ကလေး-ကလေးဝလမ်းမရှိ ယာဉ်များမျက်ကွယ်ပြုနေသော တောင်စွယ်များကိုဖြတ်တောက်၍ လမ်းသားချဲ့ထွင်မည်

251

 

ကလေး၊ ဒီဇင်ဘာ
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ် ရေးလမ်းမကြီး၏ အစိတ်အပိုင်းဖြစ် သော ကလေး-ကလေးဝလမ်းမ ကြီးတွင် ယာဉ်များ သွားလာရာ၌ မျက်ကွယ်ပြုနေသော တောင်စွယ် များအား ဖြတ်တောက်၍ လမ်းသားချဲ့ထွင်မှုများကို ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စတင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကလေးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကိုကိုနိုင်က ပြောကြားသည်။

“တောင်စွယ်ကွေ့တွေကို ဖြတ်တောက်ဖို့က ကျွန်တော့်ရဲ့ လွှတ်တော် ကတိကဝတ်လည်းဖြစ်တယ်၊ လမ်းရဲ့အနေအထားက အကွေ့အကောက်လည်းများတယ်၊ တောင်ကပ်လမ်းလည်းဖြစ်တယ်၊ မြစ်ဘေးလည်းဖြစ်တော့ အခက်အခဲတွေတော့ အများကြီးရှိတယ်၊ အဓိကကတော့ တောင်စွယ်တွေကို ဖြတ်ထုတ်လိုက်ရင် မျက်ကွယ်တွေ ပျောက်သွားမယ်၊ ဒါဆိုရင် ယာဉ်အန္တရာယ်ကင်းရှင်းသွားမယ်ပေါ့”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကလေး-ကလေးဝလမ်းပိုင်းရှိ ကျီကုန်း-ကလေးဝလမ်းပိုင်းသည် အကွေ့အကောက်များပြားပြီး မြစ်သာမြစ်ဘေးကပ်လျက်ဖောက်လုပ်ထားခြင်းဖြစ်သဖြင့် ယာဉ်အန္တရာယ်များပြားလှကြောင်း၊ ထို့ကြောင့် တောင်စွယ်ကွေ့နေရာများတွင် လမ်းသားကျယ်ကျယ်ရရှိ စေရန်နှင့် မျက်နှာချင်းဆိုင်ယာဉ်များအား မြင်ကွင်းရှင်းလင်းစွာ မြင် နိုင်ရန်အတွက် တောင်စွယ်ကွေ့ နေရာအချို့အား ဖြတ်ထုတ်ရန်စီစဉ် ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“တောင်စွယ်တွေကို ဖြတ် ထုတ်လိုက်ရင် မျက်ကွယ်တွေ ပျောက်သွားမယ်၊ ဒါဆိုရင် ယာဉ် အန္တရာယ်ကင်းရှင်းမယ်၊ လမ်းသား လည်းကျယ်သွားမယ်၊ လမ်းချဲ့ ထားတဲ့နေရာတွေက မိုးရာသီ ဆိုရင် သွားလို့မရတဲ့အတွက် အဲဒီ နေရာတွေကိုလည်း ရာသီမရွေး အသုံးပြုလို့ရအောင် ရှောင်တိမ်းလို့ လည်းရအောင် ဂျင်းမြေခင်းမယ် ပေါ့၊ အမာသားရသွားအောင်ပေါ့၊ ဒါမှမဟုတ် ကျောက်ရောမြေခင်းပြီး ကြိတ်မယ်ပေါ့၊ ဒါက ဒီနှစ်အစီ အစဉ်တွေပါ”ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

တောင်စွယ်ကွေ့များ ဖြတ်တောက်ရန် ကလေးဝမြို့နယ် လမ်းဦးစီးဌာနနှင့် ကလေးမြို့နယ် လမ်းဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ကြမည်ဖြစ်ပြီး ပထမဦးဆုံး ချောင်းကျဉ်းအနီး စတင်လုပ်ဆောင်မည်ဖြစ်ကာ ကျောက်ခုတ်အနီးနှင့် သော့ကျင်တောင်တို့ရှိ တောင်စွယ် ကွေ့များ ဖြတ်တောက်ရန်မှာမူ ကျောက်သားအမာများနှင့် တောင် ထုကြီးမားမှုကြောင့် အချိန်ယူရဦး မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်ကထပ်မံပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here