ကားစျေးကွက်အလားအလာ

553

အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအတွင်း ကားတွေကို အထူးကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်း ကောက်ခံနေရာကနေ ၁ဝ ရာခိုင်နှုန်း လျှော့လိုက်ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ကားစျေးကွက် အကျဘက်ရောက်နေပြီလား၊ ဘာတွေပြောင်းလဲမလဲ ဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။ ကားစျေးကျမလား၊ တက်မလားလို့ မေးရုံနဲ့ တက်မယ်၊ ကျမယ်လို့တန်းဖြေရင် အဲဒီအဖြေဟာ မတိကျနိုင်ပါဘူး။ ဘယ်ကားကို ဆိုလိုချင်တာလဲ၊ နံပါတ်ထွက်ပြီးသားကားလား၊ မိုဒယ်အနိမ့်လား၊ ဒါမှမဟုတ်လည်း တန်ဖိုးကြီးကားလား၊ ထပ်ပြီးတင်သွင်းမယ့်ကားလား၊ မိုဒယ်မြင့်ကားလား စသဖြင့် အဲဒီအပေါ်မှာ မူတည်ပြီး အဖြေကလည်း ကွဲပြားပါလိမ့်မယ်။ အားလုံးသိမ်းကျုံးပြီး ကျမယ်၊ မကျဘူးလို့ပြောရင် ဒီအဖြေဟာ အားလုံးအတွက်တော့ မမှန်နိုင်ပါဘူး။

လက်ရှိအနေအထားအရ ကားစျေးကွက်အကြောင်းပြောမယ်ဆိုရင် အကြမ်းအားဖြင့် နှစ်ပိုင်းခွဲပြောရပါမယ်။ ကျပ်သိန်းသုံးရာဝန်းကျင်ကားတွေနဲ့ တန်ဖိုးကြီးကားတွေ ဆိုပြီး အကြမ်းအားဖြင့် ခွဲပြောမှ သင့်တော်ပါလိမ့်မယ်။

အပိုင်း (၁)

လက်ရှိ ကျွန်တော်တို့တိုင်းပြည်မှာ အဓိက အစီးများတာ ကျပ်သိန်းတစ်ရာကနေ သုံးရာဝန်းကျင်ကားတွေပါ။ နံပါတ်ထွက်ပြီးသား၊ လက်ရှိ ပြည်တွင်းမှာ စီးလက်စ Toyota Mark X ၊ Mark II ၊ Crown တွေ အပါအဝင် 1300 CC ကားတွေ အစီးများကြပါတယ်။ Japan Used ကားတွေပေါ့။ အဲဒီတန်ဖိုးဝန်းကျင်ကားတွေက နောက်ထပ်လည်း ထပ်ပြီး တင်သွင်းလို့ မလွယ်တော့ဘူး။ ဒီကားတွေ စျေးထပ်တက်ဦးမလား၊ ထိုးကျမလားဆိုတာက လက်ရှိ ပြည်တွင်းစျေးကွက်က Brand New ကားတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်အချိုးကျတာပါ။ Brand New တွေ လူ ကြိုက်ပိုပြီးများလာရင် Japan Used ကားတွေ စျေးထပ်ကျမယ်။ Brand New ကားတွေ လူသိပ်လက်မခံဘူးဆိုရင်တော့ ထပ်လည်းသွင်းလို့မရတော့တဲ့ ဒီ Japan Used ကားတွေ စျေးမာနေဦးပါမယ်။ ဒီတော့ ကိုယ့်လက်ထဲကကား စျေးတက်မလား၊ ကျမလားဆိုတာ Brand New တွေ စျေးကွက်မှာ ဘယ်လောက်နေရာယူနိုင်မလဲနဲ့သာ ချင့်ချိန်ကြည့်ကြပါ။

Brand New ဆိုတာတောင် BMW တို့၊ Mercedes တို့လို တန်ဖိုးကြီးကားတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ပြည်တွင်းထုတ်တဲ့ ကားတွေ၊ အိမ်နီးချင်းနိုင်ငံတွေမှာ တပ်ဆင်တဲ့ ကားတွေ၊ တစ်နည်းပြောရရင် ကျပ် သိန်းသုံးရာဝန်းကျင် ကားတွေနဲ့ပဲ ယှဉ်ရမှာပါ။

အပို်င်း (၂)

