ကာဗွန်ဖိုင်ဘာဖြင့်  တည်ဆောက်ကာ  ရွှေရောင်အိပ်ဇောပိုက်တပ်ဆင်ထားသည့် တစ်စီးတည်းသော Honda CB1000R Carbon Edition ကို တိုကျိုဆိုင်ကယ်ပြပွဲတွင် ပြသ

1063

၂ဝ၁၈ တိုကျိုဆိုင်ကယ်ပြပွဲတွင် တစ်စီးတည်းသာ ဖန်တီးထုတ်လုပ်ထားသော Honda CB1000R Carbon Edition  ကို ခင်းကျင်းပြသခဲ့ကြောင်း မတ် ၂၄ ရက်တွင် auto.ndtv သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

ဂျပန်ကုမ္ပဏီ Magical Racing က Honda CB1000R ၏ အစိတ်အပိုင်းအများစုကို ကာဗွန်ဖိုင်ဘာဖြင့် တည်ဆောက်ကာ ပို၍အလေးချိန်ပေါ့သည့် Honda CB1000R Carbon Edition အား ၂ဝ၁၈ တိုကျိုဆိုင်ကယ်ပြပွဲ၌ မိတ်ဆက်ပြသခဲ့ခြင်းဖြစ်သည်။

ဂျပန်ဆိုင်ကယ်ကုမ္ပဏီ Honda သည် ၂ဝဝ၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သော CBR1000R ဆိုင်ကယ်ကို ၂ဝ၁၈ မိုဒယ်၌ ပိုမိုဆွဲဆောင်မှုရှိသည့် ဒီဇိုင်းဖြစ်ရန် စတီးအောက်ခံထည်အသစ်၊ အလူမီနီယမ် Swingarm  ပါသော Showa ဆိုင်းထိန်းစနစ်၊ အဓိကမောင်းနှင်မှုပုံစံ လေးမျိုးတို့အပါအဝင်  အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ထားသည်။ ဆလင်ဒါလေးလုံးထိုး 998 CC အင်ဂျင်တပ်ဆင်ထားပြီး အင်ဂျင်တစ်မိနစ်လည်ပတ်နှုန်း (Rpm) ၁ဝ,၅ဝဝ တွင် မြင်းကောင် ရေ ၁၄၃ ကောင်အား ထုတ်ပေး သည့် Honda CB1000R သည် ဒီဇိုင်းပြောင်းလဲထားသော ၂ဝ၁၈ မိုဒယ်တွင် အလေးချိန် ပေါ့ပါးသွားသဖြင့် စွမ်းအင် ၂ဝ ရာခိုင်နှုန်း ပို၍ထုတ်ပေးနိုင်စွမ်း ရှိလာသည်။

Honda CB1000R Carbon Edition တွင် ဆိုင်ကယ် ဘီးခွေများအပြင် လက်ကိုင်၊ ကိုယ်ထည်၊ Singel-Sided Rear Rim ၊ Fender and Hugger ၊ Airbox Plates နှင့် ချိန်းကာတို့ကို ကာဗွန်ဖိုင်ဘာဖြင့်သာ ထည့်သွင်းတည်ဆောက်ထားပြီး ရွှေရောင်အိပ်ဇောပိုက် တပ်ပေးထားသည်။ Honda CB1000R Carbon Edition ကို 2018 Honda CB1000R မိုဒယ် အပေါ် စိတ်ဝင်စားမှုပိုရရန် တစ်စီးတည်းသာ တည်ဆောက်ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref : auto.ndtv.com

LEAVE A REPLY

Please enter your comment!
Please enter your name here