ကိုယ်ပိုင်ကား မစီးနိုင်သူ ဆင်းရဲသလား

1443

ကျွန်တော့်မှာ ကိုယ်ပိုင်ကားမရှိတာ တစ် နှစ်ကျော်ပြီဖြစ်သည်။ ကျွန်တော်သည် သငေ်္ဘာသားဘဝဖြင့် ကိုယ်တိုင်တင်သွင်းခဲ့ သည့် မော်တော်ကားတွေကို ရောင်းစားခဲ့ တာ ငါးစီးလောက်ရှိခဲ့သည်။ ၁၉၈၂ ခုနှစ် မှာ ဟိုင်းလတ်၊ လေးချိတ်၊ အာရ်အမ် ၄၅ ၁၉၈ဝ မိုဒယ်၊ ပိတုန်းစိမ်းရောင် မဲတဲလစ် ကာလာကို စတင်ရောင်းချခဲ့သည်။ ဝယ်သူက ရန်ကုန်ဆိပ်ကမ်းမှ မထုတ်ယူမီ ဝယ်ယူသွားတာဖြစ်သည်။ ကျပ် ၁၄ဝ,ဝဝဝ ဖြင့် ရောင်းလိုက်တာဖြစ်သည်။ အဲဒီကား ကို ရောင်းတဲ့အချိန်မှာ ကျွန်တော်က နိုင်ငံခြားမှာရှိနေသည်။ ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်က ဝယ်/ရောင်း ပွဲစားတွေနှင့် ချိတ်ဆက်ပြီး ရောင်းတာဖြစ်သည်။ စျေး မှန်ရသည်ဟု သိရသည်။ အမေရိကန်တစ် ဒေါ်လာကို မြန်မာငွေ ၄၅ ကျပ် ပေါက်စျေးရှိသည့် ကာလမှာ ဒေါ်လာ ၂,၈ဝဝ ပေးရ သည့် ကားကိုရောင်း တာ ကျပ် ၁၄ဝ,ဝဝဝ ရတာဖြစ်လို့ ကျပ်နှစ် သောင်းခွဲလောက် မြတ်သည်ဟု ပြောရ မည် ဖြစ်သည်။ အဲဒီ ပိုက်ဆံဖြင့် အခုနေသည့် အိမ်ကို ဝယ်တာ ကျပ် ၁၂ဝ,ဝဝဝ ပေးရသည်။ကား တစ်စီးရောင်းလို့ရသည့် ပိုက်ဆံဟာ အိမ် တစ်လုံးဝယ်ပြီး နှစ်သောင်းလောက် ပိုသေး သည့်ခေတ်ကို ဖြတ်သန်းခဲ့ဖူးသည်။

ကျွန်တော်တို့ သငေ်္ဘာသားဖြစ်သည့် ခေတ်ဦးပိုင်းက သငေ်္ဘာသားတွေ သုံးနှစ် မှ ကားတစ်စီးသာ သွင်းလို့ရသည့်ခေတ် ဖြစ်သည်။ သုံးနှစ်လျှင် တစ်စီးနှုန်းဖြင့် ကျွန် တော်တင်သွင်းခဲ့သည့် မော်တော်ကားတွေ က ဒိုင်နာထရပ် နှစ်တန်၊ ကိုရိုလာဆလွန်း ဖင်ထောင်၊ နီဆန်းဆန်နီပစ်ကပ်နှင့် တိုယို တာ ကိုရိုနာ ဆိုတာတွေကို မှတ်မိသည်။ ကျွန်တော့်ကားတွေကို ဝယ်ယူသွားသူတွေ ဖြစ်သည့် အေဝမ်းမောင်လှမျိုး၊ စာရေး ဆရာမ မြနှောင်းညို၊ ကင်းကွာစိဦးအောင်တို့ ကို မှတ်မိနေသည်။ နောက်ဆုံးရောင်းလိုက် သည့် တိုယိုတာ ကိုရိုနာဆလွန်းကားကို တော့ သငေ်္ဘာသားသူငယ်ချင်းက အပ်ကား အဖြစ်သုံးဖို့ ဝယ်ယူသွားခဲ့တာ ဖြစ်သည်။

