ကလေး-ဖလမ်း-ဟားခါး ယာဉ်လိုင်းများနှင့် ကလေး-ရိဒ် ယာဉ်လိုင်းများ ခရီးသည်မရှိ၍ ပြေးဆွဲမှုများ ယာယီရပ်နားထား

121

 

က​လေး၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ချင်းပြည်နယ် ဖလမ်း၊ ဟားခါးမြို့များသို့ ပြေးဆွဲသော ယာဉ်လိုင်းများနှင့် ကလေးမြို့-ရိဒ်ခေါဒါရ်နယ်စပ်သို့ ပြေးဆွဲသော ယာဉ်လိုင်းများမှာ ခရီးသည်မရှိ၍ ပြေးဆွဲမှုများ ယာယီရပ်နားထားကြောင်း ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက) မှ သိရသည်။

“စစ်ကိုင်းတိုင်းကတော့ ယာဉ်လိုင်းတွေအားလုံး ပြေးဆွဲတာ ယာယီရပ်နားထားဖို့ ပိတ်ထားတယ်၊ ချင်းပြည်နယ်ဘက်ကတော့ မပိတ်ဘူး၊ သွားလို့ရတယ်၊ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ခရီးသည်ကို လိုက်မယ့်သူ၊ သွားလာမယ့်သူ မရှိတဲ့အတွက်ကြောင့် ယာဉ်လိုင်းတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ယာယီရပ်နားထားကြတယ်” ဟု အဆိုပါကော်မတီ ဥက္ကဌ ဦးစိုး၀င်းက ပြောကြားသည်။

လတ်တလောတွင် ကလေးမြို့မှ ချင်းပြည်နယ်သို့ ကုန်စည် စီးဆင်းမှုအတွက် ကုန်တင်ကားများသာ သွားလာမှုရှိပြီး ခရီးသည်တင်ယာဉ်လိုင်းအားလုံးနီးပါးမှာမူ ယာယီရပ်နားထားကြကာ ကုန်တင်ယာဉ်များမောင်းနှင်သည့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကိုလည်း ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် ပြန်လည်ညွှန်ကြားထားကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

“ဒီကာလမှာ ကျန်းမာရေး၀န်ကြီးဌာနက ညွှန်ကြားချက်အတိုင်း လိုက်နာကြဖို့၊ အပြင်ထွက်တိုင်း Mask တပ် သွားလာကြဖို့ ၂၀ ရက်နေ့ကပဲ ကုန်တင်အသင်းတွေ၊ ယာဉ်လိုင်းတွေအားလုံး ညွှန်ကြားထားတယ်၊ လိုက်နာမှုမရှိရင်တော့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူသွားမယ်” ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက) ဥက္ကဌ ဦးစိုး၀င်းက ထပ်မံဆိုသည်။
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်မူ ကုန်တင်ယာဉ်များအားလုံး ဟားခါးမြို့တွင်းသို့ ၀င်ရောက်ခွင့်မပြုတော့ဘဲ တင်ဆောင်လာသည့် ကုန်စည်များကို သက်ဆိုင်ရာ ကုန်ကားကွင်းအတွင်းတွင်သာ ကုန်ပစ္စည်းများ အတင်/အချပြုလုပ်ကြရန် ညွှန်ကြားထားကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ဓါတ်ပုံ-Covid-19 ကာလမတိုင်ခင် က​လေးမြို့နှင့် ချင်းပြည်နယ်သို့ ​​ ယာဥ်လိုင်းပြေးဆွဲ​နေ​သော ယာဥ်တစ်စီး။

LEAVE A REPLY

Please enter your comment!
Please enter your name here