ကုန်တင်ယာဉ်မောင်း ရှားပါးလာသည့်အတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအချို့ ရပ်ဆိုင်းထားရ

150

 

ရန်ကုန်၊ ​အောက်တိုဘာ ၁၅

ကုန်တင်ယာဉ်မောင်းများ ရှားပါးလာသည့်အတွက် ကုန်စည်စီးဆင်းမှု ထက်ဝက်ကျော် ကျဆင်းနေပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအချို့ ရပ်ဆိုင်းထားရကြောင်း ဘုရင့်နောင်ပွဲရုံတန်းအတွင်းရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ကုန်တင်ယာဉ်မောင်းများအတွက် Covid-19 စစ်ဆေးခြင်းကို သုံးရက်တစ်ကြိမ် ပြုလုပ်နေရသောကြောင့် ကုန်စည် သယ်ယူပို့ဆောင်မည့် ယာဉ်မောင်းများ ရှားပါးလာပြီး ကုန်စည်များ အချိန်မီ မပို့ဆောင်နိုင်ခြင်းနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရသည်အထိ ဖြစ်နေကြောင်း ဘုရင့်နောင်ပွဲရုံတန်းတွင် ရန်ကုန်-ထားဝယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် Golden Dragon Commodity Transportation Service မှ သိရသည်။

“အခုက ကုန်တင်ကားမောင်းသမားတွေကို သုံးရက်တစ်ခါ Covid-19 စစ်ရတယ်ဆိုတော့ ကားသမား တော်တော်များများ အဲဒီဒဏ်ကို မခံနိုင်ကြလို့ဆိုပြီး မမောင်းကြတော့ဘူး၊ ပို့မယ့်ကားသမားမရှိတော့ တချို့ ကုန်စည်ပို့ဆောင်ရေးတွေရပ်ထားရတယ်၊ ဖွင့်တဲ့လုပ်ငန်းတွေကလည်း ကုန်စည်လာအပ်ရင် အရင်လို ဘယ်အချိန်ရောက်မယ်ဆိုတာမျိုး ပြောလို့မရတော့ဘူး၊ အခုအချိန်အထိ သွားမယ့်ကား မရှိသေးဘူး၊ သွားမယ့်ကား ရှိတဲ့အချိန်ပို့ပေးမယ်ဆိုတာမျိုးတွေ ပြောနေရတယ်၊ ရန်ကုန်-မော်လမြိုင်ပို့တဲ့ ဂိတ်အားလုံးပေါင်း တစ်နေ့အစီး ငါးဆယ် ဝန်းကျင်လောက် သွားကြတာ၊ အခု ပိတ်တဲ့ဂိတ်တွေက ပိတ်ထားတယ်၊ ဖွင့်တဲ့ဂိတ်ကလည်း သုံးချိုးတစ်ချိုးလောက်ပဲ သွားနိုင်ကြတော့တယ်၊ ကုန်တွေ အချိန်မီမရောက်နိုင်တော့ဘူး၊ ဒီလိုအခြေအနေမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘယ်လို လုပ်ပေးမလဲဆိုတာပဲ စောင့်နေတယ်” ဟု မဏ္ဍိုင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း တာဝန်ခံ ကိုပြည့်ဖြိုးဦး ကပြောသည်။

ကုန်တင်ယာဉ်မောင်းများ Covid-19 စစ်ဆေးခြင်းကို UMFCCI ဦးဆောင်မှုဖြင့် တစ်နေ့လျှင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နှစ်ရာဝန်းကျင်အား စစ်ဆေးပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်တင်ယာဉ်မောင်း Covid-19 စစ်ဆေးခြင်းကို MCC ခန်းမ၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဘုရင့်နောင်ပွဲရုံတန်းတွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပေါင်း ​ခြောက်ရာကျော်ရှိနေပြီး ကုန်စည်ပို့ဆောင်မှု ထက်ဝက်ကျော်ကျဆင်းနေသကဲ့သို့ Covid-19 Negative ထောက်ခံစာမှာ ၇၂ နာရီသာ အကျုံးဝင်မည်ဆိုသည့် ညွန်ကြားချက် ထုတ်ပြန်ပြီးနောက်ပိုင်း ယခုကဲ့သို့ လုပ်ငန်းအချို့ ရပ်ဆိုင်းလာရခြင်း ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ
ဓာတ်ပုံ-​ကျော်​ကျော်​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here