တရုတ်နိုင်ငံ၊ ဘေဂျင်းရဲတပ်ဖွဲ့သည် စက္ကန့်ပိုင်းအတွင်း ကားနံပါတ်ပြားများနှင့် ခရီးသည်များကို ဖော်ထုတ် သိရှိနိုင်စေရန်အတွက် မျက်နှာ အစိတ်အပိုင်းအား မှတ်မိသိရှိစေနိုင်မည့် Facial-Recognition Glass ခေါ် မျက်မှန်များကို လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်၍ စမ်းသပ် အသုံးပြုခဲ့ကြောင်း မတ် ၁၂ ရက် တွင် Business Insider ဝက်ဘ်ဆိုက် က ရေးသားဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင် မျက်နှာ အစိတ်အပိုင်းကို မှတ်မိသိရှိစေသည့် Facial Recognition နည်းပညာ သိသိသာသာ တိုးတက်လာပြီး နောက်ဆုံးတွင် တရုတ်နိုင်ငံသားတိုင်းကို အချိန်သုံးစက္ကန့်အတွင်း မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်သိရှိနိုင်မည်ဟု မျှော်လင့်ထားသည်။ အဆိုပါ စမတ်မျက်မှန်ကို ဘေဂျင်းမြို့ ဆင်ခြေဖုံးများတွင် ပထမဆုံး စမ်းသပ်အသုံးပြုခဲ့ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်က ဘေဂျင်းအဝေးပြေးလမ်း စစ်ဆေးရေးဂိတ်တစ်ခုတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ အသိဥာဏ်တု ပါဝင်သော အဆိုပါမျက်မှန်သည် လူ့မျက်နှာများနှင့် မော်တော်ကားများကို နာမည်ပျက်စာရင်း (Black List) များနှင့် တိုက်ဆိုင်စစ်ဆေးပေးပြီး စာရင်းဝင်ဖြစ်လျှင် အနီရောင်အကွက်လေးဖြင့် သတိပေးအချက်ပြမည်ဖြစ်သည်။
အသိဥာဏ်တု ထည့်သွင်းထားသည့် အဆိုပါစမတ်မျက်မှန်များကို လွန်ခဲ့သည့်လက ဟီနန် ရထားဘူတာရုံတွင် စတင်အသုံးပြုခဲ့သော ရဲဘက်ဆိုင်ရာသုံး နေကာမျက်မှန်များကို ထုတ်လုပ်သည့် LL Vision ကုမ္ပဏီ မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နည်းပညာသည် လူကုန်ကူးမှုမှစ၍ ယာဉ်စည်းကမ်းဖောက်ဖျက်မှုများ အထိ ပြစ်မှုကျူးလွန်ခဲ့သူတစ်ဦးချင်းစီကို ဖော်ထုတ်သိရှိစေရာတွင် အ ထောက်အကူပြုသောကြောင့် အာဏာပိုင်များက မဆိုင်းမတွ အသုံးပြုခွင့်ပေးခဲ့ကြခြင်းဖြစ်သည်။ စောင့်ကြည့်ထောက်လှမ်းမှုနည်းပညာနှင့် Facial Recognition နည်းပညာတို့ အရှိန်အဟုန်ဖြင့် တိုးတက်လာသော တရုတ်နိုင်ငံ၌ လက်ရှိတွင် စောင့်ကြည့်ကင်မရာပေါင်း သန်း ၁၇ဝ တပ်ဆင်ထားပြီး လာမည့် ၂ဝ၂ဝ ပြည့်နှစ် တွင် သုံးဆကျော် တိုးတက်လာရန် တရုတ်အစိုးရက မျှော်လင့့််ထားသည်။
Ref: Business Insider.com