ကားဘီးကျွတ်ထွက်အောင် မောင်းခဲ့သော်လည်း အာဆင်နယ်ကွင်းလယ်လူ ဂျိုးဝယ်လော့ခ် ဒဏ်ရာတစ်စုံတစ်ရာ မရခဲ့

101

 

အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမား ဂျိုးဝယ်လော့ခ်သည် ပေါင် တစ်သိန်းကျော်တန် Mercedes ကားကို အရှိန်ပြင်းပြင်း မောင်းနှင်စဉ် ကားဘီးပြုတ်ထွက်သွားသည်အထိ ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မ၍ မည်သည့်ဒဏ်ရာမျှ မရခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာက နိုဝင်ဘာ ၂၆ ရက်တွင် ဖော်ပြသည်။

အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ဝယ်လော့ခ်သည် လိဒ်စ်ယူနိုက်တက်နှင့် မကစားမီ နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သော လေ့ကျင့်ရေးအစီအစဉ်သို့ သွားရောက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် ဝယ်လော့ခ်သည် ပေါင် ၁၄၀,၀၀၀ တန် အမည်းရောင် Mercedes-Benz G-Class AMG SUV ကားကို အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာစဉ် လန်ဒန်မြောက်ပိုင်း ဟက်ဖို့ဒ်ရှိုင်းယားဒေသရှိ A1 ကားလမ်းမပေါ် ၌ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မတော်တဆဖြစ်မှုကို ဝယ်လော့ခ် ကျော်တက်သွားခဲ့သည့် အနောက်ဘက်မှ ကပ်ပါလာသောကား၏ ဒက်ရှ်ဘုတ် ကင်မရာမှတ်တမ်းအရ သိရှိခဲ့ရခြင်းဖြစ်သည်။

သုံးမိနစ်၊ စက္ကန့် ငါးဆယ်ကြာမြင့်သော အဆိုပါ ဗီဒီယိုဖိုင်မှတ်တမ်းအရ ဝယ်လော့ခ်သည် ကျော်တက်အပြီး စက္ကန့်ပိုင်းအကြာမှာပင် လမ်းဘေးအကာအရံတန်းကိုတိုက်မိကာ ညာဘက်နောက်ဘီးပင် ပြုတ်ထွက်သွားခဲ့သည်။ ထို့နောက် ဘီးသုံးဘီးသာ ကျန်တော့သည့်ကားသည် နာရီလက်တံအတိုင်း တစ်ပတ်လည်ကာ လမ်းဘေးရှိ သစ်ပင်ချုံပုတ်များထဲ ဝင်တိုးပြီး ရပ်တန့်သွားခဲ့သည်ကို တွေ့ခဲ့ရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ဒက်ရှ်ဘုတ်ကင်မရာ တပ်ဆင်ထားသော ကားပေါ်မှ အမျိုးသားက သွားရောက်ကူညီပေးခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆမှုအား မျက်မြင်ကြုံတွေ့ခဲ့သူ အမည်မဖော်လိုသူတစ်ဦးက “သူ ဘယ်သူလဲဆိုတာ ကျွန်တော် မသိပါဘူး၊ သူ့ပုံစံက တော်တော်လေးကို တုန်လှုပ်နေတာဗျ၊ ဒါပေမဲ့ အခြေအနေက ကောင်းပါတယ်” ဟု ပြောပြသည်။

အာဆင်နယ်တွင် တစ်ပတ်လစာ ပေါင်နှစ်သောင်းရရှိနေသော ဝယ်လော့ခ်သည် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး နောက်တစ်ရက်အကြာ လိဒ်စ်နှင့်ကစားသည့်ပွဲ၌ ယခုရာသီတွင် ၎င်း၏ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲအဖြစ် ပါဝင်ကစားခဲ့သော်လည်း ခြေစွမ်းမပြနိုင်၍ ပွဲချိန် ၅၇ မိနစ်တွင် ဆာကာနှင့် လူစားလဲခဲ့ရကာ ပွဲသည်လည်း ဂိုးမရှိ သရေကျခဲ့သည်။

ဘာသာပြန်-ခွန်ဝဏ္ဏ
Ref:dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here