ခရီးစဉ်တစ်ခုတည်းဆီ ခရီးသည်တွေစုပေါင်းပြီး ကားတစ်စီးတည်းစီးနင်းအသုံးပြုခြင်းကို ကားစုပေါင်းအသုံးပြုခြင်း(Carpooling)လို့ ခေါ်ပါတယ်။ ကားတစ်စီးတည်းကို စုပေါင်းအသုံးပြုလိုက်တဲ့အတွက် လောင်စာဆီစရိတ်၊ လမ်းတံတားကြေးအစရှိတဲ့ ခရီးသွားလာစရိတ် တွေအပြင် ကားမောင်းတဲ့အခါရရှိတဲ့ စိတ်ဖိစီးမှုကိုပါ လျှော့ချပေးနိုင်ပါတယ်။ Carpooling က အသုံးပြုတဲ့ကားအစီးရေကို လျှော့ချပေးတဲ့အတွက် ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုတွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ကားပါကင် မလုံလောက်မှုတွေကိုပါ လျော့ကျစေနိုင်တာမို့ သဘာဝပတ်ဝန်းကျင်နဲ့လည်း ပိုပြီးသဟဇာတဖြစ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုတွေ မြင့်တက်နေတဲ့အချိန်တို့၊ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့အချိန်တို့မှာ နိုင်ငံအသီးသီးက အစိုးရတွေဟာ Carpooling စနစ်ကို ပိုပြီး အားပေးလေ့ရှိပါတယ်။
Carpooling စနစ်ကို နေ့စဉ်လုပ်ငန်းခွင်ဝင်နေသူတွေက ပိုသဘောကျလေ့ရှိပါတယ်။ ဃမေစသ-သူငညါ စနစ်ဟာ သယ်ယူပို့ဆောင်စရိတ် သိသိသာသာ သက်သာတဲ့အပြင် အသိမိတ်ဆွေတွေတိုးပွားပြီး လူမှုဆက်ဆံရေးအရည်အချင်းတွေလည်း တိုးတက်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီစနစ်ဟာ လုပ်ငန်းခွင်မှာ အချိန် ပိုယူရမယ့်ဝန်ထမ်းတွေ၊ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဝန်ထမ်းတွေအတွက်တော့ သိပ်အဆင်မပြေပါဘူး။ Carpooling စနစ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဒုတိယကမ္ဘာစစ်အတွင်း စားနပ်ရိက္ခာတွေ၊ လောင်စာဆီတွေကို သယ်ယူပို့ဆောင်တဲ့စနစ်အဖြစ် စပြီး လူသိများလာတာဖြစ်ပါတယ်။ နောက်ပိုင်း အခိုက်အတန့် တိမ်မြုပ်နေခဲ့ပြီး ၁၉၇၃ ခုနှစ် ရေနံအရေးအခင်းနဲ့ ၁၉၇၉ ခုနှစ် စွမ်းအင်အကျပ်အတည်းတွေကြောင့် ၁၉၇ဝ ပြည့်လွန်နှစ် အလယ်ပိုင်းလောက်မှာပြန်ပြီး ခေတ်စားလာခဲ့ပါတယ်။ အဲဒီအချိန်က အလုပ်သမားတွေ စုပေါင်းစီးနင်းကြတဲ့ Carpooling စနစ်ကို Chrysler နဲ့ 3M ကုမ္ပဏီက ဗန်ကားတွေနဲ့ စတင်ခဲ့ပါတယ်။ ၁၉၇ဝ ပြည့်လွန်နှစ်တွေနဲ့ ၂ဝဝဝ ပြည့်လွန်နှစ်တွေကြားမှာ Carpooling စနစ်ဟာ ရုတ်ခြည်းကျဆင်းခဲ့ပြီး ၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ လောင်စာဆီဈေးနှုန်း အကြီးအကျယ် ကျဆင်းခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။
Carpooling စနစ်ဟာ အင်တာနက်ကွန်ရက်အသုံးပြုမှု တိုးတက်လာတဲ့ ၂ဝဝ၅ ခုနှစ်လောက် ရောက်တဲ့အခါမှာတော့ ၁ဝ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ အင်တာနက်နဲ့ မိုဘိုင်းဖုန်း အသုံးပြု မှု ရေပန်းစားလာတဲ့အတွက် ပိုကျယ်ပြန့်လာပြီး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ချိတ်ဆက်အသုံးပြုလာနိုင်ပါတယ်။ ဥရောပမှာတော့ ဂျာမနီ အခြေစိုက် Mitfahrgelegenheit (Carpooling.com) ကုမ္ပဏီနဲ့ ပြင်သစ် အခြေစိုက် BlaBlaCar ကုမ္ပဏီတို့ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခရီးဝေးသွား Carpooling စနစ် အတော်ခေတ်စားခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် အစောပိုင်းကာလတွေမှာ အဲဒီကုမ္ပဏီတွေရဲ့ အင်တာနက်စာမျက်နှာတွေကို ဥရောပတစ်လွှားနဲ့ ကမ္ဘာအနှံ့က လူဦးရေ ခြောက်သန်းကျော်နဲ့ ၁ဝ သန်းကျော်အထိ အသုံးပြုခဲ့ကြပါတယ်။