ကုန်းမြေပေါ်မှာ အမြန်ဆုံး မောင်းနိုင်တဲ့ စံချိန်သစ်ရှင် Motorised Shed

846

ေ၀းလ်စ်နိုင်ငံ တောင်ပိုင်းက ခုနစ်မိုင်ရှည်လျားတဲ့ Pendine Sands ကမ်းခြေဟာ ညီညာဖြောင့်ဖြူးပြီး တစ်ဆက်တည်းရှိတဲ့ မြေမျက်နှာပြင် ပိုင်ဆိုင်တာကြောင့် ၁၉၂၀ ပြည့်လွန်နှစ်တွေကစတင်လို့ စက်တပ်ယာဉ် အမျိုးမျိုးရဲ့ ကုန်းမြေပေါ် အမြန်ဆုံးမောင်းနိုင်တဲ့ ကမ္ဘာ့စံချိန်သစ်တင်ဖို့ ကြိုးပမ်းရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် Land Speed Event ကို ပြီးခဲ့တဲ့မေလမှာ ကျင်းပပြုလုပ်ခဲ့ရာ ယူကေစံချိန်ဖြစ်တဲ့ တစ်နာရီ ၁၉၄ ဒသမ ၅ မိုင် အမြန်နှုန်းကိုချိုးဖျက်ဖို့ လေးဘီးတပ် ပြိုင်ကားငယ်(Kart)၊ သုံးဘီးတပ်ယာဉ်နဲ့ စွမ်းအားမြင့်ဆိုင်ကယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယူကေစံချိန်ကို မချိုးနိုင်ပေမဲ့ ကိုယ်ပိုင်စံချိန်သစ်တစ်ရပ်တင်နိုင်တဲ့ Motorised Shed ကားတစ်စီးတော့ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီကားက အသက် ၅၃ နှစ်အရွယ် ဥယျာဉ်မှူး Kevin Nicks တီထွင်ထားတဲ့ Fastest Shed ပါပဲ။ Kevin Nicks ဟာ ၂၀၁၅ ခုနှစ်တုန်းက သူပိုင်ဆိုင်တဲ့ Volkswagen Passat ကားပျက်စီးသွားချိန်မှာ ပုံမှန်ထက်အနည်းငယ်ထူးခြားတဲ့ ကားတစ်စီးတီထွင်ဖို့ စိတ်ကူးရခဲ့ပြီး အဲဒီကားကို အခြေခံတဲ့ သစ်သားတဲပုံစံ Motorised Shed ကို စတင်တည်ဆောက်ခဲ့ပါတယ်။ Kevin Nicks ကိုယ်တိုင် ကြိုးပမ်းခဲ့ပြီး ဗြိတိန်ပေါင်စတာလင် ငါးထောင် အကုန်အကျခံလို့ ၁၂ လ အချိန်ယူတည်ဆောက်ပြီးနောက်မှာ လမ်းပေါ်တရား၀င်မောင်းနိုင်တဲ့ Motorised Shed တစ်စီးဖြစ်လာခဲ့ပါတယ်။

Kevin Nicks ဟာ သူ့ရဲ့ Motorised Shed ကို ဘယ်လောက် မြန်မြန်မောင်းနိုင်သလဲဆိုတာ သိရအောင် Speed Event တချို့မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နာရီ မိုင်ရှစ်ဆယ်အမြန်နှုန်းနဲ့ ဂင်းနက်စ်ကမ္ဘာ့ မှတ်တမ်း၀င်ခဲ့ပေမဲ့ နောက်ထပ်စံချိန်သစ်တင်နိုင်အောင် ဆက်လက်ကြိုးပမ်းခဲ့တာပါ။ Motorised Shed ကို စတင်ဖန်တီးချိန်ကနေ ၂ နှစ်တာ ကာလအတွင်း လူမှုရေးရန်ပုံငွေရှာဖွေပေးဖို့ စုစုပေါင်းခရီးမိုင်နှစ်သောင်း မောင်းနှင်ခဲ့ပါတယ်။ Pendine Sands ကမ်းခြေက Land Speed Event ကို ၀င်ပြိုင်ဖို့ Kevin Nicks ဟာ သူ့ရဲ့ Motorised Shed ကို ဗြိတိန်ပေါင်စတာလင် ရှစ်ထောင်ခန့်ကုန်ကျတဲ့ ဆိုင်းထိန်းစနစ်အသစ်နဲ့ Audi RS4 အင်ဂျင်တို့ ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ ဗြိတိန်ကာကွယရေး၀န်ကြီးဌာနရဲ့ လက်နက်စမ်းသပ်ကွင်းဖြစ်ခဲ့ဖူးတဲ့ Pendine Sands ကမ်းခြေဟာ အပေါ်ယံညီညာဖြောင့်ဖြူးပေမဲ့ မပေါက်ကွဲဘဲကျန်ရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေ၊ ရေစီးကြောင်းနဲ့ပါလာပြီး ကမ်းပေါ်တင်ကျန်ရစ်တဲ့ ကြီးမားတဲ့ JellyFish ငါးတွေကြောင့် အမှန်တကယ်မောင်းတဲ့အခါ ခက်ခဲတတ်ပြီး ဘယ်စက်တပ်ယာဉ်မှ တစ်နာရီ မိုင်နှစ်ရာကျော်အောင် မမောင်းနိုင်သေးပါဘူး။ Kevin Nicks ရဲ့ Motorised Shed ဟာ Pendine Sands ကမ်းခြေမှာ တစ်နာရီ ၁၀၁ မိုင် အမြန်နှုန်းနဲ့ မောင်းနိုင်ခဲ့လို့ ကုန်းမြေပေါ် အမြန်ဆုံးမောင်းနိုင်တဲ့ Motorised Shed အဖြစ် ကမ္ဘာ့ စံချိန်သစ်တင်ခဲ့ပါတယ်။ အရင်က အမြန်ဆုံးမောင်းနိုင်တဲ့ Motorised Shed စံချိန်က ၂၀၁၁ ခုနှစ်တုန်းက Edd China ရဲ့ Motorised Shed  ဖြစ်ပြီး တစ်နာရီ ၅၈ မိုင်နှုန်းသာရှိခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here