ကားပိုင်ရှင်ဘဝကြုံခဲ့ရသည့် အဖြစ်များ

134

 

ကျွန်တော်သည် သင်္ဘောသားဘဝဖြင့် နှစ်ပေါင်း နှစ်ဆယ်ကြာအောင် တာဝန်ထမ်းဆောင်နေခဲ့သည့်ကာလမှာ မော်တော် ကား ၁ဝ စီးလောက် ဝယ်ယူတင်သွင်းခဲ့ဖူးသော်လည်း အိမ်စီးကိုယ်ပိုင်ကားအဖြစ် နှစ်စီးသာ စီးဖူးလိုက်ပါသည်။ သင်္ဘောသားဘဝဖြင့် ပထမဦးဆုံး ဝယ်ယူတင်သွင်းသည့် မော်တော်ကားသည် တိုယိုတာဟိုင်းလပ်လေး ချိတ်၊ အာအမ် ၄၅၊ ၁၉၈ဝ မိုဒယ်ဖြစ်သည်။ အရောင်က ပိတုန်းစိမ်းရောင်၊ မတ်တဲလစ်ဖြစ်သည်။ ကျွန်တော် မမြင်ဖူးလိုက်ပါ။ မော်တော်ကား ရောင်းသည့် ကုမ္ပဏီက ဘာအရောင်ကြိုက်သလဲမေးတော့ ကျွန် တော်ကြိုက်သည့် အရောင်ကို ပြောလိုက်ခြင်းသာ ဖြစ်သည်။ အဲဒီအရောင်အတိုင်း ရန်ကုန်ဆိပ်ကမ်းကို ရောက်လာသည်ဟု သိရသည်။ ကျွန်တော် နိုင်ငံခြားမှာ ရှိနေစဉ် အဲဒီကား မြန်မာပြည်ကို ရောက်ခဲ့တာဖြစ်သည်။ ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်က ကားဝယ်သူကို စာရွက်တွေ ရောင်းလိုက်တာ ဖြစ်သည်။ ဝယ်သူက သူ့ဘာသာသူ ဆောင်ရွက်ပြီး ဆိပ်ကမ်းက ထုတ်ယူသွားတာဖြစ် သည်။ သူ့ခေတ်နဲ့သူ ကျပ် ၁၄ဝ,ဝဝဝ ရလိုက် လို့ ဈေးကောင်းရလိုက် သည်ဟု ပြောကြသည်။ အဲဒီကားနံပါတ်သည် ဏ/ —- ဖြစ်သည်။ အဲဒီကားရောင်းလို့ရသည့်ငွေဖြင့် ယခုနေသည့်အိမ် ကို ဝယ်လိုက်ရာ ကျပ် ၁၂ဝ,ဝဝဝ ပေးရ သည်။ ကားတစ်စီးရောင်းတာ အိမ်တစ်လုံး ရသည့်အပြင် နှစ်သောင်းတောင် ပိုသေးသည့်ခေတ် ဖြစ်သည်။
အဲဒီခေတ်က သင်္ဘောဘာသားတွေ မော်တော်ကားဝယ်ချင်လျှင် သုံးနှစ်မှ တစ်စီးသာ ဝယ်ခွင့်ရသည့်ခေတ် ဖြစ်သည်။ သုံးနှစ်တစ်စီးနှုန်းဖြင့် ကျွန်တော် ဝယ်ယူ တင်သွင်းခဲ့သည့် မော်တော်ယာဉ်တွေထဲက ကျွန်တော်၏ ပထမဦးဆုံး အိမ်စီးကားအဖြစ် အသုံးပြုခဲ့တာ နစ်ဆန်း ဆန်နီပစ်ကပ်၊ ၁၉၈၅ မိုဒယ်၊ အင်ဂျင်ပါဝါ ဝမ်းပွိုင့်တူး အပြာရောင် ဖြစ်သည်။ အဲဒီကား ရန်ကုန်ဆိပ်ကမ်းကို ရောက်လာသည့်အခါ ကျွန်တော်က ကားမမောင်းတတ်သေးလို့ ကျွန်တော့်မိတ်ဆွေကို အကူအညီတောင်းပြီး ရန်ကုန်ဆိပ်ကမ်းက မောင်းထုတ်ယူခဲ့သည်။ ကျွန်တော့်မိတ်ဆွေသည် ကျွန်တော်နှင့်အတူ အစိုးရဌာနကြီးတစ်ခုမှာ အမှုထမ်းခဲ့ဖူးသူဖြစ်သည်။ ကျွန်တော့်ထက် ငါးနှစ်ခန့် အသက်ကြီးသူဖြစ်လို့ ကျွန်တော် သင်္ဘောလိုက်နေစဉ်မှာ အသက်ခြောက်ဆယ်ပြည့်၍ ပင်စင်ယူ လိုက်ရသည်။ ပင်စင်လစာဖြင့် မိသားစု စရိတ် မလောက်မငဖြစ်နေစဉ် ကာလဖြစ်သည်။ အဲဒီကားသည် နံပါတ်ရသည့်အခါ ဓ/—- ဖြစ်သည်။ ကျွန်တော်က ကား မမောင်းတတ်လို့ ပြန်ရောင်းမည်လုပ်သည့်အခါ ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို အနူးအညွတ်မေတ္တာရပ်ခံသည်။
