ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ကျန်းမာရေးကောင်းမွန်ကြောင်း (Swab Negative Certificate) ထောက်ခံစာသည် ၇၂ နာရီအတွင်းသာ အကျုံး၀င်မည်ဟုဆို

105

 

မန္တ​လေး၊ ​အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ ကုန်စည်ပို့ဆောင်ရေးအတွက် သွားလာမောင်းနှင်နေကြသော ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကျန်းမာရေးကောင်းမွန်ကြောင်း (Swab Negative Certificate) ထောက်ခံစာသည် ၇၂ နာရီအတွင်းသာ အကျုံး၀င်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)မှ သိရသည်။

“မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ညွှန်ကြားလာတဲ့အတွက် ကုန်တင်ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်ငှားရမ်းသူတွေ၊ ကုန်ပစ္စည်းလက်ခံမယ့်သူတွေ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ သိရှိအောင် ကျွန်တော်တို့အသင်းက ထပ်ပြီးထုတ်ပြန်ပေးတာပါ” ဟု အဆိုပါအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ Covid-19 ပိုးမရှိကြောင်း ထောက်ခံချက်သည် ၇၂ နာရီအတွင်းသာ အကျုံး၀င်မည်ဆိုခြင်းကြောင့် ကုန်တင်ယာဉ်ပိုင်ရှင်များထံတွင် ၀န်ထုပ်၀န်ပိုး ပိုမိုပိလာနိုင်ပြီး ကုန်ကျစရိတ်များ ထပ်မံကုန်ကျနိုင်သည့်အတွက် ကုန်အနည်းငယ်ဖြင့် တင်ဆောင်သွားလာရသူများအနေနှင့် အခက်အခဲရှိနိုင်ကြောင်း မန္တလေးမြို့ခံ ကုန်သည်အချို့က သုံးသပ်သည်။

“၇၂ နာရီဆိုတာ သုံးရက်ဆိုပြည့်သွားမှာ၊ ကုန်တစ်ခေါက်ပို့ပြီးတာနဲ့ သုံးရက်ဆိုတာ ပြည့်သွားမှာဖြစ်တဲ့အတွက် နောက်ထပ်တစ်ကြိမ်ထပ်စစ်ရရင် နှစ်​သောင်းထပ်ကုန်မယ်၊ ဒါက တစ်ဦးစာနော်၊ ယာဉ်မောင်းရော ယာဉ်နောက်လိုက်ရောဆို တစ်ကြိမ် ကားထွက်တိုင်း ​လေး​သောင်း ထပ်ကုန်နေမှာဖြစ်တဲ့အတွက် ကုန်နည်းနည်းနဲ့သွားနေရတဲ့ ကားသမားတွေအတွက် အခက်တွေ့လာနိုင်တယ်၊ ကိုယ့်အတွက်မကိုက်ရင်တော့ ခဏရပ်ထားရမယ့် အနေအထားတောင်ရှိတယ်” ဟု မန္တလေးမြို့ခံ ကုန်တင်ယာဉ်ပိုင်ရှင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

Covid-19 ရောဂါပိုးသည် ဓာတ်ခွဲအဖြေအရ Negative ဖြစ်သော်လည်း လမ်းခရီးတွင် ပိုးရှိသူများထံမှ ထပ်မံကူးစက်ခံရနိုင်သည်ဖြစ်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ထုတ်ပေးမည့် ကျန်းမာရေးကောင်းမွန်ကြောင်း (Swab Negative Certificate) ထောက်ခံစာသည် ၇၂ နာရီအတွက်သာ အကျုံး၀င်မည်ဟု သတ်မှတ်ရခြင်းဖြစ်ကြောင်း MRCCI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များသည် Covid-19 ရောဂါပိုး(Negative) မရှိကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသော ထောက်ခံချက်ပါရှိမှသာ မောင်းနှင်သွားလာခွင့်ရရှိမည်ဖြစ်ပြီး ဆေးစစ်သည့်ကုန်ကျစရိတ်ကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာ၌ တာ၀န်ရှိသူများမှ ကျခံရမည်ဖြစ်ကြောင်း၊ ကားမောင်းနေစဉ် လေ၀င်/လေထွက် ကောင်းမွန်စေရေး ကားဘေးတံခါးမှန်များကို တတ်နိုင်သမျှ ဖွင့်၍မောင်းနှင်ရမည်ဖြစ်ကာ ကုန်ပစ္စည်းများ တင်ချသည့်အချိန်နှင့် မော်တော်ယာဉ်ရပ်နားချိန်တိုင်းတွင် အခြားကုန်တင်ယာဉ်မှ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ အခြားခရီးသွားများ၊ ဒေသခံများ၊ ကုန်တင်/ကုန်ချ အလုပ်သမားများ၊ လုပ်ငန်းရှင်များနှင့် နီးကပ်စွာတွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဝိုင်းဖွဲ့စားသောက်ခြင်းပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ရန်နှင့် Social Distancing ကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း MRCCI က အောက်တိုဘာ ၈ ရက် ညပိုင်းက ကြေညာချက် ထုတ်ပြန်သည်။

ကုန်တင်ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း လမ်းခရီးတွင် အခြားကုန်ပစ္စည်းနှင့် ခရီးသည်များ တင်ဆောင်မှုမရှိစေရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကြိုတင်မှာကြားထားရန်နှင့် လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူရန်၊ ကုန်တင်ယာဉ်များကို ကုန်ပစ္စည်းမတင်မီနှင့် ခရီးစဉ်ပြီးဆုံးတိုင်း ပိုးသတ်ဆေးဖျန်းခြင်းတို့ ဆောင်ရွက်ရန်၊ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာစဉ် မော်တော်ယာဉ်စက်ချွတ်ယွင်းပါကလည်းကောင်း၊ အရေးပေါ်ကျန်းမာရေးကိစ္စရပ်များ ပေါ်ပေါက်လာပါကလည်းကောင်း အခြားနေရာများသို့ ထွက်ခွာခြင်းမပြုဘဲ မြို့နယ် Covid-19 ကော်မတီများ၊ အဝေးပြေးကုန်တင်ကားအသင်းများနှင့်ဆက်သွယ်၍ မော်တော်ယာဉ်ပြုပြင်ခြင်းနှင့် ကျန်းမာရေးကုသမှု ခံယူခြင်းများ ဆောင်ရွက်ရန် စသည့်အချက်များကို အားလုံးလိုက်နာသွားရမည်ဖြစ်ကြောင်း MRCCI မှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here