သငေ်္ဘာမလိုက်တော့သည့်အခါ ကိုယ်ပိုင် ကားတစ်စီးဝယ်ချင်လို့ ဝယ်/ရောင်းပွဲစား တွေနှင့် ဆက်သွယ်ပြီး ကားရှာသည်။ မာဇဒါ ဒီမီယိုကားလေးတွေ့လို့ ကျပ်သိန်း တစ်ရာဖြင့် ဝယ်ယူလိုက်သည်။ မော်တော် ကားနှင့် ကျွန်တော် အကျိုးမပေးလို့ထင် သည်။ အပ်ကားအဖြစ် ဝယ်ယူသူကို သိန်း ခြောက်ဆယ်ဖြင့်ရောင်းလိုက်သည့် တိုယို တာ ကိုရိုနာကားသည် ကျွန်တော့်လက်က လွတ်သွားပြီး တစ်လလောက်အကြာမှာ သိန်းကိုးဆယ်ဖြစ်သွားသည်။ သိန်းတစ်ရာဖြင့်ဝယ်သည့် မာဇဒါ ဒီမီယိုကားလေးကို သုံးနှစ်စီးပြီး သိန်းတစ်ရာ ပြန်ရတာနဲ့ ရောင်းလိုက်မိသည်။ ကျွန်တော့်လက်က လွတ်ပြီး တစ်လ၊ နှစ် လလောက်အကြာမှာ အဲဒီကားသည် သိန်း ၁၂ဝ ဖြင့်ပင် ဝယ်မရဖြစ်သွားတော့သည်။ ကျွန်တော်သည် မော်တော်ကားနှင့် အကျိုး မပေးသူ ဖြစ်သည်။

မော်တော်ကားစျေးက တက်လာပြီး ပြန်မကျသည့်အတွက် ကားပြန်မဝယ်နိုင် ဖြစ်နေသည်။ အိမ်သုံးကားလေး တစ်စီး တောင် ပြန်မဝယ်နိုင်တော့သည့်အတွက် ကျွန်တော့်မိသားစုက ဘယ်လိုခံစားနေကြ ရသည်ကို မသိပါ။ ကျွန်တော်ကတော့ ဘာမျှမခံစားရပါ။ မော်တော်ကားရှိနေလျှင် အကြောင်းအမျိုးမျိုးကြောင့် မော်တော်ကား အတွက် ပူပန်နေရမည်၊ အကုန်အကျတွေ ရှိနေမည်၊ အလုပ်ရှုပ်နေမည်။ အခုတော့ အိမ်မှာကိုယ်ပိုင်ကားမရှိလို့ အလုပ်မရှုပ်၊ အကုန်အကျမရှိဘဲ သက်သာနေသည်။ အလှူအတန်းအပါအဝင် မင်္ဂလာဆောင်လို နေရာမျိုးတွေကို ဂုဏ်သိက္ခာရှိရှိသွားဖို့ ကားလေးတစ်စီးလောက်တော့ ရှိဖို့လို သည်ဟု တွေးမိသည့်အခါ မဝယ်နိုင်သေး သည့်အသိကြောင့် အားငယ်သွားမိသည်။ ငါ့အပေါင်းအသင်းတွေနှင့် ငါ့အသိုင်းအဝိုင်း ဟာ ကိုယ်ပိုင်ကား စီးနိုင်ကြတယ်။ ငါမစီး နိုင်တော့ပါလားလို့ တွေးမိလျှင် သိမ်ငယ် စိတ်ဖြစ်မိသေးသည်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ဘဝကို သမင်လည်ပြန် နောက်ပြန်ရစ် ကြည့်သည်။

