ကိုဗစ်ကာလမှာ ခရီးသွားကြသည်

99

 

ကိုဗစ်ကာလမှာ ခရီးသွားသူတွေရှိသည်။ ကိုဗစ်ကာလဆိုတာ ကိုဗစ်-၁၉ လို့အမည်ပေးထားသည့် ကိုရိုနာအုပ်စုဝင် ဗိုင်းရပ်စ်ပိုးအလျင်အမြန်ကူး စက်ခံရလို့ အသက်ရှူလမ်းကြောင်းပိတ် အဆုတ်ရောင်ပြီး အသေမြန်သည့် ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်ပွားနေသည့်အချိန်ကာလကို ပြောတာဖြစ်သည်။ ဒီကာလမှာ ယာဉ်ရထားတွေ ရပ်နားထားကြလို့ ပြည်သူတွေ ခရီးမသွားကြသည့်ကာလဖြစ်သည်။ ဒီရောဂါဆိုးကြီးဖြစ်လာသည့်အခါ အဝေးပြေးဘတ်စ်ကားလိုင်းတွေအားလုံး ရပ်နားလိုက်ကြသည်။ ပြည်တွင်းရေကြောင်းသင်္ဘောတွေ၊ မော်တော်တွေမှာ ခရီးသည်တွေစုပုံကျပ် ညှပ်ပြီး တိုးဝှေ့လိုက်ပါကြပါက ရောဂါကူးစက်မည်စိုးလို့ ဆိပ်ကမ်းအာဏာပိုင်တွေက မော်တော်လိုင်းတွေကို ပိတ်လိုက်သည်။ ပြည်တွင်းလေကြောင်း လိုင်းတွေပါ ခေတ္တပိတ်လိုက်ရသည်။

ကိုဗစ်ကာလမှာ ပြည်သူတွေခရီးမသွားကြသလို ဖြစ်သွားသည်။ အဝေးပြေးဘတ်စ်ကားကြီးတွေ မထွက်ကြသည့်အခါ အရေးပေါ်မသွား မဖြစ်လို့ ခရီးသွားကြရမည့်သူတွေက ကိုယ်ပိုင်ကားဖြင့် ခရီးသွားကြသည်။ ကိုယ်ပိုင်ကားဖြင့်သွားသူအချို့သည် တိုးဂိတ်တွေကို ဖြတ်သန်းခွင့်ရကြ သော်လည်း တချို့ဒေသတွေက မြို့တွင်းကို အဝင်မခံလို့ လှည့်ပြန်မောင်း ခဲ့ကြရသူတွေတောင်ရှိသည်။ ဘုရင့်နောင်ပွဲရုံက ရခိုင်ဒေသ ကုန်စည်ပို့ဆောင်ရေးပွဲရုံပိုင်ရှင်မိသားစုသည် ပွဲရုံ ပိတ်ထားလိုက်ရသည့်အတွက် ရခိုင်ဒေသကို ခေတ္တပြန်ကြမည်ဆိုပြီး ကိုယ်ပိုင်ကားဖြင့် ခရီးသွားကြသည်။ ဧရာဝတီတိုင်းက မြို့ရွာတချို့ မြို့တွင်း၊ ရွာတွင်းကို အဝင်မခံလို့ လှည့်ပြန်ခဲ့ရသည်။ အဲဒီလိုတွေ ဖြစ်နေလို့ ကိုဗစ်ကာလမှာ ပြည်သူတွေ ခရီးမသွားဘဲနေကြသည်။ သို့သော် ကိုဗစ်ကာလမှာ ခရီး သွားကြသူတွေရှိသည်။

