ကားအရောင်းစင်တာများကို မြေပြင်စစ်ဆေးရာတွင် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် အရောင်းစင်တာ သုံးဆယ်ကျော်ကို အရေးယူရန် ကြီး/ကော်ထံ တင်ပြထား

546

ရန်ကုန်၊ ဇွန်

ကားအရောင်းစင်တာများကို မြေပြင်စစ်ဆေးရာတွင် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် အရောင်းစင်တာ သုံးဆယ်ကျော်ကို အရေးယူရန် ကြီး/ကော်ထံ တင်ပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကားအရောင်းစင်တာများကို မြေပြင်စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း အရောင်းစင်တာ ၁၈၃ ခုထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသော အရောင်းစင်တာ ငါးဆယ်ကျော်ကို အရေးယူဆောင်ရွက်ခဲ့သည်။ ယခုနှစ်တွင်လည်း ကားတင်သွင်းရောင်းချခွင့် ပြုထားသည့် ကားအရောင်းစင်တာ ၁၃၂ ခုတွင် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော အရောင်းစင်တာ သုံးဆယ်ကျော်ကို စစ်ဆေးတွေ့ရှိခဲ့၍ အရေးယူရန် ကြီး/ကော်ထံ တင်ပြထားကြောင်း သိရသည်။

”အရောင်းစင်တာတွေကို မြေပြင်စစ်ဆေးတဲ့အခါမှာ ပြီးခဲ့တဲ့နှစ်က သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့ အရောင်းစင်တာငါးဆယ်ကျော် တွေ့ရှိခဲ့ပါတယ်၊ ဒီထဲက တချို့ကို By Force နဲ့ လုပ်ငန်းပိတ်သိမ်းခိုင်းခဲ့ပါတယ်၊ ဒီနှစ်ထဲမှာလည်း ခွင့်ပြုပေးထားတဲ့ အရောင်းစင်တာ ၁၃၂ ခုထဲမှာ သုံးဆယ်ကျော်က စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကွဲလွဲနေတဲ့အတွက် အရေးယူဖို့ ကြီး/ကော်ကို တင်ပြထားပါတယ်၊ နောက်ပြီး ကားအရောင်းစင်တာတချို့ကလည်း လက်ရှိ စီးပွားရေးအခြေအနေနဲ့ မကိုက်တော့တဲ့အတွက် လုပ်ငန်းပိတ်သိမ်းဖို့ လျှောက်ထားတာတွေလည်း ရှိပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကားအရောင်းစင်တာများကို မြေပြင်စစ်ဆေးခဲ့ရာတွင် အများစုမှာ လိုင်စင်လျှောက်ထားခဲ့စဉ်က ဖော်ပြခဲ့သည့်နေရာ၌ မရှိတော့ခြင်း၊ သိုလှောင်ရုံများ မရှိတော့ခြင်းများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here