ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းရှိ မဏိပူရ်မြစ်ကူး ဗားရ်တံတားအမှတ် (၂) စတင်ဖွင့်လှစ်

96

 

က​လေး၊ ​အောက်တိုဘာ ၂၈

ချင်းပြည်နယ်မြောက်ပိုင်း၏ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာရေးအတွက် အဓိကလမ်းမကြီးဖြစ်သော ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်း မဏိပူရ်မြစ်ကူးတံတားအဖြစ် တည်ဆောက်ထားသည့် ဗားရ်တံတား အမှတ် (၂)ကို အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ကလေး-ဖလမ်းပိုင်းရှိ ဗားရ်တံတားသည် ၂၀၁၅ ခုနှစ် ကိုမာန် မုန်တိုင်းတိုက်ခတ်ခဲ့စဉ်က မဏိပူရ်မြစ်ရေ မြင့်တက်လာမှုကြောင့် တံတားသံ​ပေါင်အောက်အထိ မြစ်ရေတက်ခဲ့ပြီး တံတားကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခဲ့ရသည်များ ကြုံခဲ့ရကြောင်း၊ အဆိုပါဗားရ်တံတား ကျိုးကျပျက်စီးသွားပါက ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်သည့်အတွက် လာမည့်နှစ်များတွင် ရာသီမရွေး သွားလာရအဆင်ပြေစေရန် ဗားရ်တံတားအမှတ် (၂) အဖြစ် ယခင်ဗားရ်တံတား(ဟောင်း)အနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံသိရသည်။

အဆိုပါ ဗားရ်တံတား အမှတ် (၂)ကို တံတားဦးစီးဌာန တံတားစီမံကိန်းအဖွဲ့ (၁)က ၂၀၁၈ ခုနှစ်၊ ဇွန် ၇ ရက်မှစ၍ ပြည်ထောင်စုဘတ်ဂျက်ငွေ၊ ချင်းပြည်နယ်အစိုးရဘတ်ဂျက်ငွေ စုစုပေါင်း ကျပ်သန်း ၄,၀၅၀ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ တံတားအရှည် ၅၅၇ ဒသမ ၇၇ ပေရှိပြီး အကျယ် ပေ သုံးဆယ်၊ ရေကင်းလွတ်အမြင့် ၉ ဒသမ ၈၄၃ ပေရှိ၍ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း သိရသည်။

မဏိပူရ်မြစ်ကူး အဆိုပါဗားရ်တံတား အမှတ် (၂) ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဆလိုင်းလျန်သွယ်၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု၀န်ကြီး ဦးစိုးထက်၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးရွှေထီးအိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အဆိုပါအခမ်းအနားသို့ ပြည်နယ်၀န်ကြီးများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here