ကားတင်သွင်းမှု လျော့နည်းသွားခြင်းနှင့်အတူ စလစ်စျေးလည်း အနည်းငယ်ကျဆင်းသွားသည့် ရန်ကုန်ကားစျေးကွက်

867

ယခင်နှစ်များက ကားအသစ် အရောင်းအဝယ်နှင့် ကားဟောင်းအရောင်းအဝယ်မှာ စျေးကွက်တစ်ခုအပေါ်တွင် မျှတစွာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ညာမောင်းကားတစ်စီး တင်သွင်းမည်ဆိုလျှင် စလစ်ကပ်၍ တင်သွင်းရမည်ဖြစ်သလို ကြိုတင်ဝင်ငွေခွန်လည်းပေးဆောင်ရ၍ ကားသစ်နှင့် နံပါတ်ထွက်ပြီးသား ကားဟောင်းစျေးကွက်မှာ ကွာခြားချက် ကြီးမားသွားခဲ့သည်။ ယခုနှစ်အတွင်း ၁၃ဝဝ စီစီ ညာမောင်းကား တစ်စီးကို ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်တင်သွင်းမည်ဆိုပါက ကျပ်သိန်း ၂၅ဝ  ဝန်းကျင် ကျသင့်မည်ဖြစ်သောကြောင့် နံပါတ်ထွက်ပြီးသား ကားများနှင့် စျေးနှုန်းကွာဟချက် များသွားခဲ့သည်။ သို့ဖြစ်၍ ယခုနှစ် ကားသစ်တင်သွင်းမှုမှာ သိသိသာသာ လျော့နည်းသွားပြီး ကားဟောင်းစျေးကွက်မှာ ပို၍ အားကောင်းသွားခဲ့သည်။ ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ တစ်နှစ်လျှင် ကားအစီးရေ တစ်သိန်းကျော် တင်သွင်းမှုရှိခဲ့သော်လည်း ယခုနှစ်တွင်မူ မိုဒယ်ကန့်သတ်ချက် ကျဉ်းမြောင်းသွားခြင်းနှင့် တင်သွင်းစရာ ဖရီးပါမစ်ကား နည်းပါးသောကြောင့် ကားတင်သွင်းမှုမှာ သိသိသာသာ လျော့နည်းသွားကာ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ အစီးရေ ၆,၂ဝဝ ကျော်သာ ပါမစ်လျှောက်မှုရှိခဲ့ကြောင်း သိရသည်။

 

”အရင်နှစ်တွေက ၁၃ဝဝ စီစီကားတစ်စီးကို ရန်ကုန်လိုင်စင်နဲ့ တင်သွင်းမယ်ဆိုရင် သိန်းတစ်ရာနဲ့ သိန်း ၁၅ဝ ကြားမှာ တင်သွင်းလို့ ရပါတယ်၊ ဒီနှစ်ကျတော့ သိန်း ၂၃ဝ နဲ့ ၂၅ဝ ကြား သုံးမှပဲ ဝယ်လို့ရတဲ့အတွက် အသစ်နဲ့ အဟောင်းအရောင်းအဝယ်က မျှသွားပါတယ်၊ အသစ်လိုချင်တဲ့သူက သိန်းနှစ်ရာကျော်ပေးပြီး နံပါတ်သစ်ကားကို ဝယ်ယူကြသလို တချို့ကျတော့လည်း ဒီမှာသုံးပြီးသား ကားတွေကို သိန်းနှစ်ရာအောက်မှာ ဝယ်ယူကြတဲ့အတွက် အသစ်ကအသစ်စျေးကွက်၊ အဟောင်းကအဟောင်းစျေးကွက် ဖြစ်သွားပါတယ်၊ ပြီးခဲ့တဲ့ ၂ နှစ်၊ သုံးနှစ်လောက်ကတော့ ဒီမှာသုံးပြီးသားကားကို မဝယ်ချင်ကြတဲ့သူများတဲ့အတွက် အသစ်ပဲ သွင်းကြတယ်၊ ဒီနှစ်မှာတော့ အသစ်နဲ့အဟောင်းက စျေးနှုန်းအရမ်းကွာသွားတဲ့ အတွက် ကားဟောင်းစျေးကွက်က ပိုပြီးဖွံ့ဖြိုးလာဖို့ရှိပါတယ်”ဟု ‘ JPM ကားအရောင်းစင်တာ’မှ ကိုထိန်လင်းအောင်က ဆိုသည်။

