ကားအရောင်းအဝယ်များအေးစက်သွားခြင်းနှင့်အတူ စလစ်စျေးလည်း ကျပ်သိန်း ၁ဝဝ အထိကျဆင်းသွား

1206

ရန်ကုန်၊မတ်

ယခုရက်ပိုင်းအတွင်းကားအရောင်းအဝယ်များ အေးစက်သွားခြင်းနှင့်အတူ စလစ်စျေးများလည်း ကျဆင်းသွားကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

YVQC စနစ်ဖြင့်ရန်ကုန်လိုင်စင်ကားတင်သွင်းခွင့် မူဝါဒမှာ မတ်လကုန်ထိတိုင်အောင် ထွက်ပေါ်မလာသေးသလို လာမည့်နှစ်အတွက် အခွန်ကောက်ဥပေဒတွင်လည်း ဝင်ငွေခွန်များ လျော့ချမပေးသဖြင့် မတ်လတစ်လလုံး ကားအရောင်းအဝယ်များအေးစက်နေကာ စလစ်စျေးများလည်း ကျဆင်းသွားကြောင်းသိရသည်။

”ဒီရက်ပိုင်းမှာ ကားအရောင်းအဝယ်တွေအေးစက်နေတဲ့အတွက် စလစ်စျေးလည်းပြိုဆင်းသွားပါတယ်။ရန်ကုန်လိုင်စင်သကတမ်းနှစ် ၂ဝ လူစီးစလစ်ဆိုရင်ကျပ် သိန်း ၁ဝဝ အထိကျဆင်းသွားတယ်၊ စျေးကွက်အေးနေတဲ့အပြင် လာမယ့်နှစ်ကစပြီး ယာဉ်အိုယာဉ်ဟောင်းအစားထိုးစနစ်မရှိတော့ဘူးလို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက်လည်း အပ်ကားတွေကို ရောင်းချင်တဲ့သူတွေကများလာတယ်၊အရင်ကဆိုရင် အဝယ်လိုက်ပေမယ့် အပ်ကားရှားတယ်၊အခုချိန် မှာတော့ အဝယ်နည်းပြီးရောင်းမယ့်အပ်ကားကများနေတယ်၊ စလစ်စျေးကျသွားသလို ကားစျေးတွေလည်းကျသွားပေမယ့် အဝယ်မရှိဘူးဖြစ်နေတယ်၊ပြီးခဲ့သည့်နှစ်တုန်းက လျှောက်ထားတဲ့ပါမစ်တွေကိုလည်း ရတဲ့စျေးနဲ့ထုတ်ရောင်းလာတာတွေ့ရပါတယ်၊Toyota Axio ဆိုရင် အရင်လတွေကသိန်း ၂၅ဝ လောက်ရောင်းခဲ့တာကနေ အခုစျေးကပြီး သိန်း ၂၁ဝ နဲ့ ရောင်းတာတောင် အဝယ်မရှိဘူး ဖြစ်နေတယ်”ဟု RIXS Group မှ မန်နေးဂျင်းဒါရိုက်တာကိုအောင်မျိုးသူကဆိုသည်။

မတ်လကားစျေးကွက်အခြေအနေက သိသိသာသာအေးစက်နေသဖြင့် စလစ်စျေးများလည်းပြို ဆင်းသွားကာ ရန်ကုန်လိုင်စင်သက် တမ်း နှစ် ၂ဝ စလစ်သည်ကျပ် သိန်း ၁ဝဝ ဝန်းကျင်၊နယ်လိုင်စင် သက်တမ်းနှစ် ၂ဝ စလစ်သည် သိန်း ၈ဝ ဝန်းကျင်၊ရန်ကုန်လိုင်စင် တိုက်ကြေစလစ်သည် ၈၅ သိန်း ဝန်းကျင်အထိ ကျဆင်းသွားကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

ကိုရဲ

 

LEAVE A REPLY

Please enter your comment!
Please enter your name here