ကားတစ်စီးကို ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ခြင်း (အပိုင်း-၁၃)

949

(လေအေးပေးစနစ်)

Air Conditioner ကို မြန်မာဘာသာ သို့ ပြန်ဆိုပါက လေညွိစက်ဟု အဓိပ္ပာယ် ရသည်။ အခန်းအတွင်းရှိ အပူချိန်ကို အလိုရှိသလို ချိန်ညွိရယူနိုင်သောစက်ဖြစ်သည့်အတွက် လေညွိစက်ဟူသော မြန်မာဝေါဟာရသည် အသင့်တော်ဆုံးသော ဘာသာပြန်ဆိုမှုပင် ဖြစ်သည်။ သို့ရာတွင် Air conditioner (Aircon) ကို အသုံးပြုခြင်းကြောင့် ခြောက်သွေ့အေးမြသောလေကို ခံစားထိတွေ့ကြရသည့်အတွက် အရပ်အခေါ်အားဖြင့် လေအေးစက်၊ သို့မဟုတ် လေအေးပေးစက်ဟုသာ အများက သုံးနှုန်းလျက်ရှိနေကြသည်။

မော်တော်ကား တပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းစဉ်၌ လေအေးပေးစနစ်ထည့်သွင်း ထုတ်လုပ်မှုကို ဥရောပနိုင်ငံများက ၁၉၇ဝ ပြည့်နှစ်မတိုင်မီကတည်းက စတင်ခဲ့ကြသော်လည်း ဂျပန်မော်တော်ကား ကုမ္ပဏီများကမူ ၁၉၇ဝ ပြည့်လွန်နှစ်များသို့ ရောက်ရှိမှသာ စတင်နိုင်ခဲ့ကြသည်။

မော်တော်ကားတစ်စီး၌ လေအေးပေးစနစ်ကို ထည့်သွင်းတပ်ဆင်ထုတ်လုပ်နိုင်ရန်အတွက် အဓိကအားဖြင့် အချက်နှစ်ချက်ကို အခြေခံကာ စဉ်းစားတွက်ချက်ကြရသည်။ ပထမအချက်မှာ လေအေးပေးစက်အသုံးပြုမည့် မော်တော်ကားအတွင်းခန်း၏ အကျယ်အဝန်းနှင့် ထုထည်ပမာဏဖြစ်ပြီး ဒုတိယအချက်ကမူ အဆိုပါအတွင်းခန်း၌ စီးနင်းမည့် ခွင့်ပြုခရီးသည်ဦးရေပင် ဖြစ်သည်။

လေအေးပေးစနစ်တစ်ခုသည် အခန်းအပူချိန်ကို လိုသလို ချိန်ညွိရယူနိုင်ရေးအတွက် အဆိုပါအခန်း၏ အကျယ်အဝန်း၊ ထုထည် ပမာဏတို့နှင့် လိုက်လျောညီထွေဖြစ်သော ကွန်ပရက်ဆာ(Compressor) ၊ ကွန်ဒင်ဆာ (Condenser)၊ အီဗာပိုရေတာ (Evaporator) တို့ကို တပ်ဆင်ပေးရန် လိုအပ်သည်။ ဤနေရာတွင် Condenser ကို အရပ်အခေါ်အားဖြင့် အပူကွိုင်ဟူ၍ လည်းကောင်း၊ Evaporator ကို အရပ်အခေါ်အားဖြင့် အအေးကွိုင်ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲနေကြသည်ကို သိရှိထားသင့်ကြသည်။

မော်တော်ကားအတွင်းခန်းက ကျယ်ဝန်းလွန်းပြီး တပ်ဆင်မည့် ကွန်ပရက်ဆာ၊ ကွန်ဒင်ဆာ၊ အီဗာပိုရေတာ စသည်တို့က စွမ်းရည်နိမ့်နေမည်ဆိုပါက လိုအပ်သော အအေးဒီဂရီကို ချိန်ညွိရယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် မော်တော်ကားအတွင်းခန်း၏ အနေအထားအပေါ်မူတည်ပြီး စွမ်းအားအပြည့်အဝ ထုတ်ပေးနိုင်သော လေအေးပေးစက်ဆိုင်ရာ စက်ပစ္စည်းအစိတ်အပိုင်းများကို စနစ်တကျတွက်ချက်ကာ ပုံစံထုတ်ကြရခြင်း ဖြစ်သည်။

