ကားသစ်ဈေးကွက်နှင့်အတူ သီးနှံပေါ်ချိန်ဖြစ်၍ တဖြည်းဖြည်း အရောင်းအ၀ယ် ပိုကောင်းလာသည့် လုပ်ငန်းသုံးကားဈေးကွက်

367
Page(Test)

ရန်ကုန်အ၀ယ်နှင့် နယ်အ၀ယ်မျှနေသော်လည်း ဈေးကွက်အကြိုက် ညာမောင်းကားများထဲတွင် ကျပ်သိန်း နှစ်ရာအောက်ကားများသာ အရောင်းအ၀ယ်ဖြစ်ပြီး အမြင့်ကားဈေးကွက်မှာ ဆက်၍အေးနေသည်။ အ၀ယ်များက နံပါတ်ထွက်ပြီးသား ကျပ်သိန်း နှစ်ရာ၀န်းကျင် ဂျပန်ညာမောင်းကားများ ဖြစ်သည့် Toyota Vitz ၊ Honda Fit ၊ Toyota Belta ၊ Toyota Probox စသည့် ၁၃၀၀ စီစီကားများကိုသာ အဓိကထား ၀ယ်ယူနေကြသည်။ ၁၃၀၀ စီစီကားများ အရောင်းအ၀ယ် ကောင်းလာခြင်းနှင့်အတူ ၆၆၀ စီစီ လုပ်ငန်းသုံး ပစ်ကပ်ကားများလည်း အ၀ယ်လိုက်နေသည်။ ကားသစ်ဈေးကွက်တွင် CBU ဖြင့် တင်သွင်းသော Brand များထဲမှ Toyota ၊ Nissan ၊ GAC ၊ Peugeot ၊ Mitsubishi စသည့် Brand များမှာ အရောင်းအ၀ယ်ကောင်းသည်ဆိုသော်လည်း ရန်ကုန်လိုင်စင်မရရှိခြင်းကြောင်း နယ်အ၀ယ်များကို စောင့်မျှော်ပြီး ရောင်းနေရသည်။ ပြည်တွင်းထုတ်ကားများမှာမူ ရန်ကုန်လိုင်စင်ရရှိသည့် အားသာချက်နှင့် ဈေးနှုန်းသင့်တင့်မှုတို့ကြောင့် ကားသစ်ဈေးကွက်တွင် ေ၀စုပိုရနေသည်။

”ဒီရက်ပိုင်းမှာ ဈေးကွက်အကြိုက် ညာမောင်းကားတွေမှာ ရန်ကုန်ရော၊ နယ်ရော အ၀ယ်ဆင်းပေမဲ့ အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ၊ ဈေးတန်းအရဆိုရင် ကျပ်သိန်း နှစ်ရာအောက်တွေ အရောင်းအ၀ယ် ဖြစ်တယ်၊ နောက်ပြီး အရစ်ကျစနစ်နဲ့ ခုနစ်နှစ်အထိ ၀ယ်ယူလို့ရတဲ့ Suzuki Swift ၊ Suzuki Ciaz ၊ Suzuki Ertiga စတဲ့ ကားတွေလည်း အရောင်းအ၀ယ် ဖြစ်ပါတယ်၊ အမြင့်ကားဈေးကွက်ကတော့ လတ်တလောမှာ အရောင်းအ၀ယ် အေးနေပါတယ်၊ ဒီအချိန်မှာ မူ၀ါဒအရ ကားသစ်တစ်စီးကို တင်သွင်းမယ်ဆိုရင် မိုဒယ်မြင့်ဘယ်မောင်းပဲ တင်သွင်းရမှာဖြစ်တဲ့အတွက် ဈေးကွက်အခြေအနေက Brand New ကားတွေနဲ့ အလဲအထပ်စီးတဲ့သူ ပိုများလာလို့ ရောင်းကားထွက်တာ ပိုများလာပါတယ်၊ အ၀ယ်ကတော့ ၀ယ်ရောင်း ပြန်ကောက်တာတွေတောင် တဖြည်းဖြည်း ရှားလာပါတယ်၊ ကားသစ်တွေကတော့ CBU ပဲဖြစ်ဖြစ်၊ SKD ပဲဖြစ်ဖြစ် အ၀ယ် ရှိပါ တယ်”ဟု ‘MMM Car Sale Center’မှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

