ကိုဗစ်ကြောင့် ရန်ကုန်-ဒလ တံတားစီမံကိန်း ၂၀၂၃ ခုနှစ်မှသာ ပြီးစီးနိုင်မည်

477

 

ရန်ကုန်၊ ဒီဇင်ဘာ
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလတံတား) စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်နိုင်ရန် လျာထားခဲ့သော်လည်း လုပ်ငန်းခွင် အတွင်းပါဝင်သူအချို့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး လုပ်ငန်းများရပ် ဆိုင်းခဲ့ရသောကြောင့် ၂၀၂၃ ခုနှစ် မှသာ အပြီးတည်ဆောက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Covid-19 ရောဂါကြောင့် ဒလတံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ခြောက်လခန့်ရပ်နား ထားခဲ့ရပြီး အောက်တိုဘာလတွင်မှ လုပ်ငန်းများ ပြန်လည်စတင်နိုင် ခဲ့သည်။ လက်ရှိတွင် ဒလတံတား တစ်စင်းလုံး၏ ၂၁ ရာခိုင်နှုန်းသာ ပြီးစီးသည့်အတွက် မူလလျာထားသည့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်မည်မဟုတ်ကြောင်း သိရသည်။

“ဒလတံတား စီမံကိန်းကို ၂၀၂၀ မှာပြီးဖို့ လျာထားခဲ့ပေမဲ့ အခု အခြေအနေအရ ၂၀၂၃ မှပဲ ပြီးနိုင်မှာပါ၊ လုပ်ငန်းခွင်ထဲမှာ ပိုး တွေ့လို့ ခြောက်လဝန်းကျင်လောက် နားလိုက်ရတယ်၊ ဒီတံတားက နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ဖြစ်နေ တဲ့အတွက် စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် အထူးဂရုစိုက်ပြီး ဆောင်ရွက်နေကြရပါတယ်၊ လုပ်ဆောင် ရတဲ့အပိုင်းတွေကိုလည်း သေချာ တွက်ချက်ပြီး ဆောင်ရွက်ရတဲ့အတွက် ရပ်နားခဲ့ရတဲ့ အချိန်ကာလအတိုင်း ပြီးစီးတာလည်း နောက်ကျမှာပါ၊ အဲ့ဒါကြောင့်လည်း ၂၀၂၂ ခုနှစ်မှာ မပြီးနိုင်ပါဘူး၊ ၂၀၂၃ ခုနှစ်မှာပဲ ပြီးနိုင်မှာပါ”ဟု ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းရင်က ပြောသည်။

ဒလတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံ EDCF ချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး Cable Stayed Bridge အမျိုးအစားဖြစ်ကာ ဒလဘက်အခြမ်းမှ ဗိုလ်မင်းရောင်လမ်းနှင့် ရန်ကုန်ဘက် အခြမ်းမှ ဘုန်းကြီးလမ်းကို ဆက်သွယ်တည်ဆောက်ထားသော အရှည် ၆,၁၂၈ ပေရှိသည့် လေးလမ်းသွားတံတားဖြစ်သည်။ ချဉ်းကပ်တံတားမှာ ဒလဘက်ကမ်း၌ လေးလမ်းသွားဖြင့် နာရီစင်ကိုတည့်တည့်သွားမည်ဖြစ်သည်။ ရန်ကုန်ဘက်ကမ်းတွင် ဘုန်းကြီးလမ်းဘက်သို့ နှစ်လမ်းသွား၊ ကမ်းနားလမ်းအတိုင်း ဝါးတန်းလမ်းဘက်နှင့်ပန်းဆိုး တန်းဘက်သို့သွားမည့် တစ်လမ်းသွားလမ်းများအပါအဝင် တည်ဆောက်နေခြင်းဖြစ်သည်။
ကြည်ပြာ

photo-Ministry of Construction

LEAVE A REPLY

Please enter your comment!
Please enter your name here