ကားတစ်စီးမှ ထူးခြားမှု အန္တရာယ်မြည်သံများအား စစ်ဆေးခြင်း

136

 

စက်မှုအင်ဂျင်နီယာတစ်ဦး

မော်တော်ယာဉ်တစ်စီး ပိုင်ဆိုင်ထားခြင်းသည် စိတ်သွားတိုင်း ကိုယ်ပါ စေလိုရာစေဖြစ်သည်။ သို့သော် လောင်စာဆီစရိတ်နှင့် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များကို မဖြစ်မနေ သုံးစွဲရသည်။ ကားတစ်စီးသည် စက် ယန္တရားစနစ်များ၏ အစုအဝေးတစ်ခုသာဖြစ်၍ လည်ပတ်လှုပ်ရှားနေသမျှ ပွန်းစားပျက်စီးမှုများ ရှိသည်။ အချိန်တန်လျှင် အစားထိုး လဲလှယ်ပေးရ သည်။ ပုံမှန် ပြုပြင်ထိန်းသိမ်းပေးရသည့်အပြင် တစ်ခါတစ်ရံတွင် ထူးခြား သော ဖြစ်စဉ်များကြောင့် ပျက်စီးတတ်ခြင်းများလည်း ရှိသည်။ ကား ဟောင်းလေ အသုံးများလေ ပျက်စီးချွတ်ယွင်းမှုများလေ ဖြစ်သည်။
ကားတစ်စီး၏ ချွတ်ယွင်းပျက်စီးမှု ပြသနာများကို ယာဉ်မောင်းသူတို့ အာရုံစိုက် သတိမပြုမိပါက တစ်ချိန်တွင် ဘေးအန္တရာယ် ဖြစ်တတ်သည်။ ပိုမိုဆိုးဝါးစွာ ပျက်စီးသွားတတ်သည်။ လမ်းပေါ်တွင် မောင်နှင်နေသော ကားတစ်စီးသည် ချွတ်ယွင်းပျက်စီးမှု၏ ရှေ့ပြေးလက္ခဏာအဖြစ် ထူးခြား သော မြည်သံအမျိုးမျိုး ထွက်ပေါ်လာတတ်သည်။ ထူးခြားသော မြည်သံ များထဲမှ အဓိက အရေးကြီးသည့် မြည်သံများကို ယာဉ်မောင်းသူတိုင်း အလေးထား ဂရုပြုသင့်သည်။

ထူးခြားသော ရှေ့ပြေးနိမိတ် မြည်သံ ငါးမျိုး

၁။ ကားဘီးများမှ တကျည်ကျည် မြည်ခြင်း
ကားမောင်းနေစဉ် ကားဘီးနားတစ်ဝိုက်မှ တကျည်ကျည် မြည်သံ ထွက်ပေါ်လာတတ်သည်။ ထိုအသံကြားရလျှင် ဂရုမစိုက်ဘဲ ကားကို ဆက်မမောင်းသင့်ပါ။ တကျည်ကျည် မြည်သံသည် မည်သည့်ကားဘီးမှ လာသည်ကို လေ့လာစူးစမ်းရမည်။ ရှေ့ဘီးလား၊ နောက်ဘီးလား၊ ဘယ် ဘက်လား၊ ညာဘက်လား။ မြည်သံသည့် ကား Hub Ball မှ ဖြစ်ခြင်း သေချာစေရန် စစ်ဆေးရမည်။ ကားဘီးကို တစ်ပတ်ချင်း ဖြည်းညင်းစွာ လိမ့်စေပြီး စစ်ဆေးနိုင်သည်။ သံသယရှိသောကားဘီးကို လှည့်ကြည့် စစ်ဆေးနိုင်သည်။ ကားဘီးကို လှည့်ကြည့်လျှင်၊ မြည်သံထွက်လာပြီး တစ်ချက်တစ်ချက် ထောက်နေမည်။ Hub Ball အလွတ် ကစားမှု ရှိမရှိ၊ ကားတာယာဘီးကို လက်နှစ်ဖက်ဖြင့် လှုပ်ရှားကစားကြည့်ပါ။