‘‘စိုးကြီးရာ ဒီကားလေးကိုမရောင်းပါနဲ့ကွာ၊ ကျွန်တော်မောင်းပါရစေ၊ ခင်ဗျား မိသားစုသုံးလိုရာ သုံးလို့လည်း ရတာပေါ့၊ ကျွန်တော် ဘလက်တက္ကစီ ဆွဲပါရစေ၊ အုံနာခ တစ်နေ့ ၂၅ ကျပ် ရအောင်ရှာပေးပါ့ မယ်’’
တစ်နေ့ကို ၂၅ ကျပ် နေ့စဉ်ရမည်ဆိုသည့် အသံကြားတော့ မဖြူတုတ်ကလည်း သဘောတူချင်သည့် အမူအရာပြသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း မိတ်ဆွေကို ကူညီလိုသည့်ဆန္ဒဖြင့် မရောင်းဖို့သဘော တူလိုက်သည်။ ကျွန်တော်သည် အဲဒီကားကိုမောင်းပြီး ကားမောင်းတတ်ခဲ့တာ ဖြစ်သည်။ ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို သင်ပေးခဲ့တာဖြစ်သည်။
‘‘ကားပေါ် တက်ထိုင်လိုက်တာနဲ့ အနန္တောအနန္တငါးပါးကို ရှိခိုးဦးချ၊ သမ္မာဒေဝ နတ်တွေကို မေတ္တာပို့၊ သတိနဲ့မောင်း၊ ရှေ့ကိုက်နှစ်ဆယ်လောက်ကို ကြည့်ထား၊ မြို့တွင်း မိုင်သုံးဆယ်၊ ဟိုင်းဝေးမိုင်ရှစ်ဆယ် မပိုစေနဲ့၊ မတော်တဆ ဖြစ်ရင်တောင် သက်သောင့်သက်သာဖြစ်တယ်၊ ကားမောင်းနေစဉ် သတိမလစ်စေနဲ့၊ သတိလစ်တာနဲ့ အန္တရာယ်ဟာ ချက်ချင်းရောက်လာပြီး ဘွားခနဲ တိုးတာပဲ၊ ကားမောင်းတာမှာ သတိဟာ အဓိကပဲ’’
ကျွန်တော့်မိတ်ဆွေသည် ကားမောင်းပညာမှာတော့ ကျွန်တော့်ဆရာဖြစ်သည်။ ကျွန်တော်သည် ဒီနေ့အထိ ဆရာသင်ကြားခဲ့သည့် နည်းအတိုင်းပဲ ကားမောင်းနေပါသည်။ ကားမောင်းခဲ့သည့် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်းမှာ ဘာအန္တရာယ်မျှ မဖြစ်ခဲ့တာ ဆရာ့ကျေးဇူးလို့တောင် ပြောလို့ရသည်။
ကျွန်တော့်မိတ်ဆွေက ဒီကားနဲ့ ဘလက် တက္ကစီဆွဲပါရစေ။ တစ်ရက်ကို အုံနာခ ၂၅ ကျပ်ပေးမည် ဆိုသည့်အတွက် ကားကို အမိုးတင်ပေးလိုက်ရသည်။ ထိုင်ခုံတွေ လုပ်ပေးလိုက်ရသည်။ ကားကအသစ်၊ အရောင်လေးကလှဆိုတော့ ငှားစီးသူတွေရှိ ကြသည်။ မဖြူတုတ်လည်း နေ့စဉ် ၂၅ ကျပ် ရနေတာတွေ့ရသည်။ ကျွန်တော့်မိတ်ဆွေ အတွက်လည်း တစ်နေ့ကို ၁၅ ကျပ်၊ နှစ်ဆယ်၊ တစ်ခါတလေ ၂၅ ကျပ်၊ သုံးဆယ်တောင် ကျန်သည်ဟုသိရလို့ ဝမ်းသာနေရသည်။
