ကားပြိုင်ကွင်းကို ကိုယ်စားပြုတဲ့ ပြိုင်ဘက်ကင်း 2018 Ferrari 488 Pista

896

နာမည်ကျော် ပြိုင်ကားကုမ္ပဏီ Ferrari ဟာ ၂ဝ၁၅ ခုနှစ်မှာ 458 ပြိုင်ကားကို အစားထိုးထားတဲ့ 488 မိုဒယ်သစ်ကို ထုတ်လုပ်ခဲ့ပြီး အပြောင်းအလဲအမျိုးမျိုးနဲ့ 488 အထူးထုတ်မိုဒယ်တွေကိုလည်း ထပ်တိုးထုတ်လုပ် ခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲကြီးမှာတော့ နောက်ဆုံးပေါ် 488 မိုဒယ်သစ် 488 Pista ကို ပွဲထုတ်ပြသခဲ့ပါတယ်။ Pista ဆိုတာ အီတလီဘာသာစကားနဲ့ ဆိုရင် ကားပြိုင်ကွင်းလို့ အဓိပ္ပာယ်ရပြီး ကားပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်းခဲ့တဲ့ Ferrari ရဲ့ အမွေအနှစ်တွေကို တိုက်ရိုက်အလေးအမြတ်ပြု မှည့်ခေါ်ထားတာလို့လည်း ဆိုနိုင်ပါတယ်။ နာမည်ကျော် 488 GTE နဲ့ 488 Challenge ပြိုင်ပွဲဝင်ကားတွေကို နမူနာယူဖန်တီးထားတဲ့ 488 Pista မှာ 488 GTB ထက် စွမ်းအားပိုပြည့်ဝကောင်းမွန်စေဖို့ စက်ပိုင်းဆိုင်ရာကိုရော ကိုယ်ထည်အစိတ်အပိုင်းတွေကိုပါ ထပ်တိုးမွမ်းမံထားပါတယ်။ ဒါ့ပြင် 2018 Ferrari 488 Pista ဟာ ပြိုင်ကားဆန်ဆန် စွမ်းအားပြည့်ဝသွက်လက်မှုမှာရော ကားပြိုင်ပွဲနဲ့ဆိုင်တဲ့ နည်းပညာပိုင်းမှာပါ အရင်ကထွက်ရှိခဲ့ဖူးတဲ့ Special Series တွေနဲ့ ကွဲပြားခြားနားတဲ့ ခြေလှမ်းသစ်တစ်ခုလည်းဖြစ်ပါတယ်။ ကားစျေးကိုတော့ အတိအကျမသိရသေးပေမဲ့ 488 GTB ရဲ့ စျေးဟာ အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲဝန်းကျင်ဖြစ်တာကြောင့် ကျွမ်းကျင်သူတွေကတော့ 2018 Model Ferrari 488 Pista ဟာ ဒေါ်လာ၃၂ဝဝဝဝ နဲ့ ၃၄ဝဝဝဝ ကြား ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