ကားတာယာဘီး Hub Ball ကြွေလျှင် ကားကို ဆက်လက်မောင်း နှင်၍ မရပါ။ အန္တရာယ်ရှိပါသည်။ ကားကို ဇွတ်အတင်း ဆက်လက်ရွေ့လျား စေလျှင် ပိုမို ပျက်စီးသွားစေပါသည်။ တစ်ခါတစ်ရံတွင် ကားဘရိတ်ရှူး နှင့် ဒရမ်တို့ကြားတွင် အခြားအရာဝတ္ထုတစ်ခုခု (စပရိန်၊ ကလစ်)ကြောင့် တကျည်ကျည်မြည်သံ ထွက်တတ်သည်။ ရောထွေးနေတတ်သော ထို အသံကို တိကျစွာခွဲခြားနိုင်စွမ်းမှာ ယာဉ်မောင်းအတွေ့အကြုံ ရင့်ကျက်မှု အပေါ်တွင် မူတည်သည်။
ကား Hub Ball လဲလှယ်ခြင်းသည် မခက်ခဲလှသော်လည်း လက်သုံး ကိရိယာတန်ဆာပလာ(Hand Tools)မစုံလင်ပါက လမ်းခရီးတွင် မိမိ ကိုယ်တိုင် လဲလှယ်ရန်မလွယ်ကူပါ။ အချို့ Hub Ball များကို ဖြုတ်/တပ် လုပ်ရသည်မှာ ကျွမ်းကျင်မှုအဆင့် အတွေ့အကြုံ လိုအပ်ပါသည်။
နီးစပ်ရာ ကားဝပ်ရှော့တစ်ခုခုမှ စက်ဆရာတစ်ဦး၏ အကူအညီကို တောင်းယူရပါမည်။ အသစ်အစားထိုး လဲလှယ်ရမည့် Ball Bearing နံပါတ်၊ အမျိုးအစားတူကို ဝယ်ယူရပါမည်။
၂။ ဘရိတ်ရှူးခြမ်းသံထည်နှင့် ပွတ်တိုက်သံ
ဘရိတ်ရှူးများကို ပုံမှန် စစ်ဆေးထိန်းသိမ်းခြင်းမရှိသော ကားများ သည် လမ်းခရီးတွင် ဘရိတ်ရှူးခြမ်း ဒုက္ခပေးတတ်ပါသည်။ ဘရိတ်ရှူး လိုင်နာပါး၍ ကုန်သွားပါက သံခြမ်းနှင့် ဘရိတ်ဒရမ်တို့ ပွတ်တိုက်သံများ ထွက်လာတတ်ပါသည်။ မည်သည့်ကားဘီးမှ အသံမြည်နေသည်ကို ဦးစွာ ရှာဖွေရပါမည်။ ဘရိတ်ရှူးခြမ်းလိုင်နာ ကုန်နေသည်ကို ဂရုမပြုဘဲ ကား ဆက်မောင်းနေပါက သံထည်ချင်းပွတ်တိုက်၍ ပွန်းစားကုန်ပါမည်။ ထို့ပြင် ဘရိတ်ဖမ်းအား ကျဆင်းသွားပြီး အရေးပေါ်ဘရိတ်ဖမ်းပါက မိမိ မှန်းဆ သလောက် ဘရိတ်မမိနိုင်တော့ပါ။ ဘရိတ်သည် ကားတစ်စီးအတွက် အ ရေးကြီးသော အစိတ်အပိုင်းဖြစ်၍ အမြန်ဆုံး ပြုပြင်သင့်ပါသည်။
