ကုန်တင်ယာဉ်မောင်းများ လဲလှယ်မောင်းနှင်မှသာ မန္တလေးတိုင်းအတွင်း ဝင်ခွင့်ပြုမည်ဆိုသည့်အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများဖြစ်နေ

111

 

ရန်ကုန်၊ စက်တင်ဘာ ၁၅

Covid-19 ဒုတိယလှိုင်းအဖြစ် ရောဂါကူးစက်မှု မြင့်မားလာခြင်းကို ကာကွယ်ထိန်းချုပ်ရန် မန္တလေးတိုင်းဒေသကြီးက ကုန်စည်ယာဉ်များအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကြောင့် ယာဥ်​ကြောပိတ်ဆို့ခြင်းများ အချိန်ကြာမြင့်စွာ ဖြစ်နေပြီး ကုန်စည် သယ်ယူပို့ဆောင်ရေး နှောင့်​နှေးခြင်းများ ရှိနေကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ဝန်ဆာင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်မှ လာရောက်သည့် ကုန်စည်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လဲလှယ်ပြီးမှသာ ဝင်ရောက်ရမည်ဟု ထုတ်ပြန်ထားရာ ထိုသို့ ယာဉ်မောင်း လဲလှယ်ရာတွင် ယာဉ်လုပ်သားများအား ခရီးစဉ်နှစ်ခုစာ အသုံးပြုရသောကြောင့် ကျွမ်းကျင်ယာဉ်မောင်း အခက်အခဲများနှင့် အချိန်ကြာမြင့်စွာ ယာဥ်​ကြော ပိတ်ဆို့နေခြင်းများကြောင့် ကုန်စည် သယ်ယူပို့ဆောင်ရာတွင် အချိန်မီပို့ဆောင်နိုင်ခြင်း မရှိသည့်အခက်အခဲများ ဖြစ်​ပေါ်နေကြောင်း သိရသည်။

“ကြေညာထားတဲ့အတိုင်း ရန်ကုန်နဲ့ရခိုင်ကလာတဲ့ ကုန်တင်ကားတွေ မန္တလေးကို ဝင်မယ်ဆိုရင် ယာဉ်မောင်းနဲ့ ယာဉ်အကူ လဲလှယ်ပြီးမောင်းရမယ်ဆိုတာမျိုး လုပ်တယ်၊ ရမည်းသင်းမှာ ယာဉ်မောင်းတွေလဲလှယ်ဖို့အတွက် စစ်ဆေးတာတွေလုပ်ရတော့ အဲဒီကားတွေရော တခြားနယ်သွားမယ့် ကားတွေရော ပိတ်ပြီး ယာဉ်ကြော ပိတ်တာတွေဖြစ်တယ်၊ ကုန်စည်ယာဉ်တွေဖြစ်တဲ့အတွက် ယာဉ်မောင်းလဲဖို့ ကျွမ်းကျင်ယာဉ်မောင်း အခက်အခဲဖြစ်ရတယ်၊ အဲဒါကြောင့် ကျန်းမာရေး စစ်ဆေးကောင်းမွန်တဲ့ယာဉ်မောင်းတွေကို မန္တလေးမှာပဲ နေရာတစ်ခုသတ်မှတ်ပြီး ဘယ်မှမသွားနဲ့ ဒီမှာရပ် ဒီမှာပြန်ဆိုတာမျိုးလေး စဉ်းစားပေးစေချင်တယ်၊ အခုက ယာဉ်မောင်းအခက်အခဲရော ယာဉ်ကြောပိတ်တာရောကြောင့် ကုန်စည်ပို့ရမယ့်အချိန်၊ ရောက်ရမယ့် အချိန်မှာ မရောက်နိုင်တာတွေ ရှိလာတဲ့အတွက် လုပ်ငန်းတွေမှာ အခက်အခဲတွေ အများကြီးဖြစ်နေပါတယ်၊ ဒီလိုအခက်အခဲတွေ ကြာကြာဖြစ်နေမယ်ဆိုရင် လုပ်ငန်းရပ်ဆိုင်းတာတွေပါ ဖြစ်လာနိုင်တယ်၊ ဒီအချိန်မှာ ကျန်းမာရေးကလည်း အရမ်းကို အရေးကြီးနေပါတယ်၊ အဲဒါကြောင့် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြပေမဲ့ အခက်အခဲတွေ အများကြီး ဖြစ်နေတာကြောင့် စဉ်းစားပေးစေချင်ပါတယ် “ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကြင်သိန်းကပြောသည်။

ကုန်စည်စီးဆင်းမှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကုန်စည်စီးဆင်းမှု လက်တွေ့လုပ်ဆောင်​​နေသူများ၏ သဘောထားမှတ်ချက် တောင်းခံခြင်းများ မရှိသည့်အတွက် လက်တွေ့လုပ်ဆောင်နေရသူများအ​နေဖြင့် အခက်အခဲများစွာရှိနေပြီး ယင်းအချက်များကို အခြေခံကာ ကုန်စျေးနှုန်း ကြီးမြင့်ခြင်းများလည်း ဖြစ်လာနိုင်​သော​ကြောင့် ပြန်လည်စဉ်းစားသုံးသပ် ပေးစေလိုကြောင်း အဆိုပါ အသင်းမှ သိရသည်။

ကြည်ပြာ

မန္တ​လေးမြို့ ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဥ်ရပ်နားစခန်းအတွင်း​တွေ့ရ​သော အ​ဝေး​ပြေးကုန်တင်ယာဥ်များ။ ဓါတ်ပုံ-​ကျော်​ကျော်​အောင်။

LEAVE A REPLY

Please enter your comment!
Please enter your name here