ကားစက်ဖုံးထဲမှ ထွက်လာသည်မြွေက ကားပြတင်းမှန်အား ဦးခေါင်းဖြင့်ခေါက်မှု  သြစတြေးလျ၌ ဖြစ်ပွား

1004

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ တောင်ဘက်ရှိ အီဒင်မြို့တွင် မောင်းနှင်လာသော ကားတစ်စီး၏ စက်ဖုံးထဲမှ ထွက်လာသည့် ရှစ်ပေအရှည်ရှိ အနက်ရောင် မြွေတစ်ကောင်က ကားအတွင်း ဝင်လိုသည့်သဘောဖြင့် ကားပြတင်းမှန်အပြင်ဘက်ကို ဦးခေါင်းဖြင့် ခေါက်မှုဖြစ်ပွားခဲ့ကြောင်း ABC သတင်းဌာနကို ကိုးကား၍ The Telegraph သတင်းဌာနက ရေး သားဖော်ပြခဲ့သည်။

 

ယင်းဖြစ်ရပ်ကို ဖြန့်ချိရေး လုပ်ငန်းလုပ်ကိုင်သည့် Ted Ogier ဆိုသူက ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ကားစက်ဖုံးထဲမှ လျှော တိုက်ထွက်လာသည့်မြွေက ယာဉ်မောင်းဘက်ခြမ်း နောက် ကြည့်မှန်ကိုရစ်ပတ်၍ ကားပြတင်းမှန်ဆီသို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်။

 

”အထဲဝင်ချင်တဲ့ သဘောနဲ့ ပြတင်းမှန်ကို သုံး၊ လေးခါလောက် ခေါက်တာဗျ၊ နည်းနည်းနွေးတဲ့ အင်ဂျင်ခန်းထဲကနေ ဒီကောင်ကြီး ထွက်လာတာ” ဟု Ogier က ABC သတင်းဌာနကို ပြောပြသည်။ Ogier က လုပ်ဖော်ကိုင် ဖက်တစ်ဦးကို ဖုန်းဆက်ခေါ်ခဲ့ပြီး ၎င်းက တံမြက်စည်း တစ်ချောင်းဖြင့် မြွေကို မောင်းထုတ် ပေးခဲ့သည်။ Ogier သည် ကားအတွင်းခန်းထဲတွင် ပင့်ကူ တစ်ကောင်ကိုလည်း တွေ့ရှိခဲ့ဖူးသူဖြစ်ပြီး ယခုဖြစ်ရပ်မှာ ပင့်ကူတွေ့ရခြင်းလောက်တော့ ကြောက်စရာမကောင်းဟု ဆိုသည်။

 

”ပင့်ကူတွေကို သဘောမကျသလို မြွေမတွေကိုလည်း သဘောမကျပါဘူး”ဟု Ogier က ဆိုသည်။ ယခုဖြစ်ရပ် မတိုင်ခင် နှစ်ပတ်ခန့်အကြာကလည်း ဆစ်ဒနီတွင် ညနေခင်းလမ်းလျှောက်ရာမှ ကားရှိရာပြန်လာသည့် အမျိုးသားတစ်ဦးကို လူစိမ်းတစ်ယောက်က ကားရှေ့တာယာထဲသို့ မြွေတစ်ကောင်ဝင်သွားကြောင်း သတိပေးစာ ရေးသွားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ယင်းဖြစ်ရပ်တွင် မြွေကို ကားစက်ဖုံးထဲမှ တွေ့ရှိခဲ့ရကာ မြွေဖမ်းသူတစ်ယောက်ကို ခေါ်၍ မြွေကို ဖမ်းဆီးခဲ့ရသည်။ ဖြစ်ရပ်နှစ်ခုစလုံးတွင် တွေ့ရှိခဲ့ရသည့် ဝမ်းဗိုက်နီ အနက်ရောင် မြွေအမျိုးအစားမှာ အဆိပ်ရှိသော်လည်း ရန်ပြုမှ ကိုက်လေ့ရှိ သည့် မြွေအမျိုးအစား ဖြစ်ကြောင်းလည်း သိရသည်။

Ref: The Telegraph

LEAVE A REPLY

Please enter your comment!
Please enter your name here