အော်တိုမိုဘိုင်းဂျာနယ်မှာ ကျွန်တော်နှင့်အတူ ရေးဖော်ရေး ဖက်စာရေးဆရာ၊ ဆရာချစ်နွေမိုးသည် ၁၇-၇-၂ဝ၂ဝ ရက်နေ့၊ နံနက်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်သာ ရှိသေးသည်ဟု သိရသည်။ ယဉ် ကျေးဖွယ်ရာစကားဖြစ်သည့် ကွယ် လွန်တယ်ဆိုတာ သေသွားတာဖြစ်သည်။ လူ့ဘဝဇာတ်သိမ်းသွားတာ ဖြစ်သည်။ ဆရာချစ်နွေမိုးသည် လူ့ဘဝကိုရောက်လာပြီး ၆၅ နှစ်အသက် ရှင်ပြီး နေထိုင်သွားခဲ့တာဖြစ်သည်။ ဆရာချစ်နွေမိုးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်လို့ ကွယ်လွန်တယ်ဆိုတာ ခရီးထွက်သွားတာ ဖြစ်သည်။ ဘယ်ကို သွားတာလဲလို့မေးလျှင် သံသရာခရီးကို ထွက်သွားတာပါလို့ ဖြေလျှင် မှန်ပါသည်။

ဆရာချစ်နွေမိုးသည် ရတနာသုံးပါးကို သက်ဝင်ယုံကြည်သည်။ ကံငါးပါးမြဲသည်။ သူခရီးဆက်သွားသည့် သံသရာခရီးက ကောင်းရာသုဂတိ ဘုံဘဝကိုရောက်မှာ အသေအချာပင်ဖြစ်သည်။ သံသရာခရီးက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုသည့် အပါယ်လေးဘုံကို မကျရောက် နိုင်သူဖြစ်သည်။ နတ်ပြည်ခြောက်ဘုံနှင့် ဗြဟ္မာဘုံ နှစ်ဆယ်ကို မရောက် နိုင်တာဖြစ်ကောင်းဖြစ်မည်။ လူ့ပြည်ကိုတော့ သေချာပေါက်ပြန်ရောက်နိုင် မည့် ပုဂ္ဂိုလ်ဖြစ်သည်။ မကွယ်လွန်မီက သူပြုလုပ်ခဲ့သည့် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကြောင့် လူ့ဘုံထက်မြင့်မြတ်သည့်ဘုံဘဝတွေကို ပင်ရောက်သွားနိုင်သူဖြစ်သည်။

ဆရာချစ်နွေမိုးကို အော်တိုမိုဘိုင်းဂျာနယ်စတင်ထွက်သည့်အချိန်မှ စပြီး သိကျွမ်းခဲ့သည်။ စာပေလောကကို ကျွန်တော့်ထက် များစွာစော ပြီးရောက်ခဲ့သည့်ဆရာဖြစ်သည်။ ကဗျာနှင့် စကားပြေနှစ်မျိုးစလုံးကို ရေးနိုင်သည့် စာရေးဆရာ၊ အယ်ဒီတာဖြစ်သည်။ ကျွန်တော်က စာပေလောကနှင့် လက်ပွန်းတတီးမရင်းနှီးသည့်အတွက် ဆရာချစ်နွေမိုးကို စောစောစီးစီး မသိခဲ့ခြင်းဖြစ်သည်။ သိကျွမ်းရင်းနှီးလာလို့ ဆရာ့အကြောင်းလေ့လာတော့မှ ဆရာသည် စာပေလောကမှာ ကျွန်တော့်ထက် သမ္ဘာရင့်၊ ဝါရင့်ဆရာဖြစ်တယ်ဆိုတာ သိခွင့်ရသည်။

ဆရာ့ကို စတင်တွေ့ဖူး၊ မြင်ဖူးသည့်အချိန်မှာ ဆရာ့ကလောင်နာမည်ကို မကြားဖူးသော်လည်း ဆရာ့စာတွေကို ဖတ်ကြည့်သည့်အခါမှာတော့ စာရေးသက်ရင့်တယ်ဆိုတာကို ရိပ်စားမိသည်။ ဆရာသည် သဘောကောင်းသည်။ ယဉ်ကျေးသည်။ ရန်မလိုတတ်။ မာနမရှိသည့် လက္ခဏာက သူ့မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။ တစ်ဖက်သားကို အား နာတတ်သည်လို့တောင် ပြောလို့ရသည်။