ကျွန်တော်သည် လယ်သမား၊ ချောင်း သမား သားသမီးဖြစ်ခဲ့ရသည့်အတွက် ငယ်စဉ်က ဆင်းရဲခဲ့သည်။ ကျွန်တော့်ကို ဒုတိယကမ္ဘာစစ်အတွင်းကာလမှာ မွေးဖွား ခဲ့တာဖြစ်လို့ အန္တရာယ်တွေကြားမှာ ဆင်းဆင်းရဲရဲဖြင့် လူ့ဘဝထဲကို ရောက် ခဲ့တာဖြစ်သည်။ ကျွန်တော့်အဘိုး၊ အဘွား များ ချမ်းသာခဲ့ဖူးသည်။ ကျွန်တော့်ကို မွေးဖွားသည့်အချိန်မှာ ဆင်းရဲနေကြပြီ ဖြစ်သည်။ အဖေက ကိုယ်ပိုင်လယ်ကို လုပ်လို့ မိသားစုထမင်းမငတ် ခဲ့တာဖြစ်သည်။ စစ်ကြီးပြီး သွားလို့ မြန်မာနိုင်ငံလွတ် လပ်ရေး ရပြန်တော့ လည်း ကျွန်တော် တို့ ဒေသကို ရောင်စုံသူပုန် တွေအုပ်ချုပ် နေသဖြင့် အစိုးရ လက် လှမ်းမမီသည့် ဒေသဖြစ်ခဲ့ရသည်။ ကျောင်းနေရမည့်အချိန် မှာ ကျွန်တော် ကျောင်းမနေ ခဲ့ရလို့ ပညာမတတ်ဖြစ်ခဲ့ ရသည်။ သေစာ၊ ရှင်စာ လောက် ရေးတတ်အောင် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရွာဦးဘုန်းကြီးကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစား ပို့ထားတာ ခံလိုက်ရသည်။

ကျောင်းသားဘဝမှ ကိုရင်လေးဖြစ်သွား သည်။ ကိုရင်ကြီးဖြစ်လာသည်။ ကိုရင်ကြီး ဖြစ်လာပေမဲ့ ဘဝနဲ့ ဗီဇ စရိုက်တို့ သဟ ဇာတမကိုက်၊ လိုက်လျောညီထွေ မဖြစ်လို့ ရွာက ထွက်ခဲ့ရသည်။ ရွာကွမ်းတောင်ကိုင် ကိုပေးဖို့ ကိုရင်ဝတ်ဖြင့် ရည်းစားစာရေးနေ တာကို ဆရာတော် ဖမ်းမိသွားသည်။ ရှက် ပြီး ရွာကို စွန့်ခွာခဲ့ရသည်။ ၁၉၅၈ ခုနှစ်၊ ပြည်တော်သာခေတ်လို့ ခေါ်ကြသည့်ကာ လမှာ ရန်ကုန်မြို့ကို ရောက်လာခဲ့တာ ဖြစ် သည်။ ရန်ကုန်မြို့တွင်းမှာ ‘ကြိုက်တာယူပါ နှစ်ကျပ်ခွဲ၊ လာပါ ယူပါ နှစ်ကျပ်ခွဲ’လို့ စျေး အော်ရောင်းသည့် နှစ်ကျပ်ခွဲအော်သံနှင့် မြင်းလှည်းသမား၏ အော်ငေါက်မောင်းနှင် သံတို့ဖြင့် ရန်ကုန်မြို့ကြီး စည်ကားသော ခေတ်မှာ ရန်ကုန်မြို့ကို ရောက်လာခဲ့တာ ဖြစ်သည်။

