ဂျာမန်ကားကုမ္ပဏီ Volkswagen သည် ဆွီဒင်အမှတ်တံဆိပ် စီမံခန့်ခွဲမှုကုမ္ပဏီ NordDDB နှင့် လက်တွဲပူးပေါင်းကာ ဖုန်းမက်ဆေ့ချ် ရိုက်ရင်း ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့်ကားများမှ သတ္တုများဖြင့် iPhone Case ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက် တွင် Autoblog ကားဝက်ဘ်ဆိုက် က ရေးသားဖော်ပြခဲ့သည်။ ဆွီဒင်နိုင်ငံတွင် ကားမောင်းနေစဉ် ဖုန်းအသုံးပြုခြင်းမှာ အန္တရာယ်များကြောင်း သတ်မှတ်ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလမှစကာ ကန့်သတ်တားမြစ်သည့် ဥပဒေကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ သို့သော် ဥပဒေသစ်အား အများစုက လိုက်နာမှုအားနည်းနေဆဲဖြစ်ပြီး ဖုန်းမသုံးရန်တားမြစ်ပြီးနောက်ပိုင်း ယာဉ်မတော်တဆမှု ၁၅၃ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။
Volkswagen နှင့် NordDDB တို့သည် မတော်တဆမှုကြောင့် ပျက်စီးသွားသော ကားများမှ သတ္တုကိုအသုံးပြုကာ ယာဉ်တိုက်မှုတစ်ခုလျှင် တစ်ခုနှုန်းဖြင့် iPhone 8 ထည့်နိုင်သည့် Crashed Case အမည်ရှိ iPhone Case ၁၅၃ ခုကို လက်ဖြင့် ဖန်တီးထုတ်လုပ်သွားမည်ဖြစ်သည်။ အဆိုပါ iPhone Case များကို တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၆၉ ဒေါ်လာခန့်ဖြင့် ရောင်းချပြီး ရောင်းရငွေများကို ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ခံစားရသူများအား ကူညီနေသည့် ဆွီဒင်အဖွဲ့အစည်း Trafikskadefonden သို့ လှုဒါန်းသွားမည်ဟု သိရသည်။ Crashed Case များကြောင့် ယာဉ်မတော်တဆမှုအရေအတွက် လျော့နည်းသွားရန် မဖြစ်နိုင်သော်လည်း ယာဉ်မောင်းနေစဉ် ဖုန်းအသုံးပြုမှုကို ယာဉ်မောင်းသူအနေဖြင့် နှစ်ခါပြန် စဉ်းစားမိစေရန် ယခုနည်းလမ်းက ထောက်ကူနိုင်မည်ဟု Volkswagen နှင့် NordDDB တို့က မျှော်လင့် နေသည်။
Ref : Autoblog