ကားအောက်ပိုင်းနှင့် စတီယာရင်တုန်ခါမှု ပြသာနာများ

620

မော်တော်ကားတစ်စီးတွင် ကားသုံးစွဲမှု အချိန်ကာလနှင့် သွားရောက်ခဲ့သော ခရီးအကွာအဝေးမိုင်များလာလျှင် အောက်ပိုင်းစနစ် ပစ္စည်းအစိတ်အပိုင်းများ၌ ချွတ်ယွင်းချက်များရှိလာမည်။ လမ်းအဆောင့်ဒဏ်များကို သက်သာစေရန်နှင့် ကားစီးရာတွင် အဆင်ပြေချောမွေ့စေရန် အောက်ပိုင်းစနစ် အစိတ်အပိုင်းများက စွမ်းဆောင်ပေးသည်။ ပွန်းစားမှုများကြောင့် ချောင်နေသော အစိတ်အပိုင်းများမှ ထူးခြားသောမြည်သံထွက်မည်၊ တုန်ခါမှုများ ဖြစ်ပေါ်လာမည်။ ထိုကဲ့သို့ မြည်သံနှင့် တုန်ခါမှုများကို စစ်ဆေး၍ လိုအပ်သလို ပြန်လည်ပြုပြင်ပေးမှသာ သင့်ကားသည် အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ပေးနိုင်ပြီး ဘေးကင်းလုံခြုံမှု(Safety) ရရှိမည် ဖြစ်သည်။

အောက်ပိုင်း မြည်သံများနှင့် တုန်ခါမှုများသည် အခြေအနေအမျိုးမျိုးအပေါ်တွင် မူတည်၍ ဖြစ်ပေါ်သည်။

– အင်ဂျင် လည်ပတ်နှုန်း အနှေး/အမြန်အပေါ်မူတည်၍ ဖြစ်ပေါ်ခြင်း၊

– မော်တော်ယာဉ်၏အမြန်နှုန်း အနည်း/အများအပေါ်မူတည်၍ ဖြစ်ပေါ်ခြင်း၊

– မော်တော်ယာဉ် အရှိန်စတင်ချိန်နှင့် ဘရိတ်ဖမ်းချိန်တို့တွင် ဖြစ်ပေါ်ခြင်း၊

– ရံဖန်ရံခါ အသံမြည်ခြင်း၊ တုန်ခါခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

အင်ဂျင်လည်ပတ်နှုန်း(Rpm) အနှေး/အမြန် အပေါ်မူတည်၍ တုန်ခါမှုအသံများ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများစွာရှိသည်။ အင်ဂျင်မောင်းတိန်းအထိုင် ရော်ဘာတုံးမကောင်းခြင်း၊ ပန်ကာကြိုးများ ချောင်နေခြင်း၊ Aircon Compressor နှင့် Alternator အထိုင်ချထားသော Bolt-Nut များ ချောင်နေခြင်း၊ အိပ်ဇောပိုက်နှင့် မန်နီဖို့ ပိုက်အဆက်များ ချောင်နေခြင်း၊ စတီယာရင် အဆက်များ ချောင်နေခြင်း၊ အောက်ပိုင်း တိုက်ရော့၊ ဘောလ်ဂျွိုင်းများ ချောင်နေခြင်း၊ စားနေခြင်း ရှိ/မရှိ စစ်ဆေးပါ။ ကားရပ်နား၍ အင်ဂျင်ခန်းအတွင်းမှ အစိတ်အပိုင်းများကို မျက်မြင် စစ်ဆေးပါ၊ Bolt Nut အထိုင်များ တင်းကျပ်မှု ရှိ/မရှိ စစ်ဆေးပါ၊ ရော်ဘာမောင်းတိန်းအခြေအနေများ စစ်ဆေးပါ။

