ကလေး-မုံရွာအပါအ၀င် စစ်ကိုင်းတိုင်းအတွင်း ပြေးဆွဲသော ယာဉ်လိုင်းများအား ပြေးဆွဲခွင့်ပေးထား

92

 

က​လေး၊ စက်တင်ဘာ ၁၄

ကလေးမြို့နှင့် မုံရွာ ခရီးစဉ်ပြေးဆွဲသော ယာဉ်လိုင်းများ အပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ချင်းဆက် ပြေးဆွဲသော ယာဉ်လိုင်းများကို ပိတ်ပင်ထားခြင်းမရှိဘဲ ခွင့်ပြုပေးထားလျက်ရှိကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက)မှ သိရသည်။

“မန္တလေးဘက်ခြမ်းက ပိတ်တော့ ကလေး-မန္တလေး ယာဉ်လိုင်းတွေတော့ ပိတ်သွားပြီ၊ ကလေး-မုံရွာလိုင်းတွေနဲ့ စစ်ကိုင်းတိုင်းအတွင်း ယာဉ်လိုင်းတွေတော့ ပြေးဆွဲလို့ရနေသေးတယ်၊ လက်ရှိအချိန်အထိလည်း နေ့စဉ်ပြေးဆွဲနေဆဲပဲ” ဟု အဆိုပါ ကော်မတီ ဥက္ကဌ ဦးစိုး၀င်းက ပြောကြားသည်။

လတ်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော် မုံရွာမြို့နှင့် အခြား တိုင်းနှင့်ပြည်နယ်များသို့ ပြေးဆွဲသော ယာဉ်လိုင်းများကို Covid-19 ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ပင်လိုက်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ချင်းဆက် ခရီးစဉ်များကိုမူ ပုံမှန်ပြေးဆွဲခွင့်ပေးထားကြောင်း ယာဉ်အသင်းများထံမှ စုံစမ်းသိရသည်။

“စစ်ကိုင်းတိုင်းအတွင်း ယာဉ်လိုင်းတွေက ပြေးဆွဲခွင့်ရတယ်၊ ကုန်တင်ကားတွေလည်း ပြေးဆွဲခွင့်ရတယ်၊ အဓိက တခြားတိုင်းနဲ့ ပြည်နယ်တွေဆီ ပြေးဆွဲခွင့်ယာယီပိတ်တာပါ” ဟု မုံရွာမြို့ခံ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ချင်းဆက် ပြေးဆွဲသော ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် နေ့စဉ်ပြေးဆွဲနေသော်လည်း ခရီးသည်အလွန်နည်းပါးလျက်ရှိပြီး ကုန်ပစ္စည်းတင်ဆောင်မှုကိုသာ အားထားနေရကြောင်း ကလေး-မုံရွာယာဉ်လိုင်းများမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here