရ သုံးမိနစ်ပေါ့၊ သုံးမိနစ်တောင် အချိန်မပေးချင်တော့ မခက်ဘူးလား”

”သုံးမိနစ် အချိန်မပေးချင်တာ မဟုတ်ဘူး ဆရာချစ်ရဲ့၊ ကျွန်တော်မြင်တာကတော့ အဲဒီလူဟာ ကံကိုယုံပြီး ဆူးပုံနင်းလိုက်တာပဲ၊ အန္တရာယ်ဖြစ်နိုင် မဖြစ်နိုင် ဥာဏ်ကို လွှာမသုံးချင်ဘူး၊ ကံကောင်းရင် လွတ်မှာပဲလို့ ယုံကြည်ပြီးလုပ်တာ”

”အင်းလေ ကံကိုယုံတာကိုး၊ ဒီလို အတွေ့အကြုံမျိုး ငါလည်း တွေ့ဖူးမြင်ဖူးတယ်”

”ဟုတ်လား ဆရာချစ်ကိုယ်တိုင် ဖြစ်တာလား”

”ဖွဟဲ့ လွဲပါစေ၊ ငါဖြစ်တာ မဟုတ်ဘူးကွ၊ ငါမြင်ဖူးခဲ့တာကို ပြောတာ”

”ဟဲ …ဟဲ စတာပါ ဆရာချစ်ရဲ့”

”စကားအကောင်းပြောနေချိန် မစနဲ့၊ အာရုံပျက်တယ်”

”ဟုတ်ကဲ့၊ ပြောပါ”

”ငါ ရန်ကုန်ကနေ နေပြည်တော်ကို ရထားစီးသွားတယ်”

”ကျွန်တော်သိတယ်လေ၊ ဆရာချစ် နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေးသွားပြီဆို ရထားနဲ့သွားတာ များတယ်”

”အေး ဟုတ်ပါတယ်၊ အဲဒီလို ရထားသွားတဲ့လမ်းတစ်လျှောက်မှာ ရထားလမ်းကိုကျော်ဖို့ ဖြတ်ဖောက်ထားတဲ့ကားလမ်းတွေ တော်တော်များများရှိတယ်၊ တချို့ လမ်းတွေက သံတံခါးရှိတယ်၊ တချို့လမ်းတွေက တားဆီးထားတဲ့ တံခါးမရှိဘူး”

”ဟုတ်တယ်နော် ဆရာချစ်၊ ရထားလမ်းဖြတ်တဲ့ကားလမ်းတချို့က ဘာတံခါးမှ မရှိဘူး၊ အဲဒီနေရာတွေက ရထားနဲ့ကား တိုက်မိဖို့ အန္တရာယ်တော်တော်များတယ်”

”ဟုတ်တယ်၊ တစ်နေ့ နေပြည်တော် ကို ငါရထားစီးသွားတယ်၊ ရထားက ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူး တောက်လျှောက် ကောင်းတယ်၊ အမြန်ရထားဆိုတော့ ပဲခူးဘူတာမှာပဲ ခဏရပ်တယ်၊ တခြားဘူတာတွေမှာ မရပ်ဘူး”

”ဟုတ်တယ်လေ၊ အမြန်ရထားက ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော် ပဲ ရပ်တာ၊ တခြားဘူတာတွေ မရပ်ဘူး”

”ဖြူးအကျော်မှာ ရထားလမ်း ဖြတ်ကူးတဲ့ ကားလမ်းရှိတယ်၊ အဲဒီကားလမ်းက တံခါးအကာအရံမရှိဘူး၊ ရထားလာတာ တွေ့တဲ့သူက သတိပေးရင် ကားတွေ၊ ဆိုင်ကယ်တွေ ရပ်ကြတာ၊ အဲဒီနေ့ကလည်း ငါတို့ စီးလာတဲ့ ရထားတွေ့တော့ ရထားသွားဖို့ ကားတွေ၊ ဆိုင်ကယ်တွေ ရပ်ကြတယ်”