အခု ၂ဝ၁၈ ခုနှစ်မှာ ပြည်ပကနေ ကားတင်သွင်းမယ်ဆိုရင် အနိမ့်ဆုံး ၂ဝ၁၄ မိုဒယ်နဲ့အထက် တင်သွင်းရမယ်။ ဘယ်မောင်းပဲဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ USA ၊ Europe ဘက်က ဘယ်မောင်း ၂ဝ၁၄ မိုဒယ်အထက်ကားတွေရဲ့ တန်ဖိုးတွေက များပါတယ်။ တန်ဖိုးအားဖြင့် ကျပ်သိန်းငါးရာ၊ ခြောက်ရာကျော်ကနေ သိန်းနှစ်ထောင်၊ သုံးထောင်တန်ကားတွေအထိပေါ့။ ဒီတော့ တန်ဖိုးကြီး ကားစျေးအတက်၊ အကျကို ယှဉ်ချင်ရင် အခု ၂ဝ၁၈ ခုနှစ်မှာ ထပ်မံ တင်သွင်းလာနိုင်တဲ့ ကားတွေနဲ့ယှဉ်ပါ။ မိုဒယ်တွေလည်း ပိုမြင့်လာကုန်ပါပြီ။ အခုလို အင်ဂျင် 1501 CC – 2000 CC အထိ အခွန်လျှော့လိုက်တော့ ကားအမျိုးအစား အပေါ်မူတည်ပြီး ကျပ်သိန်းသုံးဆယ်လောက်ကနေ သိန်းခုနစ်ဆယ်လောက် အထိ သက်သာသွားပါမယ်။ သက်သာမယ်ဆိုတာကလည်း အသစ်ထပ်မံ တင်သွင်းမယ့်ကားနဲ့ ဆိပ်ကမ်းမှာ အခွန်မဆောင်ရသေးတဲ့ ကားတွေ အတွက်ပဲ အကျုံးဝင်မှာပါ။ ဆိပ်ကမ်းထုတ်ပြီးသားကားတွေနဲ့ နံပါတ်ထွက်ပြီးသား ကားတွေကတော့ ဒီအခွန်လျှော့တဲ့ကိစ္စမှာ ဘယ်လိုခံစားခွင့်မှ ရှိတော့မှာ မဟုတ်ပါဘူး။

 

ဥပမာအနေနဲ့ တွက်ပြပါမယ်။

အင်ဂျင် 1501 CC-2000 CC

CIF တစ်သောင်းခွဲတန်ကားဟာ အခွန်စုစုပေါင်း ကျပ် ၂၅၈ သိန်း ပေးဆောင်နေရာကနေ ကျပ် ၂၂၅ သိန်းပဲ ပေးဆောင်ရမှာဖြစ်လို့ ကျပ် ၃၃ သိန်း ပိုသက်သာသွားပါမယ်။

CIF သုံးသောင်းတန်ကား ဆိုရင်တော့ အခွန်စုစုပေါင်း ကျပ် ၅၃၅ သိန်းပေးဆောင်နေရာကနေ ကျပ်သိန်း ၄၇ဝ ပဲ ပေးဆောင်ရတော့မှာဖြစ်လို့ ကျပ် ၆၅ သိန်း ပိုသက်သာသွားပါလိမ့်မယ်။

အသစ်ထပ်ရောက်လာမယ့် ကားတွေ စျေးကျရင်တော့ သူနဲ့ တန်ဖိုးချင်း နီးစပ်မယ့် လက်ရှိစျေးကွက်က ကားတွေအပေါ်မှာ အနည်းနဲ့ အများ ရိုက်ခတ်မှုရှိလာပါမယ်။

ဆိုလိုချင်တာက ဒီအပိုင်း(၂)က ကားတွေကတော့ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မူဝါဒနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အခွန် အတက်/ အကျ၊ အခွန်ရာခိုင်နှုန်း အပြောင်း/အလဲစသဖြင့် အားလုံး တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ခြွင်းချက်အနေနဲ့ တန်ဖိုးကြီးပေမဲ့ ကိုယ်က ညာမောင်းပဲ စိတ်ဝင်စားလို့ ဘယ်မောင်းကို လုံးဝ ထည့်မတွက်ဘူးဆိုရင်တော့ ပြည်တွင်းစျေးကွက်ထဲက ညာမောင်းကားတွေနဲ့ပဲ စျေးယှဉ်ထိုး စဉ်းစားပါ။

မဝယ်ခင်၊ မရောင်းခင်မှာတော့ လက်ရှိစျေးကွက်၊ ပေါ်လစီ ဘယ်လိုကူးပြောင်းနေသလဲဆိုတာ မျက်ခြည်တော့မပြတ်စေချင်ပါ။ ဒါမှ အရောင်းမှား၊ အဝယ်မှား မဖြစ်ကြမှာပါ။

 

 

 

 

 

 

 

 

ကိုထွဋ်ထိပ် ( Distinct Trading Co.,ltd )

LEAVE A REPLY

Please enter your comment!
Please enter your name here