ဆင်းရဲသား လယ်သမားမိသားစုက မွေးဖွားခဲ့သည့်ကိုရင်၊ ရန်ကုန်မြို့ကိုရောက် ပြီး အသက် ၁၈ နှစ်မှာ အင်္ဂလိပ်စာကို အေဘီစီက စသင်ယူသည်။ ၁၉၅၉ ခုနှစ်မှာ ပြည်တော်သာခေတ် အစိုးရစစ် ခုနစ်တန်းကို နှစ်ချင်းပေါက်အောင်သည်။ ကျောင်းဆရာ ဖြစ်နိုင်သည်။ မန္တလေးဆတ်ကျောင်းလို့ ခေါ်သည့် ရဲအရာရှိသင်တန်းကျောင်းတက် နိုင်သည်။ မေမြို့က ဗိုလ်သင်တန်းကျောင်း တတ်နိုင်သည်။ မတက်ခဲ့ဘဲ ၁ဝ တန်း အောင်ချင်လို့ စာမေးပွဲဆက်ဖြေသည်။ ၁၉၆ဝ ပြည့်နှစ်မှာ အက်စ်အယ်လ်စီလို့ခေါ် သည့် ကျောင်းထွက်လက်မှတ်ရရံုသာ အောင်သည်။ တက္ကသိုလ်တက်လို့မရ။ ဆက်ကြိုးစားသည်။ မအောင်နိုင်ဖြစ်နေ သည်။ ၁၉၆၃ ခုနှစ်မှာ ရေတပ်သား ဖြစ် သွားခဲ့ရသည်။ ခုနစ်တန်းအောင်တဲ့ အချိန် က ကျောင်းဆရာ ဝင်လုပ်လိုက်လျှင် အလယ်တန်းကျောင်းအုပ်ကြီး ဖြစ်နိုင် သည်။ ရဲအရာရှိသင်တန်း တက်ခဲ့လျှင် ရဲ ချုပ်တောင် ဖြစ်နိုင်သည်။ ဗိုလ်သင်တန်း တက်ခဲ့မည်ဆိုလျှင် ဗိုလ်ချုပ်ဖြစ်နိုင်သည်။ ရေတပ်ကို ဝင်လိုက်ရသည့်အတွက် တပ် ကြပ်အထိသာ ဖြစ်နိုင်ခဲ့တော့သည်။

ရေတပ်က အငြိမ်းစားယူပြီး မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ နိုင်ငံခြား သငေ်္ဘာ လိုက်ခဲ့သည်။ အရာရာရှားပါး သည့်ခေတ်ပျက်မှာ ဒေါ်လာဖြင့် လစာရ သည့် သငေ်္ဘာသားဖြစ်လို့ ဆယ်စုနှစ် နှစ်ခုစာကာလလောက် ချမ်းသာလိုက်သေး သည်။ မော်တော်ကားတွေနှင့်အတူ မော် တော်ဆိုင်ကယ်တွေ ဝယ်ပြီးပြန်ရောင်းနိုင် ခဲ့သေးသည်။ အဲဒီခေတ်က ဟွန်ဒါမော် တော်ဆိုင်ကယ်၊ ဇီးရောင်၊ ရွေအိုရောင်တွေ ကို ဝယ်ယူတင်သွင်းခဲ့သည်။ တစ်စီးကို အမေရိကန်ဒေါ်လာ ရှစ်ရာပေးရသည်။ မြန်မာပြည်မှာ ပြန်ရောင်းတာ ကျပ်နှစ် သောင်းခွဲရသည်။ တီဗီ၊ ဗီဒီယိုစက်တွေ ဝယ်ယူပြီးပြန်ရောင်းလို့ ချမ်းသာဖူးခဲ့သေး သည်။ ကိုယ့်အိမ်နဲ့၊ ကိုယ်ပိုင်ကားနဲ့၊ မယားမှာလည်း စိန်နားကပ်နဲ့ ဖြစ်ခဲ့သေး သည်။ အသက်ကြီးမှ သငေ်္ဘာသား ဖြစ် ခဲ့ရသူဖြစ်လို့ ကာလတိုတိုပဲ ချမ်းသာလိုက် သည်။ အသက်ကြီးလာလို့ နိုင်ငံခြား သငေ်္ဘာတွေက အလုပ်မခန့်တော့သည့်အခါ ရှိတာတွေ ထိုင်စားလိုက်တာ ၁ဝ နှစ် လောက်အကြာမှာ ရှိတာတွေကုန်သွားပြန် လေတော့သည်။ မိသားစုစီးဖို့ ဝယ်ထား သည့် အိမ်သုံးမော်တော်ကားကိုပါ ရောင်း စားလိုက်ရသည့်ဘဝ ဖြစ်သွားသည်။ ကား ရောင်းလို့ရသည့်ပိုက်ဆံနှင့် သင့်ရာတော် ရာ ကားတစ်စီးဝယ်မည်လို့ စဉ်းစားနေစဉ် မှာပဲ မော်တော်ကားစျေးက တက်သွားပြီး ပြန်မကျဖြစ်နေလို့ လိုက်မမီဖြစ်နေတော့ သည်။ လိုက်မမီတော့သည့်အပြင် စုထား သည့်ပိုက်ဆံက စားတဲ့အထဲ ပါပါသွားလို့ အထုပ်ကလေး ပိန်သွားခဲ့ေတာ့သည်။