488 Pista ပြိုင်ကားသစ်ရဲ့ ကိုယ်ထည်ဒီဇိုင်းဟာ အရင်မိုဒယ်ရဲ့ ခြေရာအတိုင်းလိုက်ပြီး လမ်းပေါ်မောင်း ပြိုင်ကား 488 GTB နဲ့ ပြိုင်ပွဲသုံးကား GTE ၊ Challenge မိုဒယ်တွေရဲ့ကြားနေရာမှာ ရှိပါတယ်။ ကား ကိုယ်ထည်မှာ အသိသာအထင်ရှားဆုံး ပြောင်းလဲသွားတာကတော့ ကားရှေ့ မျက်နှာစာပါပဲ။ ကားရှေ့ဘမ်ပါကို GTB လို ခပ်ရိုးရိုးပုံစံမဟုတ်ဘဲ ပြိုင်ပွဲဝင်ကားပိုဆန်တဲ့ ကိုယ်ထည်အစိတ်အပိုင်းသစ်တွေနဲ့ မြင်တွေ့ရမှာပါ။ ကိုယ်ထည် အစိတ်အပိုင်းသစ်တွေထဲမှာ ပထမဆုံးအနေနဲ့ အမြင်အာရုံကို ဖမ်းစားနိုင်မယ့်အရာကတော့ F1ပြိုင်ပွဲဝင်ကားဟန်ကို ယူထားတဲ့ S-Duct နဲ့ ခပ်ရှုပ်ရှုပ် Splitter ဒီဇိုင်းတို့ပဲဖြစ်ပြီး မြေဝပ်အားကို တိုးတက်စေတဲ့အစိတ်အပိုင်းတွေလည်းဖြစ်ပါတယ်။ Splitter ကို အပိုင်းသုံးပိုင်း ခွဲခြားဖန်တီးထားပြီး ကားဘေးဘက် လေစုပ်ပေါက်တွေဟာ အရွယ်အစားကြီးမားပါတယ်။ ကားရှေ့စက်ဖုံးကိုလည်း ဒီဇိုင်းမွမ်းမံထားပြီး GTB တုန်းကလိုမဟုတ်ဘဲ ကားရှေ့မီးကြီးနှစ်ခုကြား ဆန့်ထုတ်ထားတဲ့ အရွယ်အစားကြီးကြီး လေစုပ်ပေါက် ကို အစားထိုးတပ်ဆင်ထားပါတယ်။ ကားစက်ဖုံးမှာတော့ V ပုံစံအနေအထားကိုပဲ ဆက်လက်တွေ့မြင်ရမှာဖြစ်ပြီး ကားရှေ့မီးတွေကလည်း မပြောင်းလဲပါဘူး။ ကားဘေးဘက်မှာတော့ အပြောင်းအလဲက သိပ်မသိသာပေမဲ့ Side Skirt နဲ့ ကားနောက်ဘီးခုံးလေစုပ်ပေါက်တို့ကိုတော့ ခပ်ပါးပါးမွမ်းမံထားပါတယ်။ ခံ့ညားလှပပြီးသား ကားအနောက်ဘက်ဒီဇိုင်းကတော့ Pista ကို ပိုကြံ့ခိုင်တောင့်တင်းတဲ့ ရုပ်ထွက်မျိုးအဖြစ် ပိုပြီးသိသာထင်ရှားစေပါတယ်။ ကားအနောက်ဘက်က လေပင့်အားထိန်းတောင်ပံဟာ ပိုကြီးမားပြီး ပိုလည်းမြင့်မားတဲ့အနေအထားနဲ့ လင်းပိုင်အမြီးဒီဇိုင်းမျိုးရှိပါ တယ်။ Diffuser ဟာ အရွယ်အစားကြီးမားပြီး အနောက်ဘက်မျက်နှာစာရဲ့ ၅ဝ ရာခိုင်နှုန်းလောက်အထိ နေရာယူထားပါတယ်။ ဒေါင်လိုက် ငါးဆူးတောင်ပုံ သတ္တုပြားတွေကလည်း အရွယ်အစားကြီးပြီး ပြိုင်ပွဲဝင်ကားတွေမှာလို ကားကိုယ်ထည်အောက်ပိုင်းအထိ နေရာယူထားပါတယ်။ ကားအနောက်ဘက်စွန်းရဲ့ ဘေးတစ်ဖက်စီမှာ ဒေါင်လိုက်လေစုပ်ပေါက်တစ်ခုစီ ပါဝင်ပါတယ်။ အသစ်မွမ်းမံထားတဲ့ လေခွင်းအားအပြင်အဆင်တွေက 488 Pista ကို 488 GTB ထက် ၂ဝ ရာခိုင်နှုန်းလောက် မြေဝပ်အား ပိုတိုးလာစေပါတယ်။ ကားစက်ဖုံး၊ ဘမ်ပါတွေနဲ့ အနောက်ဘက် လေပင့်အားထိန်းတောင်ပံတို့ကိုလည်း ကာဗွန်ဖိုင်ဘာသားတွေနဲ့ ဖန်တီးပြုလုပ်ထားတာကြောင့် ကားကိုယ်ထည်အလေးချိန်ဟာ GTB မိုဒယ်ထက် ပေါင်နှစ်ရာလောက် ပိုပေါ့ပါးပါတယ်။ Option အဖြစ် ရွေးချယ်တပ်ဆင်နိုင်တဲ့ လက်မနှစ်ဆယ်အရွယ် ကာဗွန်ဖိုင်ဘာသားကားဘီးတွေကလည်း ကားရဲ့ အလေးချိန်ကို ၄ဝ ရာခိုင်နှုန်းလောက် ထပ်တိုး ပေါ့ပါးသွားစေပါတယ်။

488 Pista ပြိုင်ကားသစ်မှာ အဆင့်မြှင့်တင်ထားတဲ့ မြင်းကောင်ရေ ၇၁ဝ အား 3.9 L Twin Turbocharged V8အင်ဂျင်ကို Dual-Clutch ဂီယာ ခုနစ်ချက်နဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ အဲဒီစွမ်းအင်ပမာဏဟာ 488 GTB ထက် မြင်းကောင်ရေ ငါးဆယ်အားပိုများပြီး 488 Pista ကိုလည်း စွမ်းအားအပြည့်ဝ ဆုံး V8 အင်ဂျင်တပ် Ferrari ကားတစ်စီး ဖြစ်လာစေပါတယ်။ ကားမှာ Side-Slip Angle Control နဲ့ အတူ ကားမြန်မြန်မောင်းချိန်မှာ ထိန်းချုပ်မောင်းနှင်မှု ပိုကောင်းမွန်စေမယ့် ဆိုင်းထိန်းစနစ်ကိုလည်း ဖန်တီးတပ်ဆင်ပေးထားပါတယ်။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၂၁၁ မိုင်နှုန်း အထိ တိုးတက်လာပြီး ၂ ဒသမ ၈၅ စက္ကန့် အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်တာကြောင့် 488 GTB ထက်ရော 458 Speciale ထက်ပါ ပိုမြန်ဆန်သွက်လက်ပါတယ်။ ကားအတွင်းခန်းမှာတော့ မြင်တွေ့ နေကျ Ferrari ပြိုင်ကားတွေရဲ့ အတွင်းခန်းတွေနဲ့ သိပ်မကွာလှဘဲ အတွင်းခန်းတစ်ခုလုံးမှာ အနက်ရောင် ကို အသားပေးအသုံးပြုထားပါတယ်။ ကားဒက်ရှ်ဘုတ်၊ ထိုင်ခုံတွေနဲ့ Centre Console တို့မှာ အနီရောင်  ကို ရောစပ်အသုံးပြုထားပြီး ခရီးသည်ထိုင်ခုံဘက်က ဒက်ရှ်ဘုတ်ဘက်ခြမ်းမှာ 488 Pista အမှတ်တံဆိပ်အမည်ကို တပ်ဆင်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here