ကလေး-မုံရွာ ကုန်တန်ဆာခ အနည်းငယ်တက်

130

 

ကလေး၊ အောက်တိုဘာ ၁၇

ယခု Covid-19 ဒုတိယလှှိုင်းကာလအတွင်း ကုန်တင်ကားကြီးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပုံမှန်ပြေးဆွဲခွင့်ပေးထားသော်လည်း အသွားတစ်ကြောင်းသာ ကုန်စည်ရရှိသဖြင့် ကလေး-မုံရွာ ကုန်တန်ဆာခများ အနည်းငယ်တက်လာကြောင်း အဆိုပါကုန်စည်ပို့ဆောင်ရေးဂိတ်များထံမှ စုံစမ်းသိရသည်။

“ဒီရက်ပိုင်း မုံရွာကနေ ကလေးမြို့သွားရင် ကုန်ပစ္စည်းရတယ်၊ ကလေးကနေ မုံရွာပြန်ရင် ကုန်စည်မရဘူး၊ ခါလီပြန်ရတာများတော့ အသွားတစ်ကြောင်းပဲ ကုန်စည်ရသလိုဖြစ်နေတာပေါ့၊ ဒါကြောင့် ဒီရက်ပိုင်း တန်ဆာခတော့ အနည်းငယ်တက်သွားတယ်” ဟု ကလေး-မုံရွာပြေးဆွဲနေသော မြင့်မြတ်ကံသာ ကုန်စည်ပို့ဆောင်ရေးဂိတ်မှ ကုန်တင်/ကုန်ချလုပ်နေသူ ဦးကျော်က ဆိုသည်။

မုံရွာမြို့မှ ကလေးမြို့သို့သွားရောက်ပါက ယခုရက်ပိုင်း ငါးပိ၊ ဆား၊ ကွမ်းရွက် စသည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ပို့ဆောင်ရသော်လည်း ကလေးမြို့မှ မုံရွာမြို့သို့ အပြန်ခရီးတွင် ကုန်စည်မပါဘဲ ခါလီပြန်ရမှုများနေသည့်အတွက် ကုန်စည်တန်ဆာခ အနည်းငယ်တက်သွားခြင်းဖြစ်ကြောင်း အဆိုပါကုန်စည်ပို့ဆောင်ရေးဂိတ်များမှ သိရသည်။

“အရင်လကတော့ ကလေးကနေ မုံရွာပြန်ရင် ဆန်၊ ဆန်ကွဲ၊ နှမ်း၊ ကုလားပဲ စတဲ့ ဒေသထွက်ကုန်လေးတွေပါတော့ နည်းနည်း အဆင်ပြေသေးတယ်၊ မဆိုးဘူးပေါ့၊ အခု ဒီလထဲကျတော့ ကုန်စည်က အသွားတစ်ကြောင်းပဲရပြီး အပြန်ကမရတော့ အဆင်မပြေတော့ဘူးပေါ့၊ ဒါကြောင့် ကုန်တန်ဆာခ တိုးယူလိုက်ရတာ” ဟု ကလေး-မုံရွာ ကုန်စည်ပို့ဆောင်ရေးဂိတ်မှူးတစ်ဦးက ဆိုသည်။

ကလေး-မုံရွာ၊ မုံရွာ-ကလေး ကုန်စည်ပို့ဆောင်ရာတွင် ၆ ဘီး၊ ၁၂ ဘီးကားများဖြင့် မြင့်မြတ်ကံသာ၊ ရွှေကံသာ၊ ရွှေညီကို စသော ကုန်စည်ပို့ဆောင်ရေးအသင်းများက ပုံမှန်ပြေးဆွဲလျက်ရှိပြီး ယခုရက်ပိုင်း ကုန်စည် ဝန်ကျစ် တစ်ပိဿာလျှင် ကျပ် ခြောက်ဆယ်ဝန်းကျင်၊ ကုန်စည် ဝန်ကျယ် တစ်ပိဿာလျှင် ကျပ် ခုနစ်ဆယ်ဝန်းကျင် စသော တန်ဆာခနှုန်းထားများ ဈေးပေါက်နေကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here