ကလေး-ကလေးဝ  လမ်းကြောင်းသစ်  ဖောက်လုပ်ပေးရန်   တောင်းဆိုမည်

677

ကလေး၊ ဧပြီ

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကလေး-ကလေးဝလမ်းမကြီးသည် နှစ်စဉ် မိုးရာသီကာလရောက်တိုင်း မြစ်သာမြစ်ရေ လျှံတက်ချိန်၌ ရေကြီးရေလျှံမှုဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်လေ့ရှိသောကြောင့် ရာသီမရွေး သွားလာနိုင်သည့် ကလေး-ကလေးဝ လမ်းအူကြောင်းသစ်ကို ဖောက်လုပ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အထက်ချင်းတွင်းဒေသလူငယ်များ ကွန်ရက်မှ သိရသည်။

”လက်ရှိကလေး-ကလေးဝ လမ်းကြောင်းက မြေနိမ့်တဲ့ တချို့ နေရာတွေမှာ မြစ်သာမြစ်ရေ လျှံတက်တဲ့အခါတိုင်း ကားတွေရော၊ ဆိုင်ကယ်တွေရော သွားလို့မရတဲ့ဖြစ်စဉ်တွေ ရေကြီးတဲ့အချိန်တိုင်း ကြုံရတယ်၊ အဲဒီအချိန်ဆိုရင် နယ်စပ်ကုန်သွယ်ရေးကားတွေ၊ ခရီးသည်ကားတွေ အမြဲပြတ်တောက်ရတဲ့အတွက် အစိုးရကနေ ကလေး-ကလေးဝ လမ်းအူကြောင်းသစ် ဖောက်လုပ်ပေးဖို့ မကြာမီတောင်းဆိုသွားမယ်၊ အဲဒီလိုတောင်းဆိုနိုင်အောင်လည်း အခု Survey ဆင်း၊ ကွင်းဆင်းတိုင်းတာတွေ လုပ်နေတယ်”ဟု ‘အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်၏ စီမံကိန်း ဒါရိုက်တာ ဦးကျော်သက်ဝင်းက ဆိုသည်။

လက်ရှိ ကလေး-ကလေးဝ လမ်းမကြီးသည် မြစ်သာမြစ်ရိုးတစ်လျှောက် လမ်းဘေးတွင်ကပ်၍ ဖောက်လုပ်ထားခြင်းဖြစ်ပြီး ၂၃ မိုင် ကျော်ရှိကာ မိုးတွင်းကာလရောက်တိုင်း ရေကြီးရေလျှံမှုနှင့် ကမ်းပါးများ တိုက်စားမှု ဖြစ်ပေါ်လေ့ရှိကြောင်း၊ ထို့ကြောင့် လက်ရှိလမ်းကြောင်းကို ကမ်းပါးထိန်းနံရံများ စနစ်တကျ မဆောက်လုပ်ပေးနိုင်ပါက ကလေး- ကလေးဝလမ်းအူကြောင်းသစ်ကို အင်ဒိုင်းကြီး ကျေးရွာဘက် မှတစ်ဆင့် အသစ်ဖောက်လုပ်ပေးရန် မကြာမီကာလအတွင်း တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါကွန်ရက်မှ ထပ်မံသိရသည်။ ”ကလေးဝ လမ်းတစ်လျှောက် မှာ အဓိက ရေလျှံတာက ကလေးမြို့အထွက်ကနေ ကျီကုန်းကျေးရွာနားအထိဖြစ်လို့ အဲဒီနေရာကို ရေကြီးတဲ့အချိန် ရှောင်ကွင်းနိုင်ဖို့ဆိုရင် အင်ဒိုင်းကြီးကျေးရွာဘက်က နေ လမ်းအသစ်ဖောက်ရင် ရပြီ၊ အခုဆိုရင် ချင်းတွင်းတံတားရော၊ မြစ်သာတံတားရော နှစ်စင်းစလုံးက ကောင်းနေပြီ၊ လမ်းတွေက မကောင်းနေတော့ ကုန်စည်စီးဆင်းမှုကြန့်ကြာရတယ်၊ တံတားတွေလည်းကောင်း၊ လမ်းတွေလည်း ရာသီမရွေး ကောင်းနေရင် ကလေး-ကလေးဝ ဒေသက အခုထက် တော်တော်ကြီး ဖွံ့ဖြိုးသွားမှာ၊  အဲဒါကြောင့် အခု Survey ဆင်းနေတာ၊ Project တစ်ဝက်လောက်ပြီးသွားပြီ၊ ကျန်တဲ့အပိုင်း Survey ဆင်းပြီးတာနဲ့ အချက်အလက်တွေစုပြီး နိုင်ငံတော်အစိုးရကို တင်ပြတောင်းဆိုသွားမယ်”ဟု အဆိုပါကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ထပ်မံဆိုသည်။

ကလေး-ကလေးဝ လမ်းမကြီး ကို ရာသီမရွေးသွားလာနိုင်ရေးနှင့် မိုးတွင်းရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် လမ်းအူကြောင်းအသစ် ဖောက်လုပ်ပေးရန် ယခင်အစိုးရလက်ထက်၌ တောင်းဆိုခဲ့ဖူးသော်လည်း အသစ်ဖောက်လုပ်ပေးခြင်းမရှိခဲ့ကြောင်း အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်မှ သိရသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here