ကလေး-ရန်ကုန်ယာဉ်လိုင်းအချို့ ခရီးသည် ပို့​ဆောင်မှု စတင်ရပ်နား

98

 

က​လေး၊ စက်တင်ဘာ ၁၁

ရန်ကုန်မြို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြေးဆွဲနေသော ရန်ကုန်-ကလေးယာဉ်လိုင်းများနှင့် ကလေး-ရန်ကုန်ယာဉ်လိုင်းအချို့ ယနေ့ စက်တင်ဘာလ ၁၁ ရက်မှ ခရီးသည်ပို့​ဆောင်မှု စတင်ရပ်နားလိုက်ကြကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက)မှ သိရသည်။

“ကျွန်တော်တို့ ကော်မတီကနေတော့ ယာဉ်အသင်းတွေကို ရပ်ခိုင်းတာတော့ မရှိဘူး၊ သို့သော်ငြားလည်း ကလေး-ရန်ကုန်ယာဉ်လိုင်းတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒီနေ့ကစပြီး ရပ်ကြတယ်၊ လက်မှတ်ကြိုဖြတ်ထားတဲ့ ခရီးသည်တွေကိုလည်း ယာဉ်လိုင်းတွေက ဒီနေ့ပဲ ငွေပြန်အမ်းပေးကြတယ်” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးစိုး၀င်းက ပြောကြားသည်။

ကလေးမြို့တွင် တက်လမ်း၊ High Class ၊ ရွှေမန္တလာ၊ ချင်းတောင်တန်း၊ တင့်တိုင်းအောင်၊ ရွှေစင်စင်္ကြာ၊ E Lite စသော ကလေး-ရန်ကုန်ပြေးဆွဲသည့် ယာဉ်လိုင်း ခုနစ်လိုင်းရှိပြီး ယခုအခါ ရန်ကုန်မြို့တွင် Covid-19 ရောဂါကူးစက်မှု များပြားလာသည့်အတွက် ယင်းသို့ ယာယီရပ်နားခြင်းဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“ကလေး-ရန်ကုန် တချို့ယာဉ်လိုင်းတွေတော့ ခရီးသည်တော့မပါဘူး၊ ကုန်စည်စီးဆင်းမှုမပြတ်အောင် ကုန်ပစ္စည်းလေးတွေနဲ့ သွားလာကြမယ်လို့ သိထားတယ်၊ လောလောဆယ်တော့ ရက်အကန့်အသတ် ရပ်နားကြတယ်၊ ရောဂါပွားမှု အခြေအနေအပေါ်မှာ မူတည်ပြီး ပြန်ဖွင့်ကြမယ်ပေါ့” ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက) ဥက္ကဌ ဦးစိုး၀င်းက ထပ်မံဆိုသည်။

ယခုယာဉ်လိုင်းများ ယာယီမရပ်နားမီ ကာလကလည်း ရန်ကုန်မြို့မှ ကလေးမြို့သို့ ပြေးဆွဲသော ယာဉ်လိုင်းများနှင့် ပါရှိသော ခရီးသည်များအား ကျန်းမာရေးထောက်ခံချက်ပါမပါ စိစစ်၍လည်းကောင်း၊ ခရီးသွားရာဇ၀င် စိစစ်၍လည်းကောင်း၊ Quarantine စင်တာများသို့ ပို့ဆောင်၍ ၂၁ ရက် နေထိုင်စေခြင်းဖြင့် လည်းကောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေ့စဉ် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း တာ၀န်ရှိသူများထံမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

ဓာတ်ပုံ- ကလေး-ရန်ကုန် ယာဉ်လိုင်းများအား ကလေးမြို့ ကားကြီးကွင်းအတွင်း တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here