ကလေး-ရိဒ် ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ

148

 

ကလေး၊ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့သို့ ပြေးဆွဲသော ခရီးသည်တင်ယာဉ်လိုင်းများ ဇွန်လဒုတိယပတ်မှစ၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက)မှ သိရသည်။

“Covid-19 ကာလကြောင့် ခရီးသည်တင်ယာဉ်လိုင်းတွေ ရပ်နားထားရပြီးနောက်ပိုင်း ယာဉ်လိုင်းတွေအနေနဲ့ ပြန်လည်ပြေးဆွဲမယ်ဆိုရင် စာတင်ဖို့ ကြိုတင်အကြောင်းကြားထားတယ်၊ အခု ကလေး-ရိဒ်ပြေးဆွဲဖို့ စာတင်တာ ငါးသင်းရှိပြီ၊ အဲဒီ ငါးသင်းစလုံးလည်း ဒီရက်ပိုင်းပဲ စပြေးကြတယ်” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးစိုးဝင်းက ပြောကြားသည်။

လက်ရှိတွင် ကလေးမြို့အခြေစိုက် ယာဉ်လိုင်းများအနက် ပြည်အားမာန်၊ Shalom ၊ ပြည်ချစ်သား၊ ဒီကိုင်းနန်း စသော ယာဉ်လိုင်းများက ကလေး-ရိဒ်ခရီးစဉ် ပြန်လည်ပြေးဆွဲနေပြီး ယာဉ်စီးခများကိုလည်း ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန၏ ညွှန်ကြားချက်အတိုင်း ယခင်နှုန်းထက် တစ်ဆခွဲတိုးယူကာ ပြေးဆွဲလျက်ရှိကြောင်း၊ လတ်တလောတွင် ကလေး-ရိဒ်ပြေးဆွဲသော ယာဉ်လိုင်းများအားလုံး အသွားခရီးစဉ်တွင်သာ ခရီးသည်ရရှိပြီး အပြန်ခရီးစဉ်၌ ခရီးသည်မရှိသည့်အတွက် ခါလီပြန်နေရကြောင်း အဆိုပါယာဉ်လိုင်းများထံမှ စုံစမ်းသိရသည်။

“ရပ်နားထားရတာကြာနေလို့ ပြေးသာပြေးရတာ အသွားခရီးသည်ပဲရှိတယ်၊ ရိဒ်ကနေ ကလေးကို ပြန်လာရင် ခါလီပြန်ရတာများတယ်၊ လက်ရှိက လုပ်ငန်းစလည်ပတ်ဆဲအဆင့်ဆိုတော့ ရှေ့လျှောက် ဒီတိုင်းပဲဖြစ်နေဦးမှာပဲ” ဟု ကလေး-ရိဒ်ပြေးဆွဲနေသာ ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်အချင်းချင်း ချိတ်ဆက်ပြေးဆွဲသော ယာဉ်လိုင်းများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စသည့် ပြည်နယ်ပြင်ပရှိ တိုင်းဒေသကြီးများနှင့် ချိတ်ဆက်ပြေးဆွဲသော ယာဉ်လိုင်းများအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များသာမက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ညွှန်ကြားချက်များပါ တစ်သဝေမိတမ်းလိုက်နာရမည်ဖြစ်ကာ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိမရှိ တစ်ပတ်နှစ်ကြိမ် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနမှ ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here