အသံမြည်သော ကားဘီးကို ဘရိတ်ရှူး လဲလှယ်ခြင်းနှင့်အတူ ကျန် နေသော ကားဘီးဘရိတ်များ၏ အခြေအနေကို တစ်လက်စတည်း စစ် ဆေး၍ ပြုပြင်သင့်ပါသည်။ ကားဘရိတ်နှင့် ပတ်သက်လျှင် ‘ခဏ မှေး ထားလိုက်ဦး၊ နောက်မှပြင်မယ်’ဆိုသော အယူအဆများသည် အန္တရာယ် ကို ဖိတ်ခေါ်နေသည်နှင့် တူပါသည်။
၃။ ကားမောင်းနေစဉ် အင်ဂျင်ခန်းမှ တရှူးရှူးမြည်သံထွက်ခြင်း
ကားမောင်းလာရာမှ စက်ရပ်လိုက်စဉ် အင်ဂျင်ခန်းမှ တရှူးရှူးမြည် သံကြားနေရခြင်း၊ မောင်းနေစဉ် ထိုကဲ့သို့ မြည်သံကြားရခြင်းတို့သည် ကားရေဆူသောလက္ခဏာ ဖြစ်ပါသည်။ ယာဉ်မောင်းသူသည် ကားဒတ်ချ် ဘုတ်မှ Heat Gauge ကို သတိမထားမိဘဲ မောင်းရာလာမှ Overheat ဖြစ်ပြီး ရေတိုင်ကီ ရေဆူရခြင်းဖြစ်သည်။
ကားရေဆူလျှင် ဆက်မောင်း၍မရပါ။ ကားရေဆူရသော အကြောင်း ရင်းများစွာ ရှိပါသည်။ Heat တက်နေသည်ကို သတိမထားမိဘဲ နောက် ဆုံး ရေနွေးငွေ့များ တရှူးရှူး ပန်းထွက်သံကြားရမှ သင့်ကားအင်ဂျင် ရေဆူနေမှန်း သိလိုက်ရခြင်း ဖြစ်သည်။
ကားစက်ဖုံးလှန်၍ ရေနွေးငွေ့များ မည်သည့်နေရာက ပန်းထွက်နေ သည်ကို ရှာဖွေပါ။ အင်ဂျင်အေးသွားအောင် ခေတ္တစောင့်ဆိုင်းပါ။ ဝါးတား ပိုက် ကွဲထွက်သလား၊ ရေတိုင်ကီ ပေါက်သလား၊ စစ်ဆေးပါ။ ဝါးတား ပိုက် ကွဲထွက်ခြင်း၊ ပြုတ်ထွက်ခြင်းသည် ပြုပြင်ရလွယ်ကူသော်လည်း ရေတိုင်ကီပေါက်နေပါက ချက်ချင်းကုသ၍ မရပါ။ ရေတိုင်ကီပြင်ဆိုင်သို့ ပို့ရပါမည်။ ဝါးတားပိုက်ကြောင့်ဖြစ်လျှင် ပိုက်သစ်လဲတပ်ပေးပါ။ ရေတိုင် ကီတွင်းသို့ ရေသန့်ဖြည့်ပေးပြီး ရေယိုနေသော နေရာရှိမရှိ စစ်ဆေးပါ။ ပန်ကာကြိုး ကောင်းမကောင်း၊ တင်းမတင်း စစ်ဆေးပါ။ လိုအပ်ပါက ပန်ကာကြိုး လဲပေးပါ။ လျှပ်စစ် Fan သီးသန့်လည်သော ကားများတွင် ပန်ကာလည်အား ကောင်းမကောင်း စစ်ဆေးပါ။ ရေလိုင်း တစ်လျှောက် ရေလုံလျှင် ကားစက်နိုးကြည့်၍ အပူချိန်တက်မတက် စစ်ဆေးပါ။ ရေတိုင် ကီမှ ရေယိုစိမ့်နေသော်လည်း လမ်းတွင် မကြာခဏ ရေပြန်ဖြည့်ပြီး ကား ကို ဝပ်ရှော့ရောက်အောင်ပြန်၍ မောင်းလာနိုင်ပါသည်။
