ကားဝါသနာအိုးများ တွေ့ဆုံပွဲတွင် စုစုပေါင်းတန်ဖိုး ပေါင် ၇၅ သန်းရှိ  စူပါကားများ စုစည်းပြသ

917

မော်တော်ကားဝါသနာအိုး အယောက်သုံးရာကျော်သည် Aston Martin ၊ Bugatti နှင့် Ferrari ကားများ ပါဝင်သည့် စုစုပေါင်း ပေါင် ၇၅ သန်းတန် စုဆောင်းစူပါကားများဖြင့် ပုဂ္ဂလိက လေယာဉ်ကွင်းတစ်ခု၌ စုစည်းတွေ့ဆုံခဲ့ကြကြောင်း မတ် ၂၆ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

Supercar Driver Club ၏ အဖွဲ့ဝင်များဖြစ်ကြသည့် အဆိုပါ ကားဝါသနာအိုး အယောက်သုံးရာကျော်သည် ယခုရာသီ၏ ပထမဆုံး တွေ့ဆုံမှုအဖြစ် ၎င်းတို့စုဆောင်းထားသည့် အလန်းစားရှားပါးကား များကို အဂင်္လန်နိုင်ငံ၊ Leicestershire နယ်၊ Bruntingthorpe ရွာအနီးရှိ ပုဂ္ဂလိကပိုင်လေယာဉ်ကွင်းတစ်ခုဆီသို့ ယူဆောင်ပြသခဲ့ကြခြင်းဖြစ်သည်။ အဆိုပါကွင်းတွင် ပြသထားသည့် ကားတန်းများမှ ပထမဆုံးအတန်းတွင် တစ်စီးချင်း တန်ဖိုး ပေါင်နှစ်သန်းကျော်တန်သည့် Ferrari FXX နှင့် Aston Martin Vulcan ကားတစ်စီးစီပါဝင်ပြီး ယင်းကားတန်း၏ စုစုပေါင်းတန်ဖိုးမှာ ပေါင် သန်းနှစ်ဆယ်ကျော် တန်ကြေးရှိသည်။ ရှေ့ဆုံးတန်းတွင် ရှိသည့် အခြားသောကားများတွင် ပေါင် ၁ ဒသမ ၂ သန်းတန် Koenigsegg Agera နှစ်စီးနှင့် ပေါင်ခုနစ် သိန်းခွဲတန် Ferrari F50 နှစ်စီး အပြင် ပေါင်နှစ်သန်းနီးပါး တန်သည့် Ferrari Enzo ၊ ပေါင်တစ်သန်းတန် Bugatti Veyron ၊ ပေါင်တစ်သန်းတန် Pagani Zonda F နှင့် ပေါင်နှစ်သန်းခွဲတန် Aston Martin One 77 ပြိုင်ကားတစ်စီးစီ ပါဝင်သည်။

တစ်စီးလျှင် ပေါင်ငါးသိန်း တန်ဖိုးရှိသည့် Eagle E-Type သုံးစီး၊ TVR Speed 12၊ Jaguar XJ 220 နှင့် Noble M600 တို့ကဲ့သို့ ဗြိတိသျှထုတ်ကား တစ်စီးစီ ပါဝင်သည့် ကားတန်းမှာမူ ဗြိတိသျှ ကားတည်ဆောက်ရေး၏ အကောင်းဆုံးလက်ရာကို ချီးကျူးဂုဏ်ပြုထားခြင်းဖြစ်သည်။ တတိယမြောက် ကားတန်းတွင် ပေါင် ၁ ဒသမ ၃ သန်းတန် Porsche 918 Spyder ၊ ကမ္ဘာ့တန်ဖိုးအကြီးဆုံး တစ်စီးတည်းသော Farboud GT ၊ ပေါင် သုံးသိန်းခွဲနီးပါးတန်သည့် Ferrari F12 နှင့် ပေါင် ၂၇၅ဝဝဝ နီးပါးတန် 599 GTO တို့ကဲသို့ စျေးပိုကြီးသည့် စူပါကားများပါဝင်သည်။ အဆိုပါပွဲသို့ ရောက်ရှိလာသည့် စူပါကားစုစုပေါင်း သုံးရာကျော်ရှိပြီး Supercar Driver Club Organizer ၏ ခန့်မှန်းချက်အရ အဆိုပါကားများ၏ စုစုပေါင်းတန်ဖိုးသည် ပေါင် ၇၅ သန်းကျော် ရှိသည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here