ကားအရောင်းပြခန်းများနှင့် ကားအရောင်းစင်တာများအတွက် Consignment စနစ်ဖြင့် လအလိုက် ခွင့်ပြုပေးမည့်အစီးရေကို ယခင်နှစ်များက သတ်မှတ်ထားသည့်အရေအတွက်အတိုင်း  ခွင့်ပြုပေးမည်

941

ရန်ကုန်၊ ဇန်နဝါရီ

ကားအရောင်းပြခန်းများနှင့် ကားအရောင်းစင်တာများအတွက် Consignment စနစ်ဖြင့် လအလိုက် ခွင့်ပြုပေးမည့် အစီးရေကို ယခင်နှစ်များက သတ်မှတ်ထားသည့် အရေအတွက်အတိုင်း ခွင့်ပြုပေး မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

ယခုနှစ်အတွက် ကားအရောင်းစင်တာများမှ Consignment ပါမစ်ဖြင့် ကားတင်သွင်းခွင့်ကို စလစ်ကပ်ပါမစ်ဖြင့် ဇန်နဝါရီလတွင် အစီး ၁၅ဝ၊ ဖေဖော်ဝါရီ ၁၃၅ စီး၊ မတ်လတွင် ၁၂၁ စီး၊ ဧပြီလ တွင် ၁ဝ၉ စီး၊ မေလတွင် ၉၈ စီး၊ ဇွန်လတွင် ၈၈ စီး၊ ဇူလိုင်လတွင် ၇၉ စီး၊သြဂုတ်လတွင် ၇၁ စီး၊စက်တင်ဘာလတွင် ၆၄ စီး၊ အောက်တိုဘာလတွင် ၅၈ စီး၊ နိုဝင်ဘာလတွင် ၅၂ စီး၊ ဒီဇင်ဘာလတွင် အစီး နှစ်ဆယ် ခွင့်ပြုပေးမည်ဖြစ်ပြီး ဖရီးပါမစ်ကားများ အတွက် လစဉ်အစီး ငါးဆယ်သတ်မှတ်ထားကြောင်း သိရသည်။

 

ကားအရောင်းပြခန်းများအတွက် ကားတင်သွင်းခွင့်ကို ဇန်န ဝါရီလတွင် အစီးသုံးရာ၊ ဖေဖော်ဝါရီလတွင် အစီး ၂၇ဝ ၊ မတ်လတွင် ၂၄၃ စီး၊ ဧပြီလတွင် ၂၁၈ စီး၊ မေလတွင် ၁၉၆ စီး၊ ဇွန်လတွင် ၁၇၇ စီး၊ ဇူလိုင်လတွင် ၁၅၉ စီး၊ သြဂုတ်လတွင် ၁၄၃ စီး၊ စက်တင်ဘာလတွင် ၁၂၉ စီး၊ အောက်တိုဘာလတွင် ၁၁၆ စီး၊ နိုဝင်ဘာလတွင် ၁ဝ၄ စီးနှင့် ဒီဇင်ဘာလတွင် အစီးတစ်ရာ ခွင့်ပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

 

”ဒီနှစ်ထဲမှာ ပါမစ်လျှောက်တာ သိသိသာသာ နည်းသွားပါတယ်၊ တစ်ဦးချင်းပါမစ်ဆိုရင် စလစ်ကပ်ပြီး လျှောက်တဲ့ပါမစ်သုံးစောင်ပဲ ရှိပါတယ်၊ အရောင်းပြခန်း၊ အရောင်းစင်တာတွေက အပ်ကုန်စနစ်နဲ့ သွင်းထားတဲ့ ကားတွေအတွက် ဝယ်ယူခွင့်ပါမစ်လျှောက်တာကတော့ အစီး ၅၈ဝ ကျော် ရှိပါတယ်။ Consignment နဲ့ တင် သွင်းမယ့် ကားအရေအတွက်ကို နှစ်စကနေ လအလိုက် တဖြည်းဖြည်း လျှော့ချသွားမှာ ဖြစ်ပါတယ်။ အစီးရေ သတ်မှတ်ချက်ကို မနှစ်ကလိုပဲ သတ်မှတ်ထားပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ယခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်လျှောက်ထားမှုကို ဇန်နဝါရီ ၂ ရက်မှစ၍ ခွင့်ပြုပေးခဲ့သော်လည်း တစ်ဦးချင်း စလစ်ကပ်ဖြင့် ပါမစ်လျှောက်ထားသည့် သုံးစောင်သာရှိကြောင်း သိရသည်။ ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်းများမှ တင်သွင်းထားသော Consignment ကားများအတွက် ဝယ်ယူခွင့်လျှောက်ထားရာတွင် ကားအရောင်းစင် တာများမှ ၁၂၂ စီး၊ အရောင်း ပြခန်းများမှ ၄၆၇ စီး လျှောက်ထားခဲ့ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here