ကားအအေးခံစနစ် ရေဆူရခြင်း အကြောင်းရင်းများကို ဝပ်ရှော့ တွင် စစ်ဆေးပါ။ အားနည်းချက်များကို စစ်ဆေးပြုပြင်လျှင် သင့်ကား ပုံမှန် ပြန်လည်အသုံးပြုနိုင်ပါမည်။ ကားရေဆူခြင်းကြောင့် ဂတ်စ်ကတ် ပြတ်မပြတ်ကို ဝပ်ရှော့စက်ဆရာကို စစ်ဆေးခိုင်းပါ။ ဂတ်စ်ကတ် ပြတ် လျှင် ရေလိုင်းထဲသို့ အင်ဂျင်ဝိုင် ကူးလာနိုင်သည်။ သို့မဟုတ် အင်ဂျင် ဝိုင်ထဲသို့ ရေများ ဝင်ရောက်ရောနှောတတ်သည်။ ရေရောသော အင် ဂျင်ဝိုင်များ ဖြူနေတတ်သည်။ ရေတိုင်ကီထဲ ဆီများဝေ့နေလျှင် ရေလိုင်း ထဲ ဆီရောက်နေခြင်းဖြစ်သည်။ ဂတ်စ်ကတ်ပြတ်လျှင် အင်ဂျင်ဟတ်ဖွင့်၍ အသစ် လဲလှယ်ရမည်။
၄။ အင်ဂျင်မှ တိုက်ပစ်မြည်သံထွက်ခြင်း
အင်ဂျင်လည်ပတ်နေစဉ် အင်ဂျင်မှ ထူးခြားသော တိုက်ပစ်မြည်သံ ကြားရလျှင် ကားစက်ကို ချက်ချင်းရပ်၍ စစ်ဆေးသင့်သည်။ အင်ဂျင် Head , Cam Shaft နှင့် Valve များသို့ အင်ဂျင်ဝိုင် အတက်နည်း၍၊ သို့မဟုတ် လုံးဝမတက်၍ အသံမြည်ခြင်းဖြစ်သည်။ အင်ဂျင်ဝိုင် အတက် နည်းခြင်း အကြောင်းများစွာရှိသည်။ အင်ဂျင်ဝိုင် Level ကျဆင်းပြီး အင်ဂျင်ဝိုင် နည်းလွန်းခြင်း၊ အင်ဂျင်ဝိုင်များ တစ်နေရာမှ ယိုစိမ့်ခြင်း၊ Crank Case ဆီခံခွက်နှင့် လမ်းပေါ်မှ အမာခံသစ်တုံး၊ ကျောက်တုံးများ နှင့်တိုက်မိပြီး ဆီယိုခြင်း၊ ဆီစစ်ဘူးပိတ်နေခြင်းစသော အကြောင်းတစ်ခုခု ကြောင့် အင်ဂျင်ဝိုင်အတက် နည်းနိုင်သည်။
စက်ရပ်ပြီး ခဏအကြာတွင် အင်ဂျင်ဝိုင် Level တိုင်းကြည့်ပါ။ ဆီ လျော့နေပါက အင်ဂျင်ဝိုင် ထပ်ဖြည့်ပေးပါ။ ဆီယိုနေသော နေရာ ရှိမရှိ စစ်ဆေးပါ။ ဆီဖြည့်လျှင် အမြင့်ဆုံး Level မကျော်ရ။