လက်ရှိ ကားဈေးကွက်အတွင်း နံပါတ်ထွက်ပြီးသား ညာမောင်းကားများမှာ ဈေးကွက်၀ယ်လိုအား များနေပြီး Toyota Vitz ၂၀၁၁ မိုဒယ်ကို ကျပ် ၁၈၃ သိန်း၀န်းကျင်၊ Toyota Probox ၂၀၀၇၊ ၂၀၀၈ မိုဒယ်ကို ကျပ် ၁၆၅ သိန်း၀န်းကျင်၊ Honda Fit ၂၀၀၈ မိုဒယ်(မှန်မည်း)ကို ကျပ် သိန်း ၁၉၀ ၀န်းကျင်တွင် အရောင်းအ၀ယ် ဖြစ်နေသည်။ အမြင့်ကားထဲမှ Toyota Crown ၂၀၀၄ မိုဒယ်ကို ကျပ်သိန်း လေးရာ၀န်းကျင်၊ Honda CRV ၂၀၀၆ မိုဒယ်ကို ကျပ်သိန်း လေးရာ၀န်းကျင်၊ Toyota Kluger ၂၀၀၆ မိုဒယ်ကို ကျပ်သိန်း ငါးရာ၀န်းကျင်၊ Toyota Alphard ၂၀၀၄ မိုဒယ်ကို ကျပ်သိန်း ၄၅၀ ၀န်းကျင်နှင့် Toyota Vanguard ၂၀၁၀ မိုဒယ်ကို ကျပ်သိန်း ၆၅၀ ၀န်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။ ပွင့်လင်းရာသီ ရောက်ရှိခြင်းနှင့်အတူ ပဲနှင့် အခြားကုန်ပစ္စည်းများ၏ ပို့ကုန်ရာသီ ရောက်ရှိလာသောကြောင့် လုပ်ငန်းသုံးကားဈေးကွက်မှာ ၀ယ်လိုအား မြင့်တက်နေပြီး ၆၆၀ စီစီပစ်ကပ်များနှင့်အတူ ကျပ်သိန်း ၂၅၀ အောက် တစ်တန်ခွဲ၊ နှစ်တန် လုပ်ငန်းသုံးကားများ အရောင်းအ၀ယ် ဖြစ်နေသည်။

”လုပ်ငန်းသုံးကားတွေရဲ့ ၀ယ်လိုအားက သီတင်းကျွတ်နောက်ပိုင်း ကစပြီး တဖြည်းဖြည်း အ၀ယ်ပြန်လိုက်လာပါတယ်၊ အခုဆိုရင် ဆောင်း၀င်နေပြီး စပါး၊ ပဲနဲ့ တခြားကုန်ပစ္စည်းတွေမှာ သွင်းကုန်ရော၊ ပို့ကုန်ရော ရှိကြတဲ့အတွက် လုပ်ငန်းသုံးကားလိုအပ်ချက်က ပိုများလာပါတယ်၊ ဒါကြောင့်လည်း ၆၆၀ စီစီပစ်ကပ်လေးတွေအပြင် ကျပ်သိန်း ၂၅၀ အောက်မှာရှိတဲ့ ရန်ကုန်လိုင်စင် လုပ်ငန်းသုံးကားတွေ အရောင်းအ၀ယ် ပိုဖြစ်ပါတယ်၊ သုံးတန်အထက် ကားတွေနဲ့ ကျပ်သိန်း ၂၅၀ အထက်ကားတွေ တစ်စီးစ၊ နှစ်စီးစ အရောင်းအ၀ယ် ဖြစ်ပါတယ်”ဟု ‘ High Grade Image Co.,Ltd’မှ မန်နေဂျင်းဒါရိုက်တာ ဦး၀င်းနိုင်က ဆိုသည်။

လာမည့်နှစ်တွင် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ တင်သွင်းမည်ဆိုပါက ၂၀၁၆ မိုဒယ်မှ ၂၀၂၀ မိုဒယ်အတွင်း ဘယ်မောင်း ကားများကိုသာ တင်သွင်းခွင့်ပေးမည်ဖြစ်သည်။ ထို့ကြောင့် တင်သွင်း ရမည့် ကားများ၏တန်ဖိုးမှာ ပိုများသွားမည်ဖြစ်ပြီး ဈေးကွက်အကြိုက် ညာမောင်းလုပ်ငန်းသုံးကားများ တင်သွင်းခွင့်မရတော့၍ အမြင့်ဈေးဖြင့် အရောင်းအ၀ယ်ဖြစ်နေသည်။

”ရန်ကုန်အ၀ယ်ရော၊ နယ်အ၀ယ်ပါ အဆင်းနည်းတဲ့အတွက် ယာဉ် ရောင်း၀ယ်ရေးစခန်းတွေမှာတော့ တချို့ရက်တွေဆိုရင် ဖြတ်လျှောက် တောင်မရှိတဲ့အပြင် ဖုန်းဆက်မေးတာတောင် မရှိကြပါဘူး၊ ပြည်တွင်း ထုတ် Suzuki ကားတွေဆိုရင် ခုနစ်နှစ်အထိ အရစ်ကျစနစ်နဲ့ ၀ယ်လို့ရသလို ကားဟောင်းနဲ့ အလဲအထပ်လုပ်လို့ရတဲ့အတွက်လည်း အရောင်းအ၀ယ် အကောင်းဆုံး ဖြစ်နေပါတယ်၊ ဒီအချိန်မှာ ကားအသစ် တင်သွင်းဖို့ မကိုက်တော့တဲ့အတွက် နံပါတ်ထွက်ပြီးသား ကားဟောင်းတွေကိုပဲ လှည့်ပတ်၀ယ်နေရပါတယ်”ဟု ကား၀ယ်/ရောင်း ကိုတင်အောင်က ပြောသည်။

စလစ်၀ယ်လိုအား နည်းသွားသောကြောင့် ရန်ကုန်လိုင်စင်နှစ် နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၁၅ သိန်း၀န်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ်သိန်းတစ်ရာအောက်သာ ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here