”အင်း”

”ငါက ရထားပြတင်းပေါက်က လှမ်းမြင်နေရတာ၊ ရထားဖြတ်နေတဲ့အချိန် ဆိုင်ကယ်တစ်စီးက အရှိန်ကောင်းကောင်းနဲ့ မောင်းလာပြီး သတ်မှတ်ထားတဲ့နေရာ ကျော်လို့ ရထားနဲ့ ထိလုထိခင်ကျမှ ဘရိတ်အုပ်ပြီးရပ်တယ်”

”ဟာ အသည်းယားစရာပဲ”

”အမှန်တော့ စတန့် ထွင်တာပေါ့ကွာ၊ ရထားနဲ့ ဆိုင်ကယ်နဲ့ တစ်တောင်လောက် ပဲ ကွာမယ်၊ တကယ်လို့သာ ဆိုင်ကယ်ဘရိတ် အချိန်မီ မဖမ်းမိလို့ ကတော့ အဲဒီနေရာတင် ပွဲချင်းပြီးပဲ”

”ဒါကလည်း ဆိုင်ကယ်သမားက ကံကိုယုံပြီး ဆူးပုံနင်းလိုက်တာပဲပေါ့နော်”

”အင်းပေါ့လေ၊ သူ့အနေနဲ့ ကံကိုယုံတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ကြွားချင်ဝါချင် စတန့်ထွင်ချင်ပြီး ဟီးရိုးလုပ်တာလည်းဖြစ်ချင်ဖြစ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါမျိုးတော့ မလုပ်သင့်ဘူး၊ အင်မတန် အန္တရာယ်များတယ်”

”ဟုတ်တယ်နော် ဆရာချစ်၊ အန္တရာယ်ကို ကံနဲ့စိန်ခေါ်တာမျိုးတော့ မလုပ်သင့်ဘူး”

”ကံဆိုတာက မြင်ရတာမဟုတ်ဘူး၊ ကိုယ့်လုပ်ရပ်အပေါ်မှာ မူတည်တယ်၊ ကံမကောင်းတဲ့အချိန်ဆို ‘ကံမခိုင် သံတိုင်နဲ့ အိမ်ဆောက်သော်လည်း ယိုင်လဲတတ်တယ်’ဆိုသလို ဖြစ်တတ်တယ်၊ ကံကိုယုံပြီး နေရာတကာ မစွန့်သင့်ဘူး”

”ဟုတ်တယ်နော် ဆရာချစ်၊ လူတချို့ဟာ ကံကိုယုံပြီး ဆူးပုံအရမ်းနင်းချင်ကြတယ်၊ အန္တရာယ်ဖြစ်လုနီးနီး သီသီကလေး ကပ်လွတ်တာကို ‘အောင်မယ်လေး ကံကောင်းလို့’ဆိုပြီး ကြံဖန်ဂုဏ်ယူချင်နေကြသလား မသိပါဘူး”

”ရထားလမ်း ဖြတ်ကူးတဲ့နေရာမှာတင်မကဘူး ချွန်ရှုပ်ရ၊ တခြားနေရာတွေမှာလည်း ရှိသေးတယ်”

”ပြောပါ ဆရာချစ်”

”ကားလမ်း မီးပွိုင့်တွေမှာလေကွာ၊ အဲဒီနေရာတွေမှာလည်း ရထားလမ်းဖြတ်ကူးတဲ့ ပြဿနာမျိုးတွေရှိနေတယ်”

”ဟုတ်တယ်နော် ဆရာချစ်၊ လမ်းဆုံ၊ လမ်းခွ မီးပွိုင့်တွေနဲ့ လူကူးမျဉ်းကျားရှိတဲ့နေရာတွေမှာ ဖြတ်ကူးရမယ့်အချိန်နဲ့ ရပ်စောင့်နေရမယ့်အချိန်တွေကို အရုပ်ကလေးတွေနဲ့ အချက်ပြသတိပေးထားတယ်”

