ကားထိုင်ခုံများအစား ရေမြုပ်မွေ့ရာလိပ်ပေါ်ထိုင်ပြီးမောင်းနှင်နေသူအား ရဲတပ်ဖွဲ့က တားဆီးစစ်ဆေး

536

သြစတြေးလျနိုင်ငံ၌ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ကားထဲတွင် ကားထိုင်ခုံများအစား ရေမြုပ်မွေ့ရာလိပ်ပေါ် ထိုင်ကာ မောင်းနှင်သွားလာခဲ့သည်ကို Queensland ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၆ ရက်တွင် Daily Mail သတင်းဌာန က ရေးသားဖော်ပြခဲ့သည်။

 

ကားထိုင်ခုံများ ဖြုတ်ထားသည့် အဆိုပါကားပေါ်တွင် လိပ်ထားသော ရေမြုပ်မွေ့ရာများအပေါ် ထိုင်နေသည့် အသက် သုံးဆယ်အရွယ် ယာဉ်မောင်းအမျိုးသားနှင့် အဖော်အမျိုးသမီး တို့ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အခွံသက်သက် နီးပါး သာရှိတော့သည့် ယင်းကားကို ရဲတပ်ဖွဲ့က Queensland ပြည်နယ်၊ Brisbane မြို့အနောက်ဘက်ရှိ Toowoomba မြို့၌ တားဆီး စစ်ဆေးခဲ့ကြခြင်းဖြစ် သည်။ အတွင်းထိုင်ခုံများမပါ သည့်အပြင် ကားတံခါးအတွင်းဘက်ရှိ Panel များကိုပါဖြုတ်ထားသည့် အဆိုပါကားထဲတွင် ကားရှေ့ခန်းအလယ်ရှိ Console  ၏ အစိတ်အပိုင်း အများစုကိုပါ ဖြုတ်ထားသဖြင့်  ဝိုင်ယာကြိုး များပင်မြင်နေရသည်ဟု ဆိုသည်။ ၎င်းတို့နှင့်အတူ ပလတ်စတစ် သေတ္တာတစ်လုံးနှင့် အဝတ်အိတ် ခပ်ကြီးကြီးတစ်လုံးကို တွေ့ရ သဖြင့် ၎င်းတို့စုံတွဲမှာ ခရီးထွက်လာခြင်း၊ သို့မဟုတ် ကားထဲ၌ပင် နေထိုင်ခြင်း ဖြစ်ဟန်တူကြောင်း ခန့်မှန်းကြသည်။ Queensland ပြည်နယ်၏ ချမှတ်ထားသော ဥပဒေအရ ကားထိုင်ခုံများ ဖြုတ်လိုလျှင် ဘေးကင်းလုံခြုံမှုစည်းမျဉ်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။

 

မော်တော်ယာဉ်များ၌ ထိုင်ခုံများကို အမြဲတမ်းဖြုတ်ထားလိုလျှင် တာဝန်ရှိသူတစ်ဦး၏ ခွင့်ပြုချက်နှင့် ဖြုတ်ရမည်ဖြစ်ပြီး ယင်းကားတွင် ပြုပြင်မွမ်းမံဆဲ ယာဉ်ဆိုင်းဘုတ် တပ်ဆင်ရမည် ဖြစ်သည်။ မော်တော်ယာဉ်ပြုပြင်မွမ်းမံသူအနေဖြင့် မော်တော်ယာဉ် ဘေးကင်းလုံခြုံမှုရှိရန် တာဝန်ရှိပြီး မော်တော်ယာဉ်ထိုင်ခုံများ ပြန်လည်တပ်ဆင်မှုကိုလည်း သတ်မှတ်စံနှုန်းများနှင့်အညီ ပြုလုပ်ရမည်ဖြစ်ကာ မွေ့ရာလိပ်များ အသုံးပြုခြင်းက သတ်မှတ်လုံခြုံရေး စံနှုန်းများနှင့် မကိုက်ညီနိုင်ကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here