အင်ဂျင်လည်ပတ်နှုန်း(Rpm) အမျိုးမျိုး ပြောင်းလဲတိုင်း အင်ဂျင်ဘလောက်တုံးတစ်ခုလုံး ဆွဲခါသကဲ့သို့ တုန်ခါမှုဖြစ်ရခြင်းမှာ အင်ဂျင်မီးတိုင်မင် မမှန်၍လည်း ဖြစ်နိုင်သည်။ ဆီပို့စနစ်၊ မီးပေးစနစ်များ မှန်ကန်မှုမရှိလျှင် အင်ဂျင်လည်ပတ်မှု မမှန်တော့ဘဲ တုန်ခါလာမည်။ တုန်ခါမှုကြမ်းလျှင် ကားကိုယ်ထည်ပါလိုက်၍ ခါယမ်းသွားနိုင်သည်။ အင်ဂျင်မီးပေးမမှန်မှုကြောင့် တုန်ခါမှုမျိုးသည် အင်ဂျင်စွမ်းဆောင်မှုကိုပါ ကျဆင်းစေသဖြင့် ကျွမ်းကျင်သော ကားဝပ်ရှော့တွင်ပြသ၍ အပြစ်ရှာ ပြုပြင်ရမည်။ အောက်ပိုင်းနှင့် စတီယာရင်အထူးပြုပြင်သော အချို့ဝပ်ရှော့များသည် အင်ဂျင်အပိုင်းကို လုံးဝမကိုင်ပါ။

အင်ဂျင်လည်ပတ်နှုန်းနှင့် ဆက်နွှယ်နေသော တုန်ခါမှုပြဿနာများ ဖြစ်စေသည့် အကြောင်းရင်းများကို အကျဉ်းဖော်ပြရလျှင်-

– အင်ဂျင်မောင်းတိန်း၊ ဂီယာဘောက်စ်မောင်းတိန်း မကောင်းခြင်း။

– မောင်းတိန်းအထိုင် ဘရက်ကတ်(Bracket) များ ကျိုးနေခြင်း၊ အထိုင် နတ်(Nut) ချောင်နေခြင်း။

– အင်ဂျင်မီးပေးစနစ် မမှန်ခြင်း(Misfire) ။

– အအေးခံပန်ကာ ကလပ်/Electric Fan ပျက်စီးနေခြင်း။

– ပန်ကာကြိုး စားနေခြင်း၊ ချောင်နေခြင်း။

– ပါဝါစတီယာရင်စနစ် မကောင်းခြင်း။

– Auto Gear စနစ်မှ Torque Converter Bolt အထိုင်များ ချောင်နေခြင်း၊ လွတ်နေခြင်း။

– Aircon Compressor နှင့် Alternator အထိုင်များ ချောင်နေခြင်း တို့ကြောင့် ဖြစ်နိုင်သည်။

မော်တော်ယာဉ် အနှေး/အမြန် ပြောင်းလဲတိုင်း ဆူညံသံနှင့် တုန်ခါမှုများ ဖြစ်ပေါ်ခြင်းကို အပြစ်ရှာဖွေရန် လှုပ်ရှားနေသော ကားအစိတ်အပိုင်းများကို ကြည့်ရှုစစ်ဆေးရမည်။ မည်သည့်နေရာမှ အသံမြည်သည်။ တုန်ခါမှုသည် ရှေ့ပိုင်းကလား၊ ကားနောက်ပိုင်းကလား ရှာဖွေရမည်။

ကားမောင်းနှင်ရွေ့လျားနေစဉ် လည်ပတ်နေသော အစိတ်အပိုင်းများရှိသည်။ ကားတာယာဘီးများ၊ ဟတ်ဘောလ်များ၊ Driveshaft များ၊ ဒူးဆစ်များ၊ ဂျွိုင်းဘောလ်များသည် လည်ပတ်လှုပ်ရှားနေသော အစိတ်အပိုင်းများဖြစ်သည်။ ထိုအစိတ်အပိုင်းများ ပွန်းစားပြီး ချောင်လာပါက အထိုင်မမှန်တော့ဘဲ မြန်နှုန်းမြင့်လည်ပတ်လျှင် တုန်ခါခြင်း၊ အသံမြည် ခြင်းများ ဖြစ်လာနိုင်သည်။