ကိုဗစ်ကာလမှာ ဆရာချစ်နွေမိုး ကွယ်လွန်သွားပါသည်။ သံသရာခရီးကို ဆက်ထွက်သွားတာဖြစ်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ မည်သူမဆိုသည် သံသရာခရီးကိုသွားမည်ဆိုပါက ဘယ်လိုယာဉ်ရထားကိုစီးပြီး ခရီးသွားမလဲ။ စီးရမည့်ယာဉ်သုံးမျိုးသာရှိသည်။ သံသရာ ခရီးသွားများစီးရမည့် ယာဉ်တွေသည် မော်တော်ကား၊ မီးရထား၊ မီး သင်္ဘော၊ လေယာဉ်ပျံတွေမဟုတ်။ မကွယ်လွန်မီဖြည့်ဆည်းခဲ့သည့် ပါရမီယာဉ်တွေကိုသာ စီးသွားရမည်ဖြစ်သည်။ ပါရမီယာဉ်တွေဆိုတာ ဒါနပါရမီ၊ သီလပါရမီ၊ ဘာဝနာပါရမီတွေဖြစ်သည်။ သံသရာခရီးမှာ ယူဆောင်သွားရမည့်ရိက္ခာတွေလို့လည်း ပြောကြသည်။ ဆရာချစ်နွေမိုးအတွက်ကတော့ ရိက္ခာ အပြည့်အစုံပါသွားသည်လို့ ယုံကြည်ပါသည်။

ကိုဗစ်ကာလမှာ သံသရာခရီးဆက်သွာကြသူတွေ ရှိသေးသည်။ ကျွန်တော်သိတာတွေကိုပဲ ပြောမည်။ ချစ်ခင်ရင်းနှီးသူတွေဖြစ်သည်။ ခင်မင်ရုံသာမက တစ်စုံတစ်ရာပတ်သက်ခဲ့သူတွေဖြစ်သည်။ ဆရာချစ်နွေမိုးကတော့ အော်တိုမိုဘိုင်းဂျာနယ်၏ ရေးဖော်ရေးဖက်ဖြစ်လို့ အတိုင်းအတာတစ်ခုအထိ ပတ်သက်ရင်းနှီးခဲ့ရသည့်ဆရာဖြစ်သည်။

၁၃-၇-၂ဝ၂ဝ ရက်နေ့မှာ နိုင်ငံကျော်လူရွင်တော် ဦးမန်းဝင်းကွယ်လွန်သည်။ ကိုဗစ်ကာလဖြစ်လို့ သူလည်း ကိုဗစ်ကာလမှာ သံသရာခရီး ထွက်သွားသူဖြစ်သည်။ လူရွင်တော်ကိုမန်းဝင်းသည် ဇာတ်သဘင်၊ ရုပ် ရှင်သရုပ်ဆောင်သာဖြစ်လို့ ကျွန်တော်နှင့် ပတ်သက်စရာအကြောင်းမရှိလို့ ထင်စရာရှိသည်။ မှန်၏။ သို့သော် ကြံကြံဖန်ဖန်ဆုံဖို့ဖြစ်လာတာက စာပေဟောပြောပွဲနှင့် ဇာတ်ပွဲကို တစ်ညတည်းပြုလုပ်သည့်ရွာတစ်ရွာမှာ အတူနွဲခဲ့ကြရတာဖြစ်သည်။

ကျုံမငေးမြို့နယ် ထီးဝဖလံဆိုသည့် ကရင်ရွာကြီးက အလှူပွဲကြီးမှာ ကျွန်တော်နှင့် ဆရာကြီးမင်းယုဝေက ညဦးပိုင်းစာပေဟောသည်။ ကိုမန်းဝင်းကလည်း ဂျပန်ပြန်မန်းဝင်းမိသားစုသဘင်ဆိုသည့်နာမည်ဖြင့် စတိတ်ရှိုး၊ ပြဇာတ်၊ ပြက်လုံးတွေနှင့် ဖျော်ဖြေကြသည့်ပွဲကြီးမှာ ဆုံဖူးကြလို့ ခင်သွားခဲ့တာဖြစ်သည်။ ကိုမန်းဝင်းသည် သဘင်နှင့် ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။ နာမည်ကြီး၊ နိုင်ငံကျော်၊ ပြည်သူချစ်အနုပညာရှင်ဖြစ်သည်။ ကိုဗစ်ကာလမှာ ကွယ်လွန်သည်။ သဘင်ပညာရှင်၊ ရုပ်ရှင်သရုပ် ဆောင်ကိုမန်းဝင်း သံသရာခရီးထွက်သွားပြီဖြစ်သည်။

