ကားဝယ်ယူရန်အတွက် ကောင်းမွန်သည့်အချိန်ဖြစ်နေ၍ စျေးကွက်ဖြစ်လာဖွယ်ရှိနေသည့် မန္တလေးကားစျေးကွက်

792

သကြင်္န်ကာလအပြီး ကားစျေးကွက်အေးနိုင်သေးသည်ဟု ခန့်မှန်းထားကြသော်လည်း မြို့ပေါ်ဝယ်လက်နှင့် နယ်ဝယ်လက်များပါလာရောက်မှုရှိ၍ အရောင်းအဝယ် ကောင်းမွန်လာကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

အခွန်အခများ လျှော့ချပေးမှုမရှိခြင်း၊ ညာမောင်းကားများထပ်မံဝင်ရောက်စရာအကြောင်းမရှိခြင်းနှင့် လက်ရှိပုံစံအရ ကားစျေးများထပ်မံကျဆင်းနိုင်ခြင်းမရှိမှုများကြောင့် ဝယ်လက်များအနေဖြင့် လက်ရှိအချိန်သည် ကားဝယ်ယူရန်အတွက် ကောင်းမွန်သည့်အချိန်ဖြစ်၍ စျေးကွက်ဝယ်လိုအား ကောင်းမွန်လာနိုင်ကြောင်း သုံးသပ်ကြသည်။

”ဝယ်သင့်ပြီလို့ဆုံးဖြတ်ကြလို့လဲ လာပြီးတော့ ဝယ်မှုရောင်းမှုတွေလုပ်လာကြတယ်၊ ကားစျေးကွက်က သကြင်္န်အပြီး တာထွက်ကောင်းတယ်လို့ဆိုရမယ်၊ အခုချိန်ထိတစ်ချို့ဝယ်/ရောင်းတွေက ခရီးထွက်တာတွေကြောင့် ဝိုင်းထဲကိုမလာကြသေးပေမယ့် အရောင်းအဝယ်က ကောင်းလာတယ်”ဟု ဝါရင့်ကားဝယ်/ရောင်း ဦးဝင်းမြင့်ဦးကပြောသည်။

တစ်ချို့ ဝယ်လက်များအနေဖြင့် တန်ဖိုးကြီး ညာမောင်းကားများ ဝယ်ယူစုဆောင်းမှုများရှိလာသလို လက်ရှိဖြစ်ပေါ်နေသည့် Delivery Van ပြဿနာများကြောင့်လည်း မီနီထရပ်(ခွေးဘီးလူး)ကားများနှင့် ပွိုင့် သရီးများပို၍ ရောင်းအားကောင်းလာကြောင်း သိရသည်။ Delivery Van များအား စစ်ဆေးပြီးလူစီးယာဉ်အတိုင်းအခွန်စည်းကြပ်မည်ဆိုပါက အခွန်တန်ဖိုး ကျပ်သိန်းငါးဆယ်နီးပါး ကျသင့်မည်ဖြစ်ပြီး ကားတန်ဖိုး ပါဝင်ပါက ကျပ်သိန်းတစ်ရာကျော် ရောက်ရှိသွားမည်ဖြစ်သဖြင့် အဆိုပါကားများထက် ခွေးဘီးလူးနှင့်ပွိုင့်သရီးကားများဘက်သို့ ဦးတည်လာကြကြောင်း သိရသည်။

ထို့ကြောင့် ယခင်က Delivery Van များကြောင့် စျေးကွက်ဝေစု လျှော့နည်းနေသည့် ခွေးဘီးလူးကားများ ဝယ်လိုအားများလာကာ အခွန် နှင့် အရှုပ်အရှင်းကိစ္စများကြောင့် Delivery Van ထက် ပွိုင့်သရီးကားများကို စိတ်ဝင်စားမှုပိုလာကြောင်း သိရသည်။

”အကောင်းကြီးမဟုတ်ပေမယ့် ဒီလိုပဲ ခပ်ပါးပါးနဲ့ အလုပ်ဖြစ်နေတာပါပဲ၊ မြို့ပေါ်ဝယ်လက်အပြင် နယ်ဝယ်လက်နဲနဲလဲဆင်းလာကြတော့ အရောင်းအဝယ်ကအရင်ထက်စာရင် ကောင်းတယ်လို့ ပြောရပါမယ်၊ ဟိုတုန်းကလိုတော့အကောင်းကြီးမဟုတ်ပေမယ့် အေးအေးလေးနဲ့ပဲ အလုပ်ဖြစ်နေကြတာပါပဲ”ဟု လမ်း ၆ဝကားဝိုင်းမှ ကားဝယ်/ရောင်း ကိုနောနော်က ဆိုသည်။