 

အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများထဲတွင် ရန်ကုန်လိုင်စင်ဖြင့် Honda Fit Shuttle နှင့် Honda Insight ကားများသာ တင်သွင်းမှုများပြီး အရောင်းအဝယ်လည်းဖြစ်ကြောင်း သိရသည်။ လာမည့်နှစ်၏ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာမူဝါဒအရ ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးဖွယ်ရှိနေရာ ယခုနှစ်မကုန်မီအထိ ရသည့်အခွင့်အရေးဖြင့် ညာမောင်းကားများကို တင်သွင်းကြမည်ဖြစ်၍ နှစ်ကုန်ခါနီးသည်နှင့်အမျှ စလစ်စျေးမြင့် တက်လာဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း လာမည့်နှစ်မှစ၍ COE စနစ်ဖြင့် ကားတင်သွင်းမှုကို ထိန်းချုပ်မည်ဟု ပြောကြားခဲ့ရာ ရောက်ရှိပြီးသား ကားများကိုသာ အရောင်းအဝယ်ပြုလုပ်ရတော့မည် ဖြစ်ကြောင်း ကားဝယ်/ရောင်းများက ဆိုသည်။

 

”စလစ်ကပ်ပြီး ရန်ကုန်လိုင်စင်နဲ့ တင်သွင်းထားတဲ့ Honda Fit Shuttle ၊ Honda Insight ကားတွေကတော့ ထူးထူးခြားခြား အရောင်းအဝယ်ဖြစ်ပါတယ်၊ နှစ်ကုန်ခါနီးရင် ညာမောင်းကားတွေကို လေလံဆွဲ ဝယ်ယူလာကြမှာ ဖြစ်တဲ့အတွက် စလစ်စျေး မြင့်တက်သွားဖို့ ရှိပါတယ်၊ လာမယ့်နှစ်မှာ COE စနစ်ကျင့်သုံးမယ်ဆိုရင်လည်း ရောက်ရှိပြီး သားကားတွေကတော့ အတိုင်းအတာတစ်ခုအထိ စျေးတွေ မြင့်တက်သွားမှာပါ၊ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ ရန်ကုန်ဝယ်လက်ထက် နယ်ဝယ်လက်က ပိုများနေပြီး နယ်အဝယ်တွေက ရန်ကုန်လိုင်စင်ပဲ လိုချင်ကြတဲ့အတွက် အရောင်းအဝယ်လုပ်ရတာ ခက်နေပါတယ်၊ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း လာမယ့်နှစ်မှာ COE စနစ် ကျင့်သုံးမယ်၊ ဘယ်မောင်းပဲ ပေးသွင်းမယ်ဆိုရင်တော့ ကားဟောင်းတွေပဲ အရောင်းအဝယ် ပိုဖြစ်မှာပါ၊ နောက်ပိုင်းမှာ ကားတင်သွင်းဖို့ မလွယ်တော့တဲ့အတွက် ကားဝယ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဒီအတောအတွင်းမှာ ဝယ်ယူသင့်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုနိုင်က ဆိုသည်။

 

ယခုရက်ပိုင်းအတွင်း ကားတင်သွင်းမှု လျော့နည်းသွားခြင်းကြောင့် စလစ်စျေးများ အနည်းငယ်ပြန်လည် ကျဆင်းသွားပြီး သက်တမ်းနှစ် နှစ်ဆယ် လူစီးစလစ်သည် ကျပ်သိန်း ၁၁ဝ ဝန်းကျင်တွင် စျေးတန်းငြိမ်နေသည်။ ၂ဝ၁၇ ခုနှစ်အတွင်း ထုတ်ပေးထားသော တင်သွင်းခွင့်ပါမစ်များကို ယခုနှစ်ကုန်အထိသာ ပါမစ်သက်တမ်း တိုးပေးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက်လည်း ကားသစ်တင်သွင်းရန် ချိန်ဆနေရကြောင်း သိရသည်။ အောက်တိုဘာလအတွင်း YBS အို/ဟောင်းဘတ်စ်များကို ၁၉၉၈ မိုဒယ်အထိ တိုးမြင့်အပ်နှံခွင့်ပေးမည်ဖြစ်ရာ တင်ပြထားသောယာဉ်အစီးရေ သုံးရာကျော်ရှိသည့်အတွက် စလစ်စျေး အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here