ကိုယ်ပိုင်ကား မစီးနိုင်တော့သည့်အတွက် ငါဆင်းရဲသွားပြီလားလို့ တွေးနေမိ သည်။ နေစရာအိမ်ရှိသည်၊ ဝတ်စရာအ ဝတ်တွေရှိသည်၊ ဆင်မြန်းစရာ ရတနာ အသင့်အတင့်ရှိသည်၊ စားဖို့အတွက်က လည်း သားသမီးတို့ရဲ့ ဝန်ထမ်းလစာဝင် ငွေအပြင် ဟိုကဒီကရတာတွေနှင့် စား လောက်သည်။ ဒါဆိုလျှင် ငါဟာကိုယ်ပိုင် ကားမစီးနိုင်တာနဲ့ပဲ ဆင်းရဲပြီလား စဉ်းစား သည်။ ရုပ်ဝတ္ဃုပစ္စည်း ပေါများစွာပိုင်ဆိုင် သူကို ချမ်းသာသူလို့ခေါ်သလား။ အဝတ် တစ်ထည် ကိုယ်တစ်ခုသာ ပိုင်ဆိုင်သူကို ဆင်းရဲသူလို့ ခေါ်သလားဆိုတာကိုလည်း စဉ်းစားသည်။

ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းဆိုတာ ဘာလဲသိချင်လို့ ပိဋကတ်စာပေအပါအဝင် သုတရသစာပေတွေကို ရှာဖွေဖတ်ရှုသည်။ ‘အရိယာသူတော်ကောင်းတို့သည် ချမ်းသာ မှုကို မရှာ၊ ဆင်းရဲမှ လွတ်မြောက်မှုကိုသာ ရှာသည်’ ဆိုသည့် အဆိုအမိန့်တစ်ခုတွေ့ရ သည်။ ဒီအဆိုအမိန့်သည် ကျွန်တော့်လို သာမန်ပုထုဇဉ်အဖို့ သဘောပေါက်အောင် စဉ်းစားရတာ အတော်သိမ်မွေ့ဆန်းသစ်နေ သည်။ ဘုရား၊ ရဟန္တာတွေကိုပြောတာဖြစ် မည်လို့ တွေးမိသည်။ ဘဝမှာ အရေးကြီးဆုံး က စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း နှင့် ပြည့်စုံပြီး အသက်ရှည်ခြင်းသာဖြစ် သည် ဆိုတာကိုတော့ လက်ခံယုံကြည်ထား ပြီးဖြစ်သည်။ ကိုယ်ပိုင်ကားဝယ်မစီးနိုင်တာ လောက်နဲ့တော့ ဆင်းရဲနေပြီလို့ မထင်သင့် ဟုလည်း တွေးနေမိသည်။