လက်ရှိပုံစံအရ စျေးနှုန်းပြောင်းလဲမှုများ မရှိသော်လည်း ရောင်းသူ နှင့်ဝယ်သူ ကြိုက်ရောင်း ကြိုက်ဝယ်ပုံစံဖြင့် အလုပ်ဖြစ်နေကြပြီးအများစုအားဖြင့် ပွိုင့်သရီးကားများနှင့် ၆၆ဝ စီစီ မီနီထရပ်လေးများအရောင်းအဝယ်ကောင်းလာကြောင်း သိရသည်။ ပွိုင့်သရီးကားများတွင် ကျပ်သိန်း ၁၃ဝ မှ ၁၈ဝ ဝန်းကျင်ကားများ အရောင်းသွက်ပြီး မီနီထရပ်(ခွေးဘီးလူး)ကားများတွင် ကျပ်သိန်း ၇ဝ မှ ၉ဝ ဝန်းကျင်ကားများ အရောင်းသွက်လျက်ရှိ၍ စလစ်ကပ်ကားစျေးကွက်မှာမူ အနည်းငယ်အေးနေကြောင်း သိရသည်။

”မူဝါဒတွေကလဲမထွက်သေးသလို အခွန်အခပြောင်းအလဲတွေကလဲ တိတိကျကျမဖြစ်သေးဘူး၊ ဒါကြောင့် ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက ပြည့်ပြည့်စုံစုံမသိရှိရသေးတဲ့အတွက် လောလောဆယ်ကတော့ လိုအပ်လို့ဝယ်တဲ့သူနဲ့ ဝယ်သင့်ဝယ်ထိုက်တဲ့အချိန်ရောက်လို့ ဝယ်တဲ့ သူတွေရှိလို့ အရောင်းအဝယ်ကကောင်းနေတာ၊ ဒီလိုအကြောင်းအရာတွေကြောင့် လောလောဆယ် ကားစျေးကွက်ကအကောင်းကြီးမဟုတ်တောင်မှ ပုံမှန်လေးကောင်းနေမှာပါ”ဟု ကားဝယ်/ရောင်းတစ်ဦးက သုံးသပ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကားမူဝါဒများကြောင့်ကားစျေးကွက်ကောင်းလာနိုင်မည်ဟု ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း သေချာသလောက် ဖြစ်နေသည့် အခွန်လျှော့ချမှုမရှိခြင်း၊ ဂျပန်ကားညာမောင်းတင်သွင်းခွင့်မရှိခြင်းနှင့် ကားစျေးနှုန်းအနိမ့်ဆုံးအနေအထားတွင်ရပ်တည်နေခြင်းများကြောင့် ကားစျေးကွက်အခြေအနေ တိုးတက်လာနိုင်သည်ဟုခန့်မှန်းကြပြီး ဝယ်လိုအားသာ အမှန်တကယ်ကောင်းမွန်လာပါက ဂျပန်ကား ညာမောင်းများအနေဖြင့် စျေးနှုန်းတက်နိုင်သည့်အနေအထားတွင်ရှိနေကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ကြသည်။ အမှန်တစ်ကယ် ကားစျေးကွက်ကောင်းမွန်ရန်အတွက် ချမှတ်သည့်မူဝါဒများမှာ စီးပွားရေးလုပ်ကိုင်သူများအတွက် အကျိုးရှိနိုင်သည့်မူဝါဒဖြစ်ပြီး သုံးစွဲသူများအတွက်လဲအကျိုးရှိနိုင်သည့် မူဝါဒများဖြစ်ရန်လိုအပ်ပြီး မူဝါဒကြောင့်သာ ကားအရောင်းအဝယ်အခြေအနေ ပြောင်းလဲရခြင်းအများစုဖြစ်ကြောင်း ကားဝယ်/ရောင်းများက ပြောကြားကြသည်။

အရည်ကျိုကားစျေးကွက်အခြေအနေမှာလဲ စျေးကွက်ပျက်နေသည့် ပုံစံဖြစ်လျက်ရှိပြီး ဝယ်ယူစုဆောင်းမှုထက် စလစ်လိုအပ်မှသာ လက်ရှိပေါက်စျေးဖြင့် ဝယ်ယူသည့်ပုံစံဖြစ်နေကြောင်း သိရသည်။ ကားသစ်တင်သွင်းမှုများအပြင် စလစ်ကပ်တင်သွင်းသည့်ကားအရေအတွက်နည်းပါးလာခြင်းမှာလဲ အရည်ကျိုကားစျေးကွက်ပျက်ရသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စျေးကွက်အေးနေသည့် အရည်ကျိုကားများမှာ ဝယ်လိုအားနည်းနေသော်လည်း နှစ်နှစ်ဆယ် သက်တမ်းရှိ အပ်ကားရှားပါးမှုများကြောင့် ကျပ်သိန်းကိုးဆယ်ဝန်းကျင်ဖြင့် ပေါက်စျေးဖြစ်နေပြီး အမည်ပေါက်စလစ်တစ်စောင်မှာ ကျပ်သိန်းတစ်ရာဝန်းကျင်ပေါက်စျေးဖြစ်လျက်ရှိကြောင်း သိရသည်။

 

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here