ကလေး-မန္တလေး-ပြင်ဦးလွင် ယာဉ်လိုင်းအချို့ ခရီးသည်တင်ဆောင်ပြေးဆွဲခွင့်မရရှိ၍ ကုန်တန်ဆာပစ္စည်းသီးသန့် တင်ဆောင်ပြေးဆွဲနေရဟုဆို

164

 

က​လေး၊ ​အောက်တိုဘာ ၁
ကလေး-မန္တလေး-ပြင်ဦးလွင်ပြေးဆွဲသော ခရီးသည်တင်ယာဉ်လိုင်းများ ယာယီ ရပ်နားထားရသည့်အတွက် ဒေသအသီးသီးရှိ ကုန်တန်ဆာပစ္စည်းပါးလိုသူများ အဆင်ပြေစေရန် ပေါ့ပါးသောကုန်ပစ္စည်းသီးသန့်တင်ဆောင်၍ ပြောင်းဆွဲနေရကြောင်း ကလေးမြို့အခြေစိုက် ယာဉ်လိုင်းများထံမှ သိရသည်။
“ကလေး-မန္တလေး-ပြင်ဦးလွင်-နေပြည်တော် စတဲ့ ယာဉ်လိုင်းတွေအားလုံး ရပ်နားထားရတော့ လောလောဆယ်မှာ ကုန်တန်ဆာလေးတွေနဲ့ ပြေးပေးနေတယ်၊ ခရီးသည်တော့ မပါဘူးပေါ့၊ ခရီးသည်မပါတော့ဘဲ ကုန်ပစ္စည်းပါးချင်တဲ့သူတွေလည်း အဆင်ပြေအောင် ကျွန်တော်တို့ဘက်လည်း ကားဒရိုင်ဘာတွေ စားသောက်ဖို့ ထမင်းစရိတ်လေး ကာအောင်ဆိုပြီး ကုန်ပစ္စည်းသီးသန့် ယာယီပြေးဆွဲပေးနေတာ” ဟု ကလေး-မန္တလေးပြေးဆွဲနေသော ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။

လတ်တလောတွင် ကလေး-မန္တလေး ခရီးသည်တင်ယာဉ်လိုင်းများအပြင် ကလေးမြို့နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များ၊ မကွေးတိုင်းနှင့် ရန်ကုန်မြို့သို့ ပြေးဆွဲသော ခရီးသည်တင်ယာဉ်လိုင်းများပါ ယခုလ လ၀က်ခန့်ကတည်းက ယာယီရပ်နားထားလိုက်ရသည်။ ထိုသို့ ရပ်နားထားရမှုကြောင့် ဒရိုင်ဘာများနှင့် စပါယ်ယာများသည် ယခင်ကတည်းက ခေါက်ကြေးသာရသဖြင့် ယခုကာလ၌ စား၀တ်နေရေး အခက်တွေ့လာကြောင်း၊ ထို့ပြင် ယာဉ်လိုင်းပိုင်ရှင်များအနေဖြင့်လည်း မြို့အသီးသီးရှိ ဂိတ်ခန်းငှားထားရသည့်စရိတ်၊ ၀န်ထမ်းလခမဟုတ်သော်ငြား ထောက်ပံ့ပေးရသည့်စရိတ်တို့မှာ လစဉ်ထွက်ငွေရှိနေသည့်အတွက် အဆိုပါကုန်ကျစရိတ်များ အနည်းငယ်ဖာထေးနိုင်ရန် ယင်းသို့ ကုန်တန်ဆာပစ္စည်းများသီးသန့်ဖြင့် ယာယီပြေးဆွဲနေရခြင်းဖြစ်ကြောင်း ကလေး-မန္တလေး ယာဉ်လိုင်းအချို့မှ သိရသည်။

“ဒရိုင်ဘာနဲ့ စပါယ်ယာတွေ အရင်လို ၀င်ငွေမရတော့ပေမဲ့ ထမင်းစရိတ်လေးရအောင် ဂိတ်အတွက်လည်း ၀န်ထမ်းတွေကို လစဉ်ထောက်ပံ့နိုင်အောင်ဆိုပြီး ကုန်တန်ဆာပစ္စည်းသီးသန့်နဲ့ ပြေးပေးနေတယ်၊ ပြေးဆွဲတာကတော့ အရင်ပြေးနေတဲ့ အန်စာတုံးကားလေးတွေနဲ့ရော၊ ခွေးဘီလူးကားနဲ့ရော ခရီးသည်မပါတော့ဘဲ ကုန်တန်ဆာပစ္စည်းသီးသန့်ပေါ့” ဟု ကလေး-မန္တလေး ပြေးဆွဲနေသော ရွှေလွင်ပြင်ယာဉ်လိုင်းမှ ဂိတ်ပိုင် ကိုစောမင်းလတ်က ဆိုသည်။

Covid-19 ပထမလှိုင်းကာလကလည်း ခရီးသည်တင်ယာဉ်လိုင်းများ များစွာအထိနာခဲ့ပြီး ပြန်လည်အရှိန်ရခါနီးကာလတွင် Covid-19 ဒုတိယလှိုင်းပြန်ဖြစ်လာသည့်အတွက် အရှုံးဖြင့်ရင်ဆိုင်လာရကြောင်း ကလေး-မန္တလေးယာဉ်လိုင်းပိုင်ရှင်အချို့က ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here