အလားတူပင် လေအေးပေးစက်တပ်ဆင်မည့် မော်တော်ကားအတွင်းခန်း၌ လိုက်ပါစီးနင်းမည့်ခွင့်ပြု ခရီးသည်ဦးရေအပေါ်မူတည်ပြီး လေအေးပေးစက် အစိတ်အပိုင်းများကို တွက်ချက်ရန်လည်း လိုအပ်သည်။ လူ့ခန္ဓာကိုယ်သည် အမြဲသဖြင့် အပူငွေ့များကို ထုတ်လွှတ်နေသော အရင်းအမြစ်တစ်ခု ဖြစ်နေသည့်အတွက် ယင်းအပူငွေ့များကို စုပ်ယူဖယ်ရှားရင်း ခြောက်သွေ့သန့်စင် အေးမြသောလေများကို ပို့လွှတ်နိုင်ရေးသည် လေအေးပေးစက် တပ်ဆင်ရေးလုပ်ငန်း၏ အနှစ်သာရပင် ဖြစ်သည်။

ဤနေရာတွင် လူတစ်ဦးနှင့်တစ်ဦး အပူငွေ့ထုတ်လွှတ်မှု ပမာဏချင်း တူညီမှုမရှိကြသည်ကိုလည်း လေအေးပေးစက် ထုတ်လုပ်မည့်ပညာရှင်များက ကြိုတင်သိရှိ စဉ်းစားချင့်ချိန်ကြပြီး ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးသည် ကိုယ်အလေးချိန်မတူပါက၊ အရပ်အမြင့်ချင်းမတူပါက ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အပူငွေ့ပမာဏများကလည်း တူညီကြမည် မဟုတ်ပေ။

သို့ရာတွင် လေအေးပေးစက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက နေအိမ်နှင့် လုပ်ငန်းသုံး လေအေးပေးစက်များကို ထုတ်လုပ်ရာ၌ ဖြစ်စေ၊ မော်တော်ကားသုံးလေအေးပေးစက်များကို ထုတ်လုပ်ရာ၌ဖြစ်စေ လူတစ်ဦးအတွက် စံအဖြစ် သတ်မှတ်ထားသည့် အပူငွေ့ထုတ်လွှတ်မှုနှုန်းများကိုသာ အခြေခံပြီး တွက်ချက် ထုတ်လုပ်လျက် ရှိနေကြသည်။

အဆိုပါစံနှုန်းများကို အခြေခံကာ ခရီးသည်နှစ်ဦးစီးနင်းမည့် အတွင်းခန်း၊ ခရီးသည် လေးဦးစီးနင်းမည့် အတွင်းခန်း၊ ခရီးသည် ခြောက်ဦးစီးနင်းမည့်အတွင်းခန်း စသည်ဖြင့် ခွင့်ပြုခရီးသည်ဦးရေအလိုက် စနစ်တကျ တွက်ချက်ပြီး ရရှိလာသော ကိန်းဂဏန်း အချက်အလက်များအရ လေအေးပေးစနစ် တစ်ခုလုံးကို ပုံစံရေးဆွဲ ထုတ်လုပ်ကြခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်း အသုံးပြုနေကြသော မော်တော်ကားများထဲတွင် ခရီးသည်နှစ်ဦးဆံ့ မီနီလိုက်ထရပ်နှင့် ပစ်ကပ်ကားငယ်ကလေးများမှသည် ခရီးသည် ၄၅ ဦးအထိ စီးနင်းနိုင်သော ဘတ်စ်ကားများ၊ ခရီးသည်ဦးရေ ခြောက်ဆယ်ကျော်အထိ စီးနင်းနိုင်သော နှစ်ထပ် ဘတ်စ်ကားများ၊ ခရီးသည်ဦးရေ ကိုးဆယ်ခန့်အထိ စီးနင်းနိုင်သော နှစ်စီးတွဲ ဘတ်စ်ကားများအထိပင် ရှိနေကြသည်ဖြစ်ရာ ထုတ်လုပ်မည့် မော်တော်ကားပုံစံ၊ အတွင်းခန်းအကျယ်အဝန်းနှင့် ခရီးသည်ဦးရေတို့ အပေါ်မူတည်ပြီး လေအေးပေးစက် အမျိုးမျိုးတို့ကို စနစ်တကျ တွက်ချက်ပုံစံထုတ်ကာ ထုတ်လုပ်တပ်ဆင်ပေးလျက် ရှိနေကြသည်။

သိပ္ပံစာရေးဆရာ ကိုကိုအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here