ခရီးဝေးကားမောင်းလျှင် အမြန်နှုန်းသည် တစ်နာရီ ကီလိုမီတာ ရှစ်ဆယ်မှ ၁၂ဝ အထိ မောင်းကြသည်။ ကားဘီးတာယာများသည် သာမန်အားဖြင့် စက်ရုံထုတ်ဖြစ်၍ ညီညာနေမည်ဟု ထင်စရာရှိသည်။ ဒစ်ဝှီး ဘီးခွေပေါ်တွင် တာယာတပ်ဆင်လိုက်ပါက တစ်ဖက်သို့ လိုက်သွားပြီး Balance မညီညာခြင်းမျိုး ဖြစ်နိုင်သည်။ ဒစ်ဝှီးခွေများသည် စက်ဝိုင်းပုံ ညီညာသည်ဟု ဆိုသော်လည်း အနည်းငယ် ဘဲဥလိုက်ခြင်း(Out of Round) မျိုးလည်း ဖြစ်နိုင်သည်။ ဒစ်ဝှီးနှင့် တာယာလုံးပြီးပါက Balance ပြန်ချိန်ရမည်။ Balance မချိန်ထားသော တာယာဘီးတစ်လုံးသည် Highway တွင် မြန်နှုန်းမြင့် မောင်းပါက သေချာပေါက် တုန်ခါလာမည်။ တုန်ခါမှုများလျှင် ဟတ်ဘောလ်နှင့် ဒူးဆစ်များ ပျက်စီးစေနိုင်သည်။ စတီယာရင် ထိန်းရခက်ခဲစေသည်။

ပန်းသားပွန်းစား၍ မညီသောတာယာ၊ ဒစ်ဝှီးလိမ်ပြီး တာယာပါ လိမ်ဖယ်နေသော ကားဘီးများသည် မြန်နှုန်းမြင့်လာလျှင် အသံမြည်၍ တုန်ခါမှု ဖြစ်သည်။ စတီယာရင်အဆက်များနှင့် အောက်ပိုင်းတိုက်ရော့ ဘောလ် ဂျွိုင်းများ ချောင်နေလျှင်လည်း တာယာဘီးများ တုန်ခါတတ်သည်။ တာယာဘီးများ အလိုင်းမန့် မမှန်လျှင် တုန်ခါတတ်သည်။

ကားအောက်ပိုင်း စနစ်များ၊ စတီယာရင် ထိန်းကျောင်းစနစ်များ မှန်ကန်ကောင်းမွန်ပြီး တာယာဘီးများပါ အားလုံးပြည့်စုံအောင် ကောင်းမွန်နေမှသာလျှင် မြန်နှုန်းမြင့်မောင်းနှင်ရာ၌ အသံမမြည်ဘဲ တည်တည်ငြိမ်ငြိမ် ကားမောင်းကောင်းပါမည်။ Drivershaft ဂျွိုင်းဘောလ်၊ ဒူးဆစ် နှင့် ခါးဆွဲဘောလ်များသည်လည်း အမြဲလှုပ်ရှားလည်ပတ်နေသောအစိတ်အပိုင်းများ ဖြစ်သည်။

အမဲဆီငတ်ပြီး ရေနှင့် ရွှံ့၊ သဲများ ဝင်ရောက်ပါက ယင်းအစိတ်အပိုင်းများ ပျက်စီးနိုင်ပါသည်။ အများဆုံးဖြစ်လေ့ရှိသော ချွတ်ယွင်းမှုမှာ ဂျွိုင်း ရှပ်-အဆစ်များမှ(Universal Cross Bearing) ဂျွိုင်းဘောလ်နှင့် ဂျွိုင်းနတ်များ ဖြစ်သည်။ ခါးဆွဲရော်ဘာတုံးမောင်းတိန်းနှင့် ကရောင်းဂီယာအုံတို့ကိုပါ ထိခိုက်စေနိုင်သော တုန်ခါမှုဖြစ်စေသည်။ အမြန်ဆုံး စစ်ဆေးအစား ထိုးလဲလှယ်သင့်သည်။ မော်တော်ယာဉ် အမြန်နှုန်း(Speed) မြင့်တက်လာလျှင် တုန်ခါမှုနှင့် မြည်သံများ ဖြစ်စေသော အကြောင်းရင်းအကျဉ်းကိုဖော်ပြရလျှင်

