ကလေး-ဖလမ်းလမ်းပိုင်းရှိ ဗားရ်တံတားအမှတ် (၂) အောက်တိုဘာ ၂၇ ရက်တွင် ဖွင့်လှစ်မည်

96

ဖလမ်း၊ အောက်တိုဘာ ၁၆

ချင်းပြည်နယ်မြောက်ပိုင်း၏ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာရေးအတွက် အဓိကလမ်းမကြီးဖြစ်သော ကလေး-ဖလမ်း လမ်းပိုင်းရှိ မဏိပူရ်မြစ်ပေါ်တွင် တည်ဆောက်လျက်ရှိသော ဗားရ်တံတား အမှတ် (၂) သည် ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သဖြင့် အောက်တိုဘာ ၂၇ ရက်တွင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“အခု ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်တဲ့အတွက် ဒုသမ္မတ (၂)ရယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရယ်၊ ကျွန်တော်တို့ ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းချက်အရ လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ ဖွင့်လှစ်နိုင်ဖို့ လျာထားတယ်၊ ဖွင့်လှစ်နိုင်အောင်လည်း စီစဉ်နေတယ်” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကလေး-ဖလမ်းပိုင်းရှိ ဗားရ်တံတားသည် ၂၀၁၅ ခုနှစ် ကိုမာန် မုန်တိုင်းတိုက်ခတ်ခဲ့စဉ်က မဏိပူရ်မြစ်ရေ မြင့်တက်လာမှုကြောင့် တံတားသံပေါင်အောက်အထိ မြစ်ရေတက်ခဲ့ပြီး တံတားကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားခဲ့ရသည်များ ကြုံခဲ့ရကြောင်း၊ အဆိုပါဗားရ်တံတား ကျိုးကျပျက်စီးသွားပါက ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်သည့်အတွက် လာမည့်နှစ်များ၌ ရာသီမရွေး သွားလာရအဆင်ပြေစေရန် ဗားရ်တံတားအမှတ် (၂) အဖြစ် ယခင်ဗားရ်တံတား(ဟောင်း)အနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“အခု ဗားရ်တံတားအမှတ် (၂) ပြီးသွားပြီဆိုတော့ ရာသီမရွေး သွားလာနိုင်တော့မယ်၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှာ မပူရတော့ဘူးပေါ့” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

အဆိုပါ ဗားရ်တံတား အမှတ် (၂) ကို တံတားဦးစီးဌာန တံတားစီမံကိန်းအဖွဲ့ (၁)က ၂၀၁၈ ခုနှစ်၊ ဇွန် ၇ ရက်မှစ၍ ပြည်ထောင်စုဘတ်ဂျက်ငွေ၊ ချင်းပြည်နယ်အစိုးရဘတ်ဂျက်ငွေ စုစုပေါင်း ကျပ် ၄,၀၅၀ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတံတားသည် ၅၅၇ ဒသမ ၇၇ ပေ အရှည်ရှိပြီး အကျယ် ပေ သုံးဆယ်ရှိကာ ရေကင်းလွတ်အမြင့် ၉ ဒသမ ၈၄၃ ပေရှိ၍ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ-ဖလမ်း(ပြန်/ဆက်)

LEAVE A REPLY

Please enter your comment!
Please enter your name here