ခြောက်လ၊ တစ်နှစ်လောက်ကြာလာတော့ အခြေအနေက တစ်မျိုးဖြစ်လာသည်။ အထွေထွေ ဈေးနှုန်းတွေကလည်း တက်လာ သည်။ ဓာတ်ဆီကလည်း တစ်ရက်ကို နှစ်ဂါလန်နှုန်းဖြင့် နှစ်ရက်မှ တစ်ကြိမ်၊ လေးဂါလန်ပေးသည်။ တစ်ဂါလန်ကို ၁၅ ကျပ်ကနေ ၂၅ ကျပ်သို့ ခုန်တက်သွား သည်။ ဆီထုတ်ပြီး ပြန်ရောင်းစားလျှင် တစ်ဂါလန်ကို ၄၅ ကျပ်ရသည်။ အစိုးရ ဓာတ်ဆီဆိုင်တွေမှာ ဆီထုတ်ရန် တန်းစီနေသည့် ကားတန်းကြီး တစ်မိုင်မျှရှည်သည်။ ဆီထုတ်ရောင်းစားသည့် ကားတွေက ညအိပ်စောင့်ပြီး တန်းစီကြသည်။ ဓာတ်ဆီဆိုင်မန်နေဂျာကို မဆိုထားနဲ့။ ပန့်ဆွဲလုပ်သားတောင် မယားငယ်သုံးယောက်လောက် ထားနိုင်သည့်ခေတ်ကို ရောက်လာသည်။ အဲဒီအခြေအနေမှာ ကျွန်တော့် မိတ်ဆွေဘက်က မူပျက်လာသည်။ နေ့စဉ်ပေးနေကျ အုံနာခ မမှန်ဖြစ်လာ သည်။ ဒီနေ့ ဘာအော်ဒါမှ မရလို့ အုံနာခမပေးနိုင်ပါ ဆိုတာမျိုးတွေ ဖြစ်လာသည်။ အော်ဒါမရသော်လည်း ကားထဲက ဓာတ်ဆီကတော့ တစ်ဂါလန်လောက် လျော့နေတာကို သတိထားမိသည်။ အဲဒီလို တွေ မကြာခဏဖြစ်လာသည့်အခါ မဖြူ တုတ်က မျက်နှာမသာမယာ ဖြစ်လာတော့သည်။
တစ်နေ့မှာတော့ နံနက်စောစောမှာ ကားလာယူသည့် ကျွန်တော့်မိတ်ဆွေ၏ ဝတ်စားဆင်ယင်ပုံ ထူးခြားပြောင်လက်နေသည်။ လည်ကတုံးလက်ရှည်ဖြူ၊ တိုက်ပုံ မီးခိုးရောင်၊ ပိုးတွဲလုံချည်ဖြင့် ကားလာထုတ်သည်။ နှုတ်ဆက်၊ ကားသော့ဖြုတ် ယူ၊ ကားပေါ်တက်၊ စက်နှိုးမောင်းထွက်သွားတော့ ကျွန်တော်က လမ်းပေါ် ထွက်ပြီး လိုက်ကြည့်လိုက်သည်။ ခပ် လှမ်းလှမ်း တစ်နေရာမှာ သူ့ဇနီးနှင့် သမီးနှစ်ယောက်က စောင့်နေတာကို ခေါ်တင်နေတာ တွေ့လိုက်ရသည်။ ဒီတော့မှ ဘာနေ့ပါလိမ့်လို့ ကြည့် လိုက်တော့ တနင်္ဂနွေနေ့ ဖြစ်နေ သည်။ အလှူ၊ သို့မဟုတ် မင်္ဂလာဆောင်ကို သွားကြတာဖြစ်သည်။ ဒီ အကြောင်းကို မဖြူတုတ်သိပါက ဒီနေ့ပင် ကားရောင်းတော့မည်လုပ်မှာစိုးလို့ မပြော ဘဲထားခဲ့ရသည်။ ကားမရောင်းဘဲ ကျွန် တော် နိုင်ငံခြားကို ပြန်ထွက်ခဲ့ရပါသည်။ ကျွန်တော်နိုင်ငံခြားမှာ ရှိနေစဉ် တစ်နှစ် အတွင်းမှာ မဖြူတုတ်နှင့် အဲဒီ မော်တော် ကားတို့ ပြသနာမျိုးစုံ ရင်ဆိုင်နေခဲ့ရသည် ဆိုတာကို နောင်မှ ကျွန်တော်သိရသည်။ ကျွန်တော့် မိတ်ဆွေသည် ဟိုင်းဝေး အော်ဒါရလို့ဆိုပြီး မန္တလေးအထိ သွားရန် လိုက်ပါသွားသည်ဟု သိရသည်။ အောက် မင်းလှမြို့အနီးမှာ ကားမှောက်ပြီး