ကိုဗစ်အကြောင်းပြုပြီး မထသတစ်ကျော့ပြန် မဖြစ်စေချင်လို

131

 

“ကိုဗစ်ကာလမှာ အားလုံးဒုက္ခရောက်ကြရတာပါ၊ ကျွန်တော်တို့ဆိုလည်း ကုမ္ပဏီက လစာအပြည့်မရသေးပါဘူး၊ အဲဒီလို အကုန်လုံးဒုက္ခ ရောက်နေတဲ့အချိန်မှာ YBS လူမရလို့ဆိုပြီး ယာဉ်စီးခပိုတောင်းတယ်၊ ကိုဗစ်စဖြစ်ပြီး ခရီးသည်တော်တော်ရှားတဲ့အချိန်မှာ တောင်းတာ လက်ခံခဲ့ပါတယ်၊ အခုခရီးသည်တွေလည်း အရင်ကထက်ပိုထွက်ပြီး သွားလာနေကြပါပြီ၊ ရုံးဆင်း၊ ရုံးတက်အချိန်ဆို ကားတွေမှာလည်း ခရီးသည်တွေ ပြည့်ကျပ်နေတာပါ၊ အခုထိ စပယ်ယာတွေက ယာဉ်စီးခပိုတောင်းနေတုန်းပါပဲ၊ စပယ်ယာတွေက မချေမငံပြောပြီး သူတို့ တွက်ခြေကိုက်အောင် ယာဉ်စီးခပိုတောင်းတာက မထသစနစ်နဲ့ပုံစံတူပါပဲ၊ ကျွန်တော်စီးတဲ့ လမ်းကြောင်းမှာက ပိုက်ဆံပုံးထဲတည့်ပြီး စီးရတဲ့ ကုမ္ပဏီကားတွေဆို ယာဉ်စီးခပုံသေပဲ စီးရတာစိတ်ချမ်းသာတယ်၊ အလုပ်အမီသွားရတဲ့ အခါတွေရှိတော့ တွေ့ရာစပယ်ယာပါတဲ့ကားတွေလည်း စီးရတာပဲ၊ အဲဒီ ကားတွေကတော့ ဒီကာလမှာ အမြဲယာဉ်စီးခ ပိုတောင်းတယ်၊ ကိုဗစ်စဖြစ်ကတည်းက ဒီရောဂါကို အကြောင်းပြုပြီး တချို့ယာဉ်လိုင်းတွေ မထသလို ပြန်ဖြစ်နေတာတွေကို သက်ဆိုင်ရာဌာနတွေက စိစစ်ပေးစေချင်ပါတယ်”ဟု ဆိုလာသူက နေ့စဉ် ရုံးတက်၊ ရုံးဆင်းဖို့ရာ YBS ယာဉ်လိုင်းကို အသုံးပြုသွားလာနေသူ ကုမ္ပဏီဝန် ထမ်း ကိုရဲခန့်ကျော် ဖြစ်ပါသည်။

လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် YBS ယာဉ်လိုင်းများအပေါ် သက် ဆိုင်ရာဌာနများက အရေးယူမှုများ အားနည်းခဲ့သည်။ ကိုဗစ်ကူးစက်မှု မြင့်တက်နေပြီး ခရီးသွားမရှိသလောက် နည်းပါးနေချိန်တွင် အရေးယူမှုများ ဖြေလျှော့ခဲ့ရာမှ စည်းကမ်းဖောက်ဖျက်မှုများ တစ်စတစ်စ ပိုများပြားလာခဲ့ခြင်းဖြစ်သည်။ ယခုအခါ စည်းကမ်းဖောက်ဖျက်မှုများကို ပြန်လည်အရေးယူခြင်း များ စတင်နေပြီဖြစ်ရာ တိုင်ကြားလာမှုများနှင့် စစ်ဆေး တွေ့ရှိမှုများသည် YRTA စာရင်းများအရ တစ်ဦးပိုင်ယာဉ်များက အများဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။

ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြရသည့် အခြေအနေတွင် အခက်အခဲကြားက စည်းကမ်းလိုက်နာခဲ့သည့် ယာဉ်လိုင်းကုမ္ပဏီများရှိသလို အချို့သောယာဉ်များ၏ စပယ်ယာပြန် လည်တင်ဆောင်လာခြင်း၊ ယာဉ်စီးခပိုတောင်းခံခြင်းများလည်း အများ အပြားရှိလာခဲ့သည်။ ထိုကဲ့သို့ စည်းကမ်းလိုက်နာမှု အားနည်းခြင်းသည် ကုမ္ပဏီစနစ်တစ်ခုတည်းအဖြစ် မထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့အစည်းက ဆိုသည်။ ထိုသို့ စည်းကမ်းဖောက်ဖျက်မှုများ ကို တစ်ပြေးညီ ထိန်းချုပ်နိုင်ရန်အတွက် YBS ယာဉ်အားလုံး ကုမ္ပဏီပိုင်ဖြစ်ရေး အဓိကထားဆောင်ရွက်ရန် လိုနေပြီဖြစ်သော်လည်း တစ်ဦးပိုင် ယာဉ်ပိုင်ရှင်များ၏ တောင်းဆိုမှုနှင့် အစိုးရဘက်က ဖြည့်ဆည်းပေးနိုင်သည့် အနေအထားခက်ခဲနေဆဲဖြစ်သလို ကိုဗစ်ရောဂါကြောင့် ယင်းအခြေအနေကိုလည်း ရပ်ဆိုင်းထားရဆဲဖြစ်သည်။ သို့သော် ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်နေမှုများသည့် မထသနှင့်အလားသဏ္ဌာန်တူနေ သည့်အတွက် စနစ်တကျ ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး အပြည့်အဝ အကောင်အထည်ဖော်နိုင်မည်လားဆိုသည်ကို စောင့်ကြည် ကြရမည် ဖြစ်သည်။

ယင်းသို့သော အခြေအနေများနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “စည်းကမ်းဖောက်ဖျက်မှုတွေရှိတယ်၊ ဒီကာလမှာ စပယ်ယာတွေပြန်ပြီး ခိုးတင်တာတို့၊ ပုတ်ပြတ်ကြေးအပြည့်ရဖို့အတွက် ယာဉ်စီးခပိုတောင်းတာတွေ ရှိနေတယ်၊ သူတို့ ဘက်ကလည်း ဒီအချိန်မှာယာဉ်ပြေးဆွဲလို့ အဆင်မပြေတာကြောင့် ဒီလို လုပ်ကြတာဆိုပေမဲ့ ဒီအတိုင်းဆို မထသစနစ်နဲ့ ထူးမခြားနား အခြေအနေတွေ ဖြစ်နေတယ်၊ ဒါကိုတော့ ပြန်ပြီးကြပ်ကြပ်မတ်မတ် ဆောင်ရွက်မယ်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ယာဉ်လိုင်းတစ်ခုချင်းစီကို ပြန်စိစစ်တာမျိုးလုပ်မယ်၊ အဓိကကတော့ YBS ကားတွေအားလုံး ကုမ္ပဏီကားဖြစ်ရေးဆောင်ရွက်ပြီး ကုမ္ပဏီစနစ်တစ်ခုတည်းနဲ့ စည်းကမ်း ထိန်းချုပ်နိုင်မှသာ စည်းကမ်းတကျနဲ့ YBS စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာပါ၊ အခုက ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် အဲ့ဒီအပိုင်းတွေက လုပ်လို့အဆင်မပြေသေးပါဘူး ဒီကာလမှာက အားလုံးအခက်အခဲဖြစ်နေတဲ့အတွက် လုပ်ရတာအရမ်းခက်ခဲပါတယ်”ဟု ပြောသည်။

