ရန်ကုန်၊ ဇူလိုင် ၈
ယခု ပညာသင်နှစ်မှစတင်ကာ ကိုယ်ပိုင်ကျောင်း တည်ထောင်သူ များမှ ထောက်ခံချက်ပေးပါက ရန်ကုန်လိုင်စင်ဖြင့် ကျောင်းကား ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း YRTA မှ သိရသည်။
ကျောင်းကား စနစ်သစ်ကို ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှ စတင်ခဲ့ပြီး ယင်းစနစ်အောင်မြင်ရန် အတွက် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် အချက် ၁၂ ချက်နှင့် ကိုက်ညီသည့် ယာဉ်များနှင့် ကျောင်းကား ပြေးဆွဲနိုင်ရန်အတွက် ကျောင်းကား အဟောင်းများကို ရန်ကုန်လိုင်စင် ကျောင်းကားအသစ် များဖြင့် လဲလှယ် တင်သွင်းခွင့်ပြုခဲ့ သည်။ ယခုနှစ်တွင် ကျောင်းကား များ အလုံအလောက် ပြေးဆွဲနိုင်ရန် အတွက် ကိုယ်ပိုင်ကျောင်းများ၏ တည်ထောင်သူများမှ ထောက်ခံချက်ပေးပါက ရန်ကုန်လိုင်စင် ကျောင်းကားတင်သွင်းခွင့်ကို ထပ် တိုးခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
“School Bus စနစ်သစ်အတွက် ပထမနှစ်ဖြစ်တဲ့ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှာ လိုက်ထရပ် ကားတွေကို ပယ်ထုတ်ခဲ့တယ်၊ မနှစ်က ကျောင်းကားအဟောင်းတွေကို အပ်ပြီး ရန်ကုန်လိုင်စင်နဲ့ ကျောင်းကား တင်သွင်းခွင့်ပြုခဲ့တယ်၊ အခုဒီနှစ်မှာ ကိုယ်ပိုင် ကျောင်းတွေက ကျောင်းတည် ထောင်သူကထောက်ခံရင် ရန်ကုန်လိုင်စင် ကားတင်သွင်းခွင့် ပြုထားပါတယ်၊ ဒါက တဖြည်းဖြည်းနဲ့ အချက် ၁၂ ချက်နဲ့ညီတဲ့ လုံခြုံ စိတ်ချရတဲ့ အဝါရောင်ကျောင်းကား တွေအားလုံးဖြစ်ဖို့အတွက် ဘောင် ထဲဝင်အောင် လုပ်ဆောင်နေတာပါ၊ တဖြည်းဖြည်း ဖြစ်လာပါပြီ”ဟု YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
School Bus ကျောင်းကား စနစ်သစ်တွင် ပါဝင်ပြေးဆွဲမည့် ယာဉ်များအတွက် မှတ်ပုံတင်ရာ၌ စံနှုန်းသတ်မှတ်ချက် ၁၂ ချက်အ ဖြစ် (၁) ခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော Micro Bus/Mini Bus ယာဉ်များဖြစ်ရမည်၊ (၂) ထိုင်ခုံတိုင်းတွင် အသက်ကယ် ထိုင်ခုံ ခါးပတ်ပါရှိရမည်၊ (၃) ဘယ် မောင်းယာဉ်နှင့် ယာဉ်၏ညာဘက် တွင် အတက်/အဆင်းတံခါးပေါက် ပါရှိရမည်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ် တပ်ဆင်ရမည်၊ (၄)သူ နာပြုသေတ္တာပါရှိရမည်၊ (၅) ယာဉ် အတွင်း ဓာတုဗေဒ ပေါင်ဒါမှုန့် ခြောက် မီးသတ်ဆေးဘူး အနည်း ဆုံးနှစ်ဘူး ပါရှိရမည်၊ (၆)ယာဉ်၏ဆေးရောင်ကို အဝါရောင်သတ်မှတ် ၍ ယာဉ်၏ ရှေ့/နောက်တွင် School Bus စာလုံး ထင်ရှားစွာ ပါရှိရမည်၊ (၇) ကျောင်းအမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ယာဉ်၏ဘေးတွင် ရေးသားရမည်၊ (၈) ယာဉ်မောင်းသူသည် အနိမ့်ဆုံး (ဃ)လိုင်စင် ပါရှိရမည်၊ (၉) အမြန်နှုန်း တစ်နာရီ ကီလိုလေး ဆယ် (တစ်နာရီ ၂၅ မိုင်နှုန်း) ထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် ကန့်သတ်ထားရမည်၊ (၁ဝ) အငှား ယာဉ် (ကျောင်းကြို/ပို့လုပ်ငန်း သုံးယာဉ်)အဖြစ် ဆောင်ရွက်ရမည်၊ (၁၁) ကျောင်းသားများ အသက် ၁၂ နှစ်အထက်ဖြစ်ပါက လူကြီး ထိုင်ခုံ သတ်မှတ်ပေးရမည်၊ (၁၂)ကျောင်းသားများ အသက် ၁၂ နှစ် အောက်ဖြစ်ပါက မူလလူကြီးထိုင်ခုံ အရေအတွက် တစ်ဆခွဲထက် မပို ရသည့်အပြင် ထိုင်ခုံခါးပတ် အပြည့်အစုံ ပါရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားခြင်း ဖြစ်သည်။
ကြည်ပြာ