”အချက်ပြ သတိပေးပေမဲ့ တိတိကျကျ မလိုက်နာကြဘူး၊ လမ်းဖြတ်ကူးချင်သလို ကူးကြတယ်၊ လူက ရပ်စောင့်ရမယ့်အချိန်ဆိုရင် ကားတွေက မောင်းခွင့်ရလို့ မောင်းတယ်၊ တချို့ကားတွေက မီးပွိုင့်မိမှာစိုးလို့ အရှိန်နဲ့မောင်းတယ်၊ ဖြတ်ကူးတဲ့လူက ကားလွတ်မလားလို့ ဖြတ်ကူးမိတော့ တိုက်မိကြပြန်ရော”

”ကားတွေက လူဖြတ်ကူးတာတွေ့လို့ ကမန်းကတန်းရှောင်လို့ လွတ်သွားရင် ရင်ဘတ်ကလေး လက်နဲ့ဖိပြီး ကံကောင်းလို့ ဆိုပြီး သက်ပြင်းချတယ်”

”တကယ်တော့ ကံကောင်းချင်ရင် စည်းကမ်းလိုက်နာရမယ်၊ စည်းကမ်းမလိုက်နာလို့ကတော့ ရေရှည်ကံမကောင်းနိုင်ဘူး၊ မတော်တဆ ကံကောင်းရင်တောင် ရင်ဘတ်ဖိပြီး အောင်မလေး ‘တ’ရတဲ့ စိုးထိတ်ဗျာပါ ကံကောင်းခြင်းမျိုးပဲဖြစ်မယ်”

ချွန်ရှုပ်နှင့် ကျွန်တော် စကားပြောရင်း အချိန်ကြာမြင့်သွားခဲ့သည်။

”ဆရာချစ်”

”ဘာလဲ”

”ကျွန်တော်လည်း ဆရာချစ်နဲ့တွေ့တာ ကံကောင်းသွားတယ်”

”ဘာဖြစ်လို့”

”ကျွန်တော် လက်ဖက်ရည်သောက်ဖို့ ထွက်လာတာ၊ အိတ်ထဲမှာ ပိုက်ဆံပါမလာမှန်း လမ်းကျမှသိတယ်၊ အိမ်လည်းတစ်ခေါက် မပြန်ချင်တော့လို့ နီးနီးနားနား ဆရာချစ်ဆီ ဝင်ချေးတာ”

”ချေးမနေနဲ့၊ ငါလည်း လက်ဖက်ရည်သွားသောက်မလို့၊ စာမပြီးသေးလို့ရေးနေတာ၊ ပြန်လာမှ ဆက်ရေးတော့မယ်၊ လိုက်ခဲ့ ငါပဲတိုက်လိုက်တော့မယ်”

”ဟဲ …ဟဲ ကံကောင်းလို့ …”

နှစ်ယောက်သား လက်ဖက်ရည်ဆိုင် ပဲ ဦးတည်ခဲ့ကြသည်။ လမ်းမပေါ်တွင် ထီရောင်းသည့်လှည်းက သီချင်းဖွင့်ပြီး တွန်းလာ၏။

ချွန်ရှုပ် နမော်နမဲ့ အငေးကောင်းရင်း ထီဆိုင်လှည်းကို ဝင်တိုက်မိမလိုဖြစ်သွား၏။ ချွန်ရှုပ် လက်မောင်းကို ကျွန်တော် လှမ်းဆွဲထားလိုက်ရ၏။

”တော်ပါသေးရဲ့ ကံကောင်းလို့”

ချွန်ရှုပ်က ကျွန်တော့်ဘက်လှည့်ပြီး ကံကောင်းလို့ဟု ပြောနေစဉ် ထီလှည်းက ဖွင့်သည့်သီချင်းသံ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာ၏။

”စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့ …”

ကျွန်တော်နှင့် ချွန်ရှုပ် တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ပြိုင်တူပြုံးမိခဲ့ကြသည်။

သြော် …ကံကောင်းလို့။

ချစ်နွေမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here