အင်ဂျင်ဝိုင် ထပ်ဖြည့်ပေးပြီး စက်နှိုးကြည့်ပါက အင်ဂျင်ဟတ်မှ မြည်သံ မပျောက်သေးလျှင် အင်ဂျင်ဝိုင် အချက်ပြမီး လင်း/မလင်း ကြည့် ပါ။ အင်ဂျင်ဝိုင် အတက်နည်းခြင်း၊ ဆီ Pressure ကျခြင်းသည် အင်ဂျင် ကို ပျက်စီးစေသည်။ အင်ဂျင်မှ ထူးခြားသော မြည်သံထွက်ခြင်းသည် မူမမှန်သော မီးလောင်ပေါက်ကွဲမှုကြောင့်လည်း ဖြစ်နိုင်သည်။ အောက် တိန်းညံ့သော လောင်စာသုံးခြင်း၊ မီးတိုင်မင် စောလွန်းနေခြင်း၊Knock Sensor ချွတ်ယွင်းနေခြင်း၊ မီးလောင်ပေါက်ကွဲခန်း(Chamber)များတွင် ကာဗွန်ချိုးများကပ်နေခြင်း စသော အကြောင်းများသည်လည်း အင်ဂျင်မှု မမှန်သောအသံကို ဖြစ်ပေါ်စေသည်။ မည်သို့ဖြစ်စေ၊ ကားအင်ဂျင်စက် သံ ပြောင်းလဲခြင်းသည် ချွတ်ယွင်းမှုရှိသော လက္ခဏာပြသခြင်း ဖြစ်သည်။ ချွတ်ယွင်း အားနည်းချက်ကို တွေ့အောင်ရှာ၍ ပြုပြင်ရမည်။
၅။ ကားမောင်းနေစဉ် အိပ်ဇောအသံ ပိုမိုကျယ်လောင်လာခြင်း
အိပ်ဇောစနစ်တွင် ချွတ်ယွင်းအားနည်းချက် တစ်ခုခုရှိပါက အိပ် ဇောပေါက်ကွဲသံ ပိုမိုဆူညံစွာ ပေါ်ထွက်လာတတ်သည်။ အိပ်ဇောစနစ် ချွတ်ယွင်းချက်ရှိ၍ အိပ်ဇောအသံ ကျယ်လောင်ခြင်းသည် အသံဆူညံရုံတင် မကဘဲ အန္တရာယ်ရှိသော အိပ်ဇောဓာတ်ငွေ့များကြောင့် လူတို့၏ အသက် ရှူလမ်းကြောင်းဆိုင်ရာ ပြသနာများ ဖြစ်ပေါ်စေသည်။
အိပ်ဇောစနစ် ပျက်စီးပါက မီးလောင်ပေါက်ကွဲပြီး ထွက်လာသော ဓာတ်ငွေ့များတွင် ကာဗွန်မိုနောက်ဆိုက်သည် အဆိပ်သင့် ဓာတ်ငွေ့ဖြစ်ပြီး အသံတိတ် လူသတ်သမားဖြစ်သည်။ လေထဲတွင် ကာဗွန်မိုနောက်ဆိုက် ဝ ဒသမ ဝ၈ ရာခိုင်နှုန်းပါရှိပါက ယင်းဓာတ်ငွေ့ကိုရှုရှိုက်မိသူတို့သည် မူးဝေ၊ ပျို့အန်ခြင်း၊ မေ့မျောခြင်းဖြစ်နိုင်သည်။ ကာဗွန်မိုနောက်ဆိုက် ၁ ရာခိုင်နှုန်းပါသော လေကိုရှူမိပါက သုံးမိနစ်အတွင်း သေဆုံးသွားနိုင်သည်။ ထို့ကြောင့် အိပ်ဇောစနစ်နှင့် Catalytic ကွန်ဗက်တာများကို စစ်ဆေး ပြုပြင်သင့်သည်။ အိပ်ဇောစနစ် မကောင်းပါက ပတ်ဝန်းကျင် လေထု ညစ်ညမ်းစေပြီး ဆူညံသံများ ဖြစ်ပေါ်စေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here