YBS ယာဉ်လိုင်းအချို့တွင် စပယ်ယာများပါရှိလာခြင်း၊ ယာဉ်စီးခပိုမို တောင်းခံခြင်းသည် ယခုကာလတွင် ပိုမိုများပြားလာသလို YBS စနစ်သစ် စတင်သည့် အချိန်ကတည်းကပင် ယင်းသို့သော အခြေအနေများ ဒွန်တွဲ၍ ပါလာခဲ့ခြင်းပင်ဖြစ်သည်။ ယင်းအခြေအနေများကို ပပျောက်စေရန် YBS ယာဉ်လိုင်းအားလုံး ကုမ္ပဏီယာဉ်များဖြစ်ရေးသည်သာ တစ်ခုတည်း သော လိုအပ်ချက်ဖြစ်နေလေသည်။ YBS ယာဉ်လိုင်းထဲတွင် တစ်ဦးပိုင်ယာဉ်အစီးတစ်ထောင်ကျော် ရှိနေဆဲဖြစ်သည်။ ထိုယာဉ်များထဲမှ ၂၀ဝ၃ မိုဒယ်အောက်ယာဉ်များကို အို/ဟောင်းအပ်နှံ၍ လူစီးစလစ်ပေးသည့် စနစ်ဖြင့် အပ်နှံခွင့်ပြုထားသလို ကျန်ယာဉ်များကို ကုမ္ပဏီအမည်ပေါက် ပြောင်းလဲပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း ထိုအခြေအနေမှာ တစ်ဦးပိုင် ယာဉ်များအတွက် နစ်နာမှုများရှိနေသည့်အတွက် ယာဉ်ပိုင်ရှင်အများစုက လက်မခံနိုင်ဖြစ်ခဲ့ကြသည်။

“YBS ယာဉ်လိုင်းအတွင်းပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်တစ်ဦးက ကားကိုအပ်ပြီး စလစ်ထုတ်မယ်ဆိုရင် သိန်းတစ်ရာ ဝန်းကျင်လောက်ပဲရမယ်၊ ကျွန်တော်တို့ကားတွေက ဒီလောက်မကဘူး တန်တယ်လေ၊ နောက်ပြီး ကုမ္ပဏီအမည်ပေါက်ပြောင်းဆိုတာ အမြတ်ဘယ်လိုရမှာလဲ ဆိုတာလည်း မသိရဘူး၊ အခုက ဒီနေ့ကားဆွဲတဲ့ ပိုက်ဆံကို ဒီနေ့မြင်ရတယ်၊ ကုမ္ပဏီအမည်ပေါက်ပြောင်းပြီး ကုမ္ပဏီကပဲ စီမံခန့်ခွဲမယ်ဆိုရင် အစိုးရကဖြစ်ဖြစ်၊ ကုမ္ပဏီကဖြစ်ဖြစ် ရာဖြတ်တန်ဖိုး သတ်မှတ်ပြီးဝယ်လိုက် အဲ့ဒီရတဲ့ငွေကို ကုမ္ပဏီရှယ်ယာအဖြစ် အကုန်ထည့်တာမျိုး၊ တချို့တစ်ဝက်ပြန်ထည့်တာမျိုးဆိုရင် အဆင်ပြေမယ်၊ အဲဒီလိုလုပ်မယ်ဆိုရင် ဒီစနစ် စကတည်းက အစိုးရက ယာဉ်အသစ်တွေ တင်သွင်းမယ့်အစား ဒီကားတွေကို ဈေးဖြတ်ဝယ်ပြီး ပြောင်းလဲခဲ့သင့်တယ်၊ အစိုးရဘက်က ဘာမှလုပ်မပေးဘဲနဲ့ ပြောင်းလဲလို့တော့မရနိုင်ဘူး”ဟု တစ်ဦးချင်းပိုင် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

တစ်ဦးပိုင်ယာဉ်များကို ရာဖြတ်တန်ဖိုးဝယ်ယူရန် လတ်တလော အခြေအနေအထိ အစိုးရဘက်က ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသလို တစ်ဦး ပိုင်ယာဉ်များအနေဖြင့် ကုမ္ပဏီက ထိန်းချုပ်၍ စီမံခန့်ခွဲခြင်းကို လက်မခံနိုင်သလို နေ့စဉ်ဝင်ငွေရရှိရေးကိုသာ အလေးထားဆောင်ရွက်နေကြသည်။ YBS စနစ်သစ်အဖြစ် ပြောင်းလဲခဲ့သည်မှာ လေးနှစ်ကျော်ကာလသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယင်းသို့သော အခြေအနေများကြောင့် စနစ်သစ်ကို အပြည့်အဝအကောင်အထည် မဖော်နိုင်သေးပေ။ ထို့ကြောင့် မည်သို့သော ပြောင်းလဲမှုများဖြင့် မည်သည့်အချိန်တွင် YBS စနစ်သစ်ကို အပြည့်အဝအကောင်အထည် ဖော်နိုင်မည်ဆိုသည်ကို ဆက်၍စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here