– တာယာနှင့် ဒစ်ဝှီး Balance အောက်နေခြင်း၊ မမှန်ခြင်း။

– ဒစ်ဝှီးဘီးခွေ လိမ်နေခြင်း၊ ဘဲဥလိုက်နေခြင်း။

– ဂျွိုင်းရှပ် Balance မမှန်ခြင်း။

– ဂျွိုင်းဘောလ်နှင့် ဂျွိုင်းဖလန်းနတ်များ ချောင်နေခြင်း။

– ဂျွိုင်းရှပ်ကောက်နေခြင်း။

– ဒူးဆစ်နှင့်Hub ဘောလ်များ စား၍ ချောင်နေခြင်း။

– အိပ်ဇောပိုက်လိုင်းစနစ်များ အထိုင်မမှန်၍ တုန်ခါနေခြင်း။

– ကားအောက်ပိုင်းစနစ်များ စား၍ ချောင်နေခြင်း။

– စတီယာရင်၊ တိုက်ရော့ဂေါ်လီသီးများ စား၍ အလွတ်ကစားနေခြင်း။

– ကားအောက်ပိုင်းအလိုင်းမန့် မမှန်ခြင်း။

– ရှော့အက်ဇောဘားအထိုင်များ၊ ရော်ဘာဘွတ်များ စားနေခြင်းတို့ဖြစ်သည်

ရုတ်တရက် လီဗာနင်း၍ ကားအရှိန်မြှင့်ခြင်းနှင့် ဘရိတ်ဖမ်း၍ ထိုးရပ်ချိန်များတွင် အသံမျိုးစုံ ထွက်ပေါ်လာခြင်းမှာ ကားအောက်ပိုင်း Suspension စနစ်မှ အစိတ်အပိုင်းများစား၍ ချောင်နေခြင်း၊ ချွတ်ယွင်းပျက်စီးနေခြင်းများကြောင့် အများဆုံးဖြစ်နိုင်သည်။

ကားအောက်ပိုင်းမှ ထိန်းချုပ်တန်း ဘွတ်ချ်များ၊ ဘောလ်ဂျွိုင်းများ၊ အထိုင်နတ်များ၊ ရှော့အက်ဇောဘားများ စစ်ဆေးပါ။ ရုတ်တရက် ကား အရှိန်တင်လိုက်ပါက ဆူညံသံထွက်သော အခြားအကြောင်းတစ်မျိုးမှာ Transmmision နှင့် Drivertrain လိုင်းတွင် အပြစ်အနာအဆာ အမှားတစ်ခုခုရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။Manual Gear သုံးသောကားများတွင် ကလပ်အုံအတွင်း၌ အပြစ်တစ်ခုခုရှိနိုင်သည်။ Auto ဂီယာများတွင် Torque Converter အထိုင်၌ ချွတ်ယွင်းချက်ရှိနိုင်သည်။

ဂျွိုင်းရှပ်၊ ဂျွိုင်းဘောလ်နှင့် ကရောင်းပီနီယမ်သုံးသော နောက်ဆွဲကားများတွင် ရုတ်တရက် အရှိန်မြှင့်တင်တိုင်း မြည်သံထွက်ပါက Drive-Train တွင်ရှိသော အစိတ်အပိုင်းများ ပွန်းစားနေခြင်း၊ ချောင်နေခြင်း တစ်ခုခုကြောင့် ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ၊ လမ်းအခြေအနေအမျိုးမျိုးတွင် ရွေ့လျားသွားလာနေရသောကားများသည် အောက်ပိုင်း Suspension စနစ်နှင့် စတီယာရင်ထိန်းကျောင်းစနစ်များ ချွတ်ယွင်းအားနည်းလာပါက အသံမြည်ခြင်း၊ တုန်ခါခြင်းနှင့် မောင်းနှင်၍ မကောင်းခြင်း စသော ရှေ့ပြေးလက္ခဏာများ ပြလာမည်။ ကားတစ်စီး၏ မူမမှန်သော လက္ခဏာများသည် ရောဂါ အပြစ်ရှာဖွေရန်အတွက် သဲလွန်စများ ဖြစ်သည်။ ရှေ့ပြေးမူမမှန်သော လက္ခဏာများဖြစ်ပေါ်လာလျှင် ပေါ့ပေါ့ဆဆမနေပါနှင့်။ အမြန်ဆုံးစစ်ဆေးပြီး ပြုပြင်နိုင်လျှင် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်ပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here