ကလေး၊ ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ချင်းပြည်နယ် ဖလမ်း၊ ဟားခါးသို့ ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများမှာ Covid-19 ရောဂါကပ်ဘေးကြောင့် နှစ်လခန့် ယာယီရပ်နားထားခဲ့ကြရာမှ မကြာမီ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
“အရင်တုန်းကတော့ ကလေးကနေ ဖလမ်း၊ ဟားခါးကိုသွားလည်း Quarantine ဝင်ရတယ်၊ ဟားခါး၊ ဖလမ်းကနေ ကလေးမြို့လာရင်လည်း Quarantine ဝင်ရတယ်ပေ့ါ၊ အခုကျတော့ ကလေးမြို့မှာရော တောင်ပေါ်မှာရော လတ်တလောမှာ ရောဂါပိုးတွေ့တဲ့သူမရှိတော့တာကြောင့် မြို့နယ်နဲ့ ရပ်ကွက်ထောက်ခံချက်ပါရင်ကို အဆင်ပြေပြီလို့ သိရတယ်၊ ပြောချင်တာက ကလေးကနေ ဟားခါးကိုသွားမယ်ဆိုရင် ကိုယ်နေထိုင်တဲ့ရပ်ကွက်ကနေ ထောက်ခံချက်ယူမယ်၊ မြို့နယ်ကနေ ထောက်ခံချက်ယူမယ်၊ အဲဒီထောက်ခံချက်နဲ့သွားရင် Quarantine ဝင်စရာမလိုတော့ဘူးပေါ့၊ ဒါကြောင့် အခု ကလေး-ဖလမ်း-ဟားခါးယာဉ်လိုင်းတွေ ဒီရက်ပိုင်းအတွင်း ပြန်ပြေးဆွဲကြမယ်” ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက) ဥက္ကဌ ဦးစိုးဝင်းက ပြောကြားသည်။
ကလေး-ဖလမ်း-ဟားခါးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်သော်လည်း ကလေး-တီးတိန်-ရိဒ်ယာဉ်လိုင်းများမှာမူ ပြေးဆွဲရန် မဖြစ်နိုင်သေးဘဲ လတ်တလောတွင် ဌာနဆိုင်ရာဝန်ထမ်းများသာ ရုံးကိစ္စဖြင့် ခရီးသွားလာမှုရှိကြောင်း ချင်းတောင်တက်ယာဉ်လိုင်းများထံမှ သိရသည်။
“ရိဒ်ကိုသွားကြတဲ့သူအများစုက အိန္ဒိယနဲ့ ကုန်စည်စီးဆင်းမှုကိစ္စတွေ အလုပ်ကိစ္စတွေနဲ့ သွားကြတာဖြစ်တဲ့အတွက် လောလောဆယ်မှာ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်က ပိတ်ထားဆဲဖြစ်လို့ ရိဒ်ဘက်က သွားလို့အဆင်မပြေသေးဘူး၊ လောလောဆယ်မှာ ကလေး-ဖလမ်း-ဟားခါးပဲ သွားလို့ အဆင်ပြေဦးမှာ၊ ဟားခါးခရီးစဉ်က သွားလို့သာသွားရမှာ ခရီးသွားသီးသန့်မရှိသေးဘူး၊ ဌာနဆိုင်ရာဝန်ထမ်းတွေလောက်ပဲ ရုံးကိစ္စနဲ့ ထသွားထလာရှိကြတာ” ဟု ကလေး-ဟားခါးခရီးစဉ် ပြန်လည်ပြေးဆွဲတော့မည့် ရွှေလွင်ပြင်ယာဉ်လိုင်းမှ ဂိတ်ပိုင် ကိုစောမင်းလတ်က ဆိုသည်။
ယာဉ်လိုင်းအချို့ ကလေး-ဖလမ်း-ဟားခါး ခရီးစဉ်ပြန်လည်ပြေးဆွဲရာ၌ ခရီးသည်အလွန်နည်းပါးနေနိုင်သေးသည့်အပြင် သတ်မှတ်ထိုင်ခုံအရေအတွက်ထက် ထက်ဝက်သာတင်ဆောင်ရမည်ဖြစ်သောကြောင့် ယာဉ်စီးခနှုန်းထားများမှာ အနည်းငယ်ပြောင်းလဲနိုင်ကြောင်း ချင်းတောင်တက်ယာဉ်လိုင်းများမှ စုံစမ်းသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)