၂၇-၆-၂ဝ၂ဝ ရက်နေ့မှာ နိုင်ငံကျော်စာရေးဆရာ၊ ဆရာနွမ်ဂျာ သိုင်းကွယ်လွန်သည်။ လုံးချင်းဝတ္ထုတုလောကမှာ ကာလတစ်ခုကို လွမ်းမိုးခဲ့ဖူးသည့်ဆရာဖြစ်သည်။ ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်အပါအဝင် လုံးချင်းဝတ္ထုတုပေါင်းများစွာ ရေးခဲ့သည့်ဆရာဖြစ်သည်။ သူ့ဝတ္ထုတွေကို ရုပ်ရှင်ရိုက်ခဲ့သည်။ သူကိုယ်တိုင်လည်း သရုပ်ဆောင် သင်တန်းက သင်တန်းဆရာဖြစ်သည်။ ဆရာနွမ်ဂျာသိုင်းနှင့် ကျွန်တော် ၂ဝဝ၄ ခုနှစ်ရောက်မှ စတင်တွေ့မြင်ဖူးတာဖြစ်သည်။ ဆရာကတော့ ကျွန်တော့်ကို နာမည်ပင်မကြားဖူးဘူးလို့ ယူဆရသည်။ ကျောက်ပန်းတောင်းပွဲမှာ အတူတွဲဟောကြရတာဖြစ်သည်။

ကျောက်ပန်းတောင်းမြို့က မြို့နယ်ခန်းမကြီးမှာ ဆရာနေဝင်းမြင့်၊ ဆရာဆူးငှက်၊ ဆရာမောင်သာချို၊ ဆရာနွမ်ဂျာသိုင်းနှင့် ကျွန်တော်တို့ ညလုံးပေါက်ဟောခဲ့ကြသည့်ပွဲကြီးဖြစ်သည်။ စာပေသမ္ဘာမရှိ၊ ဝါမရှိ သည့်ကျွန်တော်က ရှေ့ထွက်ဟောသည်။ စင်ပေါ်တက်ကာစဖြစ်လို့ ရင်တုန်ပန်းတုန်ဟောခဲ့သည့်ပွဲဖြစ်သည်။ ရန်ကုန်ကိုပြန်လာကြတော့ ကား ပေါ်မှာ ဆရာနွမ်ဂျာသိုင်းက ကျွန်တော့်ကိုပြောသည်။

“ဆရာက ကျွန်တော် ရှေ့ကဟောပါရစေလို့ပြောတော့ ဆရာ့ကို ကျွန်တော်အတော် မြင်ပြင်းကတ်သွားတယ်ဗျ၊ ဆရာ့နာမည်ကို ကျွန်တော်မကြားဖူးဘူး၊ ရှေ့ထွက်ဆိုတာ အဟောအပြောကောင်းသူကို ထွက်ခိုင်းရတာ၊ ဆရာဟောတော့မှ မဆိုးဘူး၊ တော်ပါသေးရဲ့လို့ စိတ်ဖြေလိုက်ရတယ်”

ကျွန်တော်က ဇာတ်သဘင်လိုထင်ပြီး ညံ့သည့် ကျွန်တော်က ရှေ့က ထွက်ပြီး ချိုမိုင်မိုင်လုပ်ပါရစေလို့ ခွင့်တောင်းခဲ့မိတာ ဖြစ်သည်။ ရှေ့ထွက်ဟောတာ အဟောအပြော ကောင်းသူသာဆိုတာကို ကျွန်တော် တကယ်မသိခဲ့သည့်အချိန်က ဖြစ်သည်။ ဆရာနှင့် ခင်မင်သွားကြပြီး စာပေဟောပြောပွဲပေါင်း ၃၁ ပွဲ တွဲဟောခဲ့ပါသည်။ ကိုဗစ်ကာလမှာ ဆရာနွမ်ဂျာသိုင်း သံသရာ ခရီးထွက်သွားခဲ့ပါသည်။ လူတော်လူကောင်းဖြစ်လို့ ကောင်းရာမွန်ရာ ဘုံဘဝရောက်မှာ သေချာပါသည်။

