ကလေး-တမူးလမ်းပိုင်း နန်းဗဟိုရ်တံတား ပြုပြင်နေမှုကြောင့် ခရီးသွားယာဉ်များ ရှောင်ကွင်းလမ်းမှ သွားလာခဲ့ရ

146

 

ကလေး၊ ဇွန် ၅

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော ကလေး-တမူးလမ်းပိုင်းရှိ နန်းဗဟိုရ်တံတား ပျက်စီးနေမှုအား ပြုပြင်နေသောကြောင့် ခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ကားများနှင့် ဒေသတွင်းခရီးသွားယာဉ်များအားလုံး ရှောင်ကွင်းလမ်းမှ သွားလာခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“ကျွန်တော်တို့ မနက်ပိုင်း ၁၀ နာရီထိုးပြီးလောက်ရောက်တော့ နန်းဗဟိုရ်တံတားက ဖြတ်သန်းသွားလို့မရတော့ဘူး၊ ရှောင်ကွင်းလမ်းမှာလည်း ကားတစ်စီးက မြေကျွံနေတာကြောင့် ဟိုဘက်ဒီဘက်ကားတွေပိတ်ပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတာ အကြာကြီးပဲ၊ တံတားပြင်တာကလည်း တော်တော်နဲ့မပြီးတာကြောင့် မစောင့်နိုင်တာနဲ့ လှည့်ပြန်ခဲ့တော့တယ်၊ ဖြစ်နိုင်ရင် မြန်မြန်လေးတော့ ပြင်စေချင်တာပေါ့” ဟု ဒေသခံခရီးသွားတစ်ဦးဖြစ်သူ ကိုတင်အောင်ဆင့်က ပြောကြားသည်။

အဆိုပါ နန်းဗဟိုရ်တံတားသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၏ အရေးပါသော တံတားတစ်စင်းဖြစ်သည့်အတွက် ယခုကဲ့သို့ တံတားပြုပြင်နေချိန်တွင် ရှောင်ကွင်းလမ်းမှာလည်း အနည်းငယ်ပျက်စီးနေသောကြောင့် ခရီးသွားယာဉ်များ ပိုမိုကြန့်ကြာခဲ့ကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။

“ရှောင်ကွင်းလမ်းက ကောင်းတယ်ဆိုရင်ကို ခရီးက ကြန့်ကြာမှာမဟုတ်ဘူး၊ အခုဟာက ရှောင်ကွင်းလမ်းတစ်လမ်းတည်းကို ဟိုဘက်ဒီဘက် ယာဉ်တွေ တစ်လှည့်စီ မျှသွားရတာအပြင် ရွှံ့ဗွက်အနည်းငယ်ရှိတော့ ကားကြီးတွေသွားလိုက်ရင် မြေကျွံပြီး ပိုကြာကုန်ရော၊ ကားတစ်စီးမြေကျွံနေပြီဆို အနည်းငယ် ၁၀ မိနစ်လောက် စောင့်ရတဲ့အပြင် တံတားနားမှာတင် စောင့်နေရတဲ့ယာဉ်တန်းကြီးက ရှည်ကုန်တော့ မလိုအပ်ဘဲ ခရီးက ပိုကြာကုန်တယ်၊ ဖြစ်နိုင်ရင် သက်ဆိုင်ရာဌာနတွေက တံတားမကောင်းလို့ ရှောင်ကွင်းလမ်းကသွားခိုင်းမယ်ဆိုရင်တောင် ရှောင်ကွင်းလမ်းကို ကောင်းအောင် လုပ်ပေးစေချင်တယ်” ဟု ကိုယ်တိုင်ကြုံခဲ့ရသူ ကလေးမြို့ခံ ကိုကြည်ရအောင်က ဆိုသည်။

ကလေး-တမူးလမ်းပိုင်းရှိ တံတားများသည် တံတားသံပေါင်များ ကောင်းမွန်နေသော်လည်း ကြမ်းခင်းများ ပျက်စီးနေမှုကြောင့် သတိထား၍ ဖြည်းဖြည်းချင်း သွားလာရသည့်အနေအထားဖြစ်နေကြောင်း ဒေသခံခရီးသွားယာဉ်များထံမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here