ကလေး–ပြင်ဦးလွင် ခရီးစဉ်ကို ယနေ့မှစ၍ နေ့စဉ်နားရက်မရှိ ပြေးဆွဲမည်

193

 

ကလေး၊ ဇွန် ၇

ယခင်က ကလေး-ပြင်ဦးလွင်ခရီးစဉ်ကို အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ့၊ တနင်္ဂနွေ စသည်ဖြင့် တစ်ပတ်လျှင် ငါးရက်သာ ပြေးဆွဲခဲ့ရာမှ ယနေ့ ဇွန် ၇ ရက်မှစ၍ နေ့စဉ် နားရက်မရှိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ကလေးမြို့အခြေစိုက် ရွှေလွင်ပြင်ယာဉ်လိုင်းမှ သိရသည်။

“ဟိုးအရင်တုန်းက ကလေးမြို့ကနေ ပြင်ဦးလွင်ကို သွားချင်ရင် အရင်ဦးဆုံး မန္တလေးကားစီးရတယ်၊ မန္တလေးကားစီးပြီးပြီဆိုမှ ပြင်ဦးလွင်ကားစုံစမ်းပြီး တစ်ဆင့်သွားရတယ်ပေါ့၊ အဲဒီလိုတစ်ဆင့်သွားရတော့ အလုပ်လည်းပိုရှုပ်တယ်၊ အချိန်လည်းပိုကုန်တယ်၊ ဒါနဲ့ ကိုယ့်မြို့ကခရီးသွားတွေ အဆင်ပြေအောင်ဆိုပြီး ကလေး-ပြင်ဦးလွင်ကို ပြီးခဲ့တဲ့နှစ် ကတည်းက တိုက်ရိုက်ပြေးဆွဲခဲ့တာပေါ့နော်၊ ပြီးခဲ့တဲ့ မတ်လမကုန်မီအထိ တစ်ပတ်မှာ ငါးရက်ပဲ ပြေးခဲ့တယ်၊ အခုကျတော့ ခရီးသွားပြည်သူတွေ နေ့စဉ်သွားလာနိုင်အောင်လို့ တစ်ပတ်လုံး နေ့စဉ် နားရက်မရှိ ပြေးဆွဲသွားမယ်” ဟု ရွှေလွင်ပြင်ယာဉ်လိုင်းမှ ဂိတ်ပိုင် ကိုစောမင်းလတ်က ပြောကြားသည်။

ကလေး-ပြင်ဦးလွင်ခရီးစဉ်ကို အယောက် ၂၀ ဆံ့ Mini Bus ကားများဖြင့် ပြေးဆွဲခြင်းဖြစ်ပြီး ယခုအခါ Covid-19 ရောဂါ ထိန်းချုပ်ဆဲကာလဖြစ်ကာ ခရီးသည်ထက်ဝက်သာ တင်ဆောင်ရမည်ဖြစ်သောကြောင့် ယခင် တစ်ဦးလျှင် ကျပ် ၂၅,၀၀၀ ဝန်ဆောင်ခယူဆောင်၍ ပြေးဆွဲနေရာမှ ယခု ကျပ် ၃၃,၀၀၀ သို့ အနည်းငယ်တိုးယူထားကြောင်း၊ ထို့ကြောင့် လတ်တလောတွင် ကားတစ်စီးလျှင် ခရီးသည် ၁၀ ဦးသာ အများဆုံး တင်ဆောင်နိုင်မည်ဖြစ်ပြီး ခရီးသည်များအား ရေသန့်ဘူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ပေါင်မုန့်၊ အချိုရည်ဘူး၊ Snow Tower စသည်တို့ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ရွှေလွင်ပြင်ယာဉ်လိုင်းမှ ထပ်မံသိရသည်။

“များသောအားဖြင့်တော့ ကလေး-ပြင်ဦးလွင်သွားကြတာက ဒီကာလမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေနဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေ သွားကြတယ်၊ ကုန်စည်အနေနဲ့ဆိုရင်တော့ ပြင်ဦးလွင်က ပန်းအလှနဲ့ ကုန်စိမ်းတွေကို ကလေးကို သယ်ကြတာ တော်တော်များတယ်၊ ခရီးသည်ထွက်ကုန်ပစ္စည်းသယ်ဖို့အဆင်ပြေအောင်လို့လည်း တိုးချဲ့ပြေးဆွဲဖြစ်တာ၊ Covid-19 မဖြစ်ခင်ကဆိုရင် ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် အလည်အပတ် ခရီးသွားတဲ့သူတွေ ခရစ်ယာန် ဘာသာရေး RC ကျောင်းတွေမှာ သင်တန်းတက်ဖို့သွားတဲ့သူတွေနဲ့ တော်တော်များတယ်၊ အခုကာလကတော့ ဝန်ထမ်းတွေလောက်ပဲ သွားလာမှုှရှိတယ်” ဟု အဆိုပါယာဉ်လိုင်း၏ ဂိတ်ပိုင် ကိုစောမင်းလတ်က ထပ်မံဆိုသည်။

ရွှေလွင်ပြင်ယာဉ်လိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အခြေစိုက်၍ ကလေးမြို့မှ မုံရွာ၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ ဟားခါး၊ ရိဒ် စသော ခရီးစဉ်များကို Mark II ၊ အန်စာတုံး၊ Rosa စသည့် ကားများအသုံးပြု၍ အစီး ခြောက်ဆယ်ကျော်ဖြင့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here