ကိုယ်ဝန်ဆောင်သိုးထိန်းခွေး   ၁၅ တန်  အလေးချိန်ရှိ ထွန်စက်ဘီးအောက်   ရောက်သွားသော်လည်း အသက်ဘေးမှ  လွတ်မြောက်ခဲ့

719

ကိုယ်ဝန်လွယ်ထားသည့်သိုးထိန်း ခွေးတစ်ကောင်သည် ၁၅ တန် အလေးချိန်ရှိ ထွန်စက်တစ်စီး၏ ကြီးမားသည့်ဘီးအောက် ရောက်သွားခဲ့သော်လည်း အောက်ခံမြေ ပြင်မှာ ပျော့ပျောင်းသည့် ရွှံ့မြေပြင် ဖြစ်နေသဖြင့် ကံကောင်း ထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

သုံးနှစ်သားအရွယ်သိုးထိန်း ခွေးမလေး Winnie သည် လုပ် ငန်းခွင်ဝင်နေသည့် ထွန်စက်အောက်၌ ယုန်တစ်ကောင်ကို လိုက်ဖမ်းရာ လေးပေကျယ်သည့် ထွန်စက်ဘီးအောက် ရောက်သွားခဲ့သော်လည်း အောက်ခံမြေသားမှာ ပျော့ပျောင်းသည့် ရွှံ့မြေဖြစ်၍ ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထွန်စက်ဘီးအောက်မှ လွတ်ထွက်လာခဲ့ပြီး နောက်မြေပြင်တွင် ခွေးသဏ္ဌာန်ချိုင့်ကြီး ကျန်ရစ်ခဲ့ပြီး အဆုတ်ပေါက်ထွက်သည့် ဒဏ်ရာနှင့် တင်ပါးဆုံရိုး ကျိုးသည့်ဒဏ်ရာရရှိခဲ့သည့် Winnie ကို ပိုင်ရှင်က တိရစ္ဆာန် ဆေးကုဆရာဝန်ထံ ချက်ချင်း ပို့ဆောင်ပေးခဲ့ကာ ငါးရက်ကြာ ကုသမှုခံယူခဲ့ရပြီး ကုသစရိတ် ပေါင်သုံးထောင် ကုန်ကျခဲ့သည်။ ထွန်စက်ဘီးဖြင့် ကြိတ်မိခဲ့သော်လည်း Winnie ၏ ကိုယ်ဝန်မှာ မထိခိုက်ခဲ့ဘဲ ဗိုက်ထဲမှ ခွေးလေးများအားလုံး ကြီးထွားရှင်သန်နေဆဲဖြစ်ကြောင်း သိရသည်။ အဂင်္လန်အနောက် မြောက်ဘက်၊ Dorest ဒေသရှိ ယောက်ဖဖြစ်သူ Ed Bowditch ၏ လယ်ကွင်းထဲတွင် အလုပ် လုပ်နေသည့် ခွေးပိုင်ရှင် Mr. Sibley က ” Winnie က ယုန် မမြင်ခင်အထိ အေးအေးဆေးဆေးပဲ၊ ယုန်လည်းမြင်ရော အတင်းပြေးလိုက်တာ Ed Bowditch မောင်းနေတဲ့ ထွန်စက်အောက် ရောက်သွားပါရော၊ ကျွန်တော်လှမ်းအော်ပေမဲ့ Ed က မကြားသလို မြင်လည်း မမြင်ဘူး၊ ထွန်စက်ဘီးကြီး တစ်ဘီးလုံးက Winnie ပေါ် ဖြတ်နင်းသွားတာ၊ ထွန်စက်ရဲ့ အနောက်ဝင်ရိုးဘီးတင် ခြောက်တန်လောက် လေးတယ်၊ ဘီး တစ်ဘီးရဲ့အကျယ်က နှစ်ပေနဲ့ အချင်းက လေးပေတောင်ရှိတော့ ကျွန်တော့် ခွေးတော့သေပြီ အောက်မေ့တာ၊ ဒါပေမဲ့ ဘီးအောက် ရောက်သွားတော့ လဲကျပြီး ပြန်ထလာတယ်၊ ၁ဝ ကိုက်လောက်အထိ ထပြေးတယ်၊ ပြီးတော့ လှဲနေပြီး ကျွန်တော့်ကို ဒဏ်ရာတွေနဲ့ စောင့်နေတာ၊ သွားကြည့်တော့ မြေပြင်မှာ သူ့ ကိုယ်ခန္ဓာအတိုင်း ချိုင့်ကြီးဖြစ်သွားတယ်၊ ဒီလိုပျော့ပျောင်းနေတဲ့မြေကြောင့် ရွှံ့ထဲနစ်ဝင်သွားပြီး သူအသက်ရှင်တာပေါ့” ဟု ပြောသည်။

 

Mr. Sibley နှင့် ညီမဖြစ်သူ တိရစ္ဆာန်ဆေးကုဆရာဝန် Pam Bowditch တို့က Winnie ကို ခွဲစိတ်မှုခံယူရန် ဆေးခန်းသို့ ခေါ်သွားခဲ့ပြီး ဘီး၏အားနှင့် အလေးချိန်ကြောင့် အဆုတ်ပေါက်ထွက်ခဲ့သည်ကို ဓာတ်မှန်တွင် မြင်တွေ့ခဲ့ကြရသည်။ အံ့အားသင့်ဖွယ်ရာ အသက်ရှင်နိုင်ခဲ့သည့် Winnie ကို ၁ဝ ရက်ခန့် စောင့်ကြည့်ခဲ့ပြီးနောက် Winnie ၏ ကိုယ်ဝန်မှာ ပုံမှန်အတိုင်း ဆက်လက် ကြီးထွားနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် Winnie သည် မီးဖွားရန် အနားယူနေကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here