ရှေ့မှန် ကြီးကွဲသည်။ နောက်ကြည့်မှန်ကျိုးသွား သည်။ အမိုးကိုင်းတွေ ပိန်လိမ်ရွဲ့စောင်းကုန် သည်။ ကားကို ပြန်ထောင်ပြီး ရန်ကုန်ကို ပြန်မောင်းလာနိုင်ခဲ့သော်လည်း ကားကို အိမ်ကိုယူမလာဝံ့လို့ ဘော်ဒီရုံမှာထားခဲ့ပြီး လူသာလာသည်ဟု သိရသည်။ အကြောင်း စုံကိုပြောပြလို့ သိရတာက ကားငှားစီးသူ က မောင်းပါရစေဆိုပြီး ခွင့်တောင်းတာကို မောင်းခွင့်ပြုခဲ့သည်ဟု သိရသည်။ လမ်း ဖြတ်ကူးသည့် ကျွဲတစ်အုပ်ကို ရှောင်လိုက် တာမှာ အရှိန်ကို မထိန်းနိုင်ဘဲ ကားမှောက်ခဲ့တာဟု သိရသည်။ ပြင်ဆင်ခ ကုန်ကျစရိတ် ငါးသောင်းကို ကားငှားစီးသူက သုံး သောင်းသာပေးသဖြင့် မဖြူတုတ်က နှစ်သောင်း စိုက်လိုက်ရသည်ဟု သိရသည်။ ကျွန်တော်မြန်မာပြည်မှာမရှိတာ ကံကောင်းသွားသည်။ ရှိနေလို့ကတော့ မိတ်ဆွေနှင့် မိတ်ပျက်ရရုံသာမက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမိမည်ဖြစ်သည်။
ကျွန်တော် ဘာမျှမလုပ်လိုက်ရသော် လည်း သူ့ကံက သူ့ကို စီမံသွားသည်။ ကားကို အငှားယာဉ်ဂိတ်မှာ ဂိတ်ထိုးထားစဉ် ရေတိုင်ကီ ရေယိုသည်ထင်လို့ ငုံ့ကြည့်ရာမှ ပြန်အထမှာ မူးသွားပြီး ကားရှေ့မှာပင် ဦး စောက်ထိုးလဲကျကာ သတိလစ်သွားခဲ့သည်။ အငှားယာဉ်ဂိတ်က လုပ်ဖော်ကိုင်ဖက်ကား သမားတွေက ဆေးရုံကို ပို့ကြရသည်။ ညနေအတော်စောင်းတော့မှ တစ်စုံတစ် ယောက်က ကားကို မောင်းလာပြီး အိမ်ကို လာပို့သွားသည်ဟု သိရသည်။ ကျွန်တော့် မိတ်ဆွေ ဆေးရုံကပြန်ဆင်းလာနိုင်ခဲ့သော် လည်း ကားမမောင်းနိုင်တော့သည့်အတွက် သူ့အိမ်ကအိပ်ရာမှာပဲ လဲနေလေတော့သည်။
ကျွန်တော်နိုင်ငံခြားက ပြန်ရောက်လာ သည့်အခါ ကျွန်တော့်မိတ်ဆွေ မရှိတော့ပါ။ ပြင်းထန်သည့်နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ ပြီဟု သိရသည်။ ကျွန်တော်မရှိစဉ်မှာ ဖြစ် ပျက်ခဲ့သည့် အဲဒီကားနှင့် ယာဉ်မောင်းရဲ့ အကြောင်းကို မဖြူတုတ်ပြောပြလို့ သိရ တာတွေက စိတ်ပျက်စရာ၊ ဒေါသဖြစ်စရာတွေ ချည်း ဖြစ်သည်။ ကျွန်တော် နိုင်ငံခြားမှ အိမ်ကိုပြန်ရောက်လာသည့် အခါမှာတော့ သွားလေသူဆရာသမား သင်ကြားပေးခဲ့လို့ ကျွန်တော်က ကားမောင်းတတ်နေပြီဖြစ်ရာ အလှူအတန်း၊ ပွဲလမ်းမင်္ဂလာနှင့် ဟိုနား၊ ဒီနား ကျွန်တော် ကိုယ်တိုင်မောင်းပါသည်။ ကားလေးကို သံယောဇဉ်ဖြစ်နေသည့် အတွက် ပြန်မရောင်းရက်ဘဲ ဆက်စီးနေပါ သည်။ ကျွန်တော့်ဘဝပေး အခြေအနေက ခြောက်လလောက်ကြာတော့ သငေ်္ဘာ ကုမ္ပဏီက ပြန်ခေါ်လို့ နိုင်ငံခြားကို ပြန် ထွက်ရသည်။ မောင်းမည့်သူ မရှိသည့် ကားကို အိမ်မှာထားခဲ့ပြီး နိုင်ငံခြားကို ပြန် ထွက်ခဲ့ရပါသည်။
