သြစတြေးလျနိုင်ငံ တောင်ပိုင်း၊Adeiaide မြို့တွင် ဆီဒန်ကား တစ်စီးသည် မောင်းနှင်နေရာမှ အရှိန်မထိန်းနိုင်ဘဲ Mercedes Benz ကားအရောင်းပြခန်းထဲ ဝင်တိုးမိခဲ့ကြောင်း စီစီတီဗွီမှတ်တမ်းမှတစ်ဆင့် သိရသည်ဟု အောက်တိုဘာ ၁၀ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၀ ရက်၊ ဒေသစံတော်ချိန် နံနက်တစ်နာရီ ခွဲ အချိန်ခန့်က Adeiaide မြို့ရှိ Unley လမ်းမပေါ်တွင် မောင်းနှင်လာသည့် အပြာရောင်ဆီဒန် ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ Mercedes-Benz ကား အရောင်းပြခန်းတစ်ခု၏ မှန်တံခါး ကို ဝင်တိုက်မိရာ ပြခန်းထဲ ရပ်နားပြသထားသော ဒေါ်လာ ငါးသိန်း တန်ဖိုးရှိ Mercedes-Benz ကားသုံးစီးအား ဝင်တိုက် မိလုနီးနီး ဖြစ်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၆ နှစ်အရွယ်ရှိ ဆီဒန်ကားမောင်းသူသည် ကား ပြခန်းမှန်တံခါးအား ဝင်တိုက်မိ ပြီးနောက် ကားထဲကထွက်လာ သည်ကို စီစီတီဗွီမှတ်တမ်းအရ တွေ့မြင်ရသည်ဟု အဆိုပါကား ပြခန်းမန်နေဂျာ Drew Ford က ဆိုသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ အသေးစားဒဏ်ရာများ ရရှိထားသည့် အတွက် ဆေးရုံသို့ ပို့ဆောင်ပေးထားကြသည်။
အခင်းဖြစ်ပွားရာသို့ အရေးပေါ် ကယ်ဆယ်ရေးသမားများ ရောက်ရှိလာပြီး တိုက်မိထားသည့်ကားကို ဆွဲထုတ်ကာ ကားအရောင်းပြခန်းထဲရှိ အပျက်အစီးများအား ရှင်းထုတ်ပေးခဲ့ကြသည်။ ”အခုလိုဖြစ်ခဲ့တဲ့ အတွက် ကျွန်တော်တို့ဘက်က ငွေကြေးအရဆုံးရှုံးပြီး လုပ်ငန်းကိုလည်း အတော်လေးထိခိုက် စေပါတယ်” ဟု အရောင်းပြခန်း မန်နေဂျာ Drew Ford က စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ ရဲတပ်ဖွဲ့က လိုအပ်သည့်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး ယာဉ်မောင်းသူ၏ အယ်လ်ကိုဟောပမာဏနှင့် သွေးစစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းနေသည့်အတွက် လတ်တလော တွင် အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ရသေးဟု သိရသည်။
Ref : Daily Mail