အခါတစ်ပါး၊ မြတ်စွာဘုရားသည် အာဠဝီပြည်အနီးက တောအုပ်တစ်ခုအတွင်း မှာ သစ်ရွက်ခြောက်တွေကို ခင်းထိုင်ပြီး သမာပတ်ဝင်စားနေသည်။ အိမ်ရှေ့မင်းသား ဟတ္တဠာဝကသည် တစ်ပါးတည်းတောကစား ထွက်လာသည်။ မှက်၊ ခြင်နှင့် အသားစား သည့် သားရဲတိရစ္ဆာန်တွေပေါသည့် တော အုပ်ထဲမှာ မြတ်စွာဘုရာကို ဖူးတွေ့လိုက်ရ လို့ အံ့သြသွားသည်။ မှက်၊ ခြင်တို့သည် မြတ်စွာဘုရားကိုမကိုက်၊ တောခွေး၊ ကျား၊ ခြငေ်္သ့တို့သည်လည်း မြတ်စွာဘုရားအနီး ကို မလာကြဘဲ ကွင်းရှောင်သွားကြသည်။ မင်းသားသည် လေးမြားကိုချပြီး ဒူးတုပ် ထိုင်ချကာ ရှိခိုးဦးချကန်တော့လိုက်သည်။ မြတ်စွာဘုရား၏ မျက်နှာတော်ကို ဖူးမြော်နေ စဉ်မှာ မြတ်စွာဘုရားက သမာပတ်မှ နိုးထ တော်မူပြီး မျက်စိဖွင့်ကြည့်သည်။ မင်းသား က လက်အုပ်ချီလျက် မေးလျှောက်သည်။

‘‘ချမ်းသာစွာ သီတင်းသုံးရပါရဲ့လား ဘုရား’’
‘‘ချမ်းသာစွာ သီတင်းသုံးရသူတွေထဲ မှာ ငါဘုရားအပါအဝင်ဖြစ်တယ်မင်းသား’’
‘‘မှက်၊ ခြင်တွေကလည်း ပေါတယ်၊ ရာသီဥတုကလည်း အေးတယ်၊ မညီညာ တဲ့မြေပြင်မှာ သစ်ရွက်ခြောက်တွေကို ခင်း ပြီး ထိုင်နေတဲ့သူဟာ ချမ်းသာစွာ သီတင်း သုံးနိုင်ပါ့မလားဘုရား’’

‘‘လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣသာ၊ မစ္စရိယ၊ ကုက္ကုစ္စ ဆိုတဲ့ အကုသိုလ် စိတ်မီးတွေ ရင်ထဲမှာ တောက်လောင်နေသူ ဟာ လုံခြုံနွေးထွေးတဲ့အခန်းထဲက အိစက် ညက်ညောတဲ့ဖဲမွေ့ရာမှာ သီတင်းသုံးရသော် လည်း မချမ်းသာပါ၊ ငါဘုရားသည် ကိလေ သာအပူမီးတွေအားလုံးကို ငြှိမ်းသတ်ပြီးသူ ဖြစ်လို့ ဘယ်နေရာမှာမဆို ချမ်းသာစွာ သီ တင်းသုံးနိုင်ပါတယ် မင်းသား’’

‘‘သာဓု သာဓု သာဓုပါဘုရား’’

ဟတ္တာဠာဝက မင်းသားသည် ဦးသုံး ကြိမ်ချ ကန်တော့ပြီး အမဲမလိုက်တော့ဘဲ နန်းတော်ရှိရာ မြို့တော်သို့ ပြန်သွားလေ တော့သတည်း။

အဏ္ဏဝါစိုးမိုး

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here