နိုင်ငံခြားကိုရောက်ပြီး တစ်လ၊နှစ်လ လောက် အကြာကစပြီး မော်တော်ကားနှင့် ပတ်သက်သည့်သတင်းမျိုးစုံကို ကြားနေရ သည်။ အိမ်ကိုလာပြီး တစ်ပတ်တစ်ကြိမ် ဆွမ်းဆန်စိမ်းအလှူခံသည့် သီလရှင်က သူ့မောင် အငယ်တစ်ယောက် အလုပ်မရှိ လို့ ဒီအိမ်ကကားကို မောင်းပါရစေဆိုသဖြင့် မောင်းခွင့်ပြုလိုက်ကြောင်း၊ ယာဉ်မောင်း သည် ယာဉ်ငှားစီးသူတွေနှင့်အတူ အရက် သောက်နေစဉ် လေကာမှန်ကြီး ဖြုတ်ခိုးခံ လိုက်ရ၍ အစားဝယ်ထည့်ရကြောင်း၊ လမ်း ဖြတ်ကူးသူကို ဝင်တိုက်မိလို့ ဆေးဖိုးဝါးခ နှစ်သောင်းပေးလိုက်ရကြောင်း၊ စိတ်မရှည် သည်းမခံနိုင်တော့လို့ ကျပ်နှစ်သိန်းခွဲဖြင့် ရောင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကျွန်တော့်လုပ်သက် စာချုပ်ပြည့်လို့ မြန်မာနိုင်ငံကို ပြန်ရောက်သည့်အချိန်မှာ အဲဒီ နစ်ဆန်း ဆန်နီကားကလေး မရှိတော့ ပါ။ အဲဒီကားလေး မရှိတော့သည့်နောက် တစ်ညမှာ အိမ်ရှေ့ ခြံဝင်းတံခါးနားသို့ လူတစ်ယောက်ရပ်လျက် ‘အန်တီ၊ အန်တီ’ ဟု အမှောင်ထဲမှ အသံတိုးတိုးဖြင့် ခေါ်နေပါ သည်။ ကျွန်တော့်ဇနီး မဖြူတုတ်ကို ခေါ် နေတာဖြစ်သည်။ ကျွန်တော် သူ့အနားကို ချဉ်းကပ်သွားပြီး ‘ဘယ်သူလဲ၊ ဘာကိစ္စလဲ’ ဟု မေးရာ ကျွန်တော် မည်သူမည်ဝါပါလို့ ပြောပြီး ဆန်ဝယ်စရာ ပိုက်ဆံမရှိလို့ အခု အချိန်အထိ ထမင်းမစားရသေးပါဟု ပြော သည်။ သူပြောသည့် နာမည်ကို မဖြူတုတ် ပြောလို့ ကျွန်တော်သိနေသည်။ ကျွန်တော် နိုင်ငံခြားမှာရှိနေစဉ် ကျွန်တော့်ကားကို မောင်းခဲ့သည့် သီလရှင်၏ မောင်ဆိုသူ ဖြစ်သည်။ အကျီကိုယ်ကျွတ်နှင့်ဖြစ်လို့ အရက်မူးနေသည်ဟု ထင်ရသည်။ အနံ့ လည်း ရလိုက်သည်။ မောင်းနှင်ထုတ်ပစ် လိုက်မလို့ လုပ်သေးသည်။ သူ့နောက် ခပ် လှမ်းလှမ်းက ပန်းချုံအရိပ်ကိုခိုပြီး နို့စို့အရွယ် ကလေးကို ချီကာ ရပ်နေသော သူ့မိန်းမဖြစ် ဟန်တူသည့် အမျိုးသမီးကို မြင်လိုက်ရာ သနားသွား၍ ပိုက်ဆံငါးရာ ပေးလိုက်ပြီး နောက်ဘယ်တော့မှမလာပါနဲ့လို့ ပြော လိုက်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here