ကိုရိုနာဗိုင်းရပ်စ်ကြောက်၍ အရှိန်လွန်မောင်းနှင်ခဲ့သော ယာဉ်မောင်း ဒဏ်ရိုက်ခံရ

243

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)သည် ကမ္ဘာကြီးကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိသလို လူသားများအနေဖြင့်လည်း နေအိမ်များအတွင်း မိသားစုဝင်အချင်းချင်းပင် စိုးရိမ်ထိတ်လန့်မှုအပြည့်ဖြင့် နေထိုင်နေရသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၀ ရက်အထိ ကမ္ဘာတစ်လွှား ရောဂါပိုးကူးစက်ခံရသူ ၂ ဒသမ ၄ သန်းကျော်ရှိသွားပြီဖြစ်သလို ၁၆၅,၁၇၄ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ ဥရောပတိုက်တွင်လည်း ရောဂါပိုးကူစက်ခံရသူအရေအတွက်နှင့် လူသေဆုံးမှုမှာလည်း တစ်နေ့ထက်တစ် နေ့ ပိုမိုမြင့်မားလာသည်ကို တွေ့ရသည်။

အီတလီ၊ စပိန်၊ ပြင်သစ်တို့ပြီးလျှင် ဧပြီ ၂၀ ရက်အထိ လူ ၁၆,၀၆၀ ဦးသေဆုံးကာ ဥရောပတိုက်၏ စတုတ္ထမြောက် လူသေဆုံးမှုအများဆုံးနိုင်ငံ ဗြိတိန်တွင် ယာဉ်မောင်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကိုကြောက်ရွံ့သောကြောင့် သတ်မှတ်မိုင်နှုန်းထက် နှစ်ဆခန့်ပိုမိုမောင်းနှင်ခဲ့ကြောင်း မက်ထရိုသတင်းစာက ဧပြီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ကိုဗင်ထရီမြို့သား အဆိုပါယာဉ်မောင်းသည် လန်ဒန်မြို့ရှိ M25 အဝေးပြေးလမ်းမပေါ်တွင် တစ်နာရီ မိုင် ၁၃၀ နှုန်းအထိ မောင်းနှင်ခဲ့သောကြောင့် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်း ခံခဲ့ရသည်။ M25 လမ်းမပေါ်တွင် သတ်မှတ်ထားသည့်မိုင်နှုန်းမှာ တစ်နာရီ မိုင်ခြောက်ဆယ်စွန်းစွန်းသာဖြစ်သော်လည်း အဆိုပါ အမျိုးသားက သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ရဲတပ်ဖွဲ့အနေဖြင့် သတ်မှတ်ထားသည့်မိုင်နှုန်းထက် လေးမိုင်နှုန်းကျော် မောင်းနှင်လျှင် အရေးယူလေ့မရှိဘဲ ခွင့်လွှတ်ပေးလေ့ရှိသည်။ သို့သော်လည်း ကိုဗင်ထရီမြို့သားယာဉ်မောင်း၏ သတ်မှတ်မိုင်နှုန်းထက် တစ်ဆကျော်ပိုမိုမောင်းနှင်မှုကို ခွင့်လွှတ်၍မရဘဲ ဒဏ်ငွေတပ်ရိုက်ခဲ့သည်။ ဧပြီ ၁၄ ရက်ကဖြစ်ပွားခဲ့သော အဆိုပါ အရှိန်လွန်မောင်းနှင်မှုတွင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းခဲ့သလဲဆိုသည့် တရားသူကြီး၏မေးခွန်းကို ကိုဗင် ထရီမြို့သား ယာဉ်မောင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမည်ကိုစိုးရွံ့၍ ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

“ကားကို အရှိန်တင်ပြီးမောင်းရင် ကိုရိုနာဗိုင်းရပ်စ်က ကိုယ့်ဆီကူးစက်ခံရဖို့ ရာခိုင်နှုန်းနည်းမယ်လို့ ထင်တာကြောင့် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းခဲ့တာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ သို့သော်လည်း ၎င်း၏ဖြေကြားချက်မှာ ယုတ္တိမတန် သောကြောင့် ဒဏ်ငွေ ၁၅ ပေါင်နှင့် တရားရုံးစရိတ်ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း မက်ထရိုသတင်းစာက ဖော်ပြသည်။
Ref: Metro

LEAVE A REPLY

Please enter your comment!
Please enter your name here