၁၅-၅-၂ဝ၂ဝ ရက်နေ့၊ ညနေမှာ စာဆိုတေးရှင်ဂီတာ ဖေဝင်းကွယ်လွန်သည်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကာလကို ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လကစပြီး သတ်မှတ်ထားတာဖြစ်လို့ ဂီတာဖေဝင်းကွယ်လွန်သည့်ကာလသည် လော့ခ်ဒေါင်းချထားသည့် အလွန်တင်းကြပ်သည့် ကာလဖြစ်သည်။ မြို့သူ၊ မြို့သားတွေအားလုံး ဟုမ်းစတေးနေကြရသည့် ကာလဖြစ်သည်။ ဒီအချိန်မှာမှ ဂီတာဖေဝင်းက ကွယ်လွန်သည်။ ဂီတာဖေဝင်းလည်း သံသရာခရီးထွက်သွားတာဖြစ်သည်။

ဂီတာဖေဝင်းနှင့် ကျွန်တော်၏ ခင်မင်ရင်းနှီးမှုအစဉ်အလာက ကြီးမားသည်။ ရခိုင်ဒေသက ဂွမြို့နယ်ရှိ တောရွာတစ်ရွာစီမှာ မွေးဖွားခဲ့ကြသည်။ ကျွန်တော့်အောက် ငါးနှစ်မျှအသက်ငယ်သည်။ ငယ်စဉ်က မိမိတို့ဒေသမှာ အတူကြီးပြင်းခဲ့ကြသည်။ ရန်ကုန်မြို့ကို ရှေ့ဆင်နောက်ဆင့် ရောက်ခဲ့ကြသည်။ ရေတပ်ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဝင်ခဲ့ကြသည်။ အတူထွက်ခဲ့ကြသည်။ နိုင်ငံခြားသင်္ဘောအတူလိုက်ခဲ့ကြသည်။ သင်္ဘော သားဘဝက အတူနားခဲ့ကြသည်။ စာပေဟောပြောပွဲပေါင်းများစွာ အတူ ဟောခဲ့ကြသည်။

ဂီတာဖေဝင်းသည် ဂီတပညာရှင်ဖြစ်သည်။ တေးရေး၊ တေးဆို နိုင်ငံကျော်ဖြစ်သည်။ မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါသီချင်းအပါအဝင် တေးသီချင်းပေါင်းများစွာကို ရေးစပ်ခဲ့သူဖြစ်သည်။ ကိုယ်တိုင်သီဆိုခဲ့သူဖြစ်သည်။ အသက်ခုနစ်ဆယ်ကျော်မှာ ဘဝကိုအဆုံးသတ်ပြီး သံသရာခရီး ထွက်ခွာသွားခဲ့သည်။ ဘဝတစ်လျှောက်လုံး ရိုးရှင်းစွာနေထိုင်သွားခဲ့သည်။ မမှန်တာမလုပ်၊ မဟုတ်တာမပြော၊ ပျော်ပျော်နေသွားခဲ့သူဖြစ်သည်။

ကိုဗစ်ကာလမှာ သံသရာခရီးထွက်သွားကြသည့် ဆရာချစ်နွေမိုး အပါအဝင် ခင်မင်ရင်းနှီးသူတို့၏ နောက်ဆုံးခရီးတွေကို လိုက်ပါပို့ဆောင် ခွင့်မရဖြစ်ခဲ့ပါသည်။ ကောင်းရာသုဂတိဘုံဘဝကို ရောက်ကြပါစေလို့သာ မေတ္တာပို့အမျှဝေလိုက်ရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here