ကလေး၀ အမြန်ရေယာဉ်ဆိပ်ကမ်းကို သန့်ရှင်းသာယာလှပသော ဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်မည်

99

 

က​လေးဝ၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ရှိ ချင်းတွင်းမြစ်ဘေး အမြန်ရေယာဉ်ဆိပ်ကမ်းကို သင်္ဘောဆိပ်ကမ်းကဲ့သို့ သန့်ရှင်းသာယာလှပသော ဆိပ်ကမ်းတစ်ခုအဖြစ် မကြာမီ တည်ဆောက်သွားမည်ဖြစ်ကြောင်း ကလေးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောကြားသည်။

“အခု တင်ဒါလုပ်ငန်းတွေ စနေပြီ၊ ဘယ်ကုမ္ပဏီ တင်ဒါအောင်မလဲဆိုတာတော့ လောလောဆယ် မသိရသေးဘူးပေါ့၊ လာလျှောက်တဲ့ကုမ္ပဏီတွေထဲကမှ တိုင်းဒေသကြီးအစိုးရ တင်ဒါကော်မတီကနေ ရွေးချယ်ပေးမှာပေါ့၊ တင်ဒါအောင်တဲ့ကုမ္ပဏီ ရွေးချယ်ပြီးတာနဲ့ လာမယ့် နှစ်လ၊ သုံးလအတွင်းမှာ တည်ဆောက်သွားမယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ ကလေးဝမြို့ အမြန်ရေယာဉ်ဆိပ်ကမ်းရှိ ကမ်းထိန်းနံရံများသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ခန့်ကတည်းက တည်ဆောက်ထားခြင်းဖြစ်ကာ ရေတိုက်စားခြင်းအပြင် ကြွက်များဖောက်ခြင်း၊ သဘာဝဘေးကြုံတွေ့ရခြင်း၊ သန့်ရှင်းသပ်ရပ်မှု အားနည်းခြင်းတို့ကြောင့် ပျက်စီးမှုများဖြစ်ပေါ်နေသည့်အတွက် မကြာမီ ကျပ်သိန်းပေါင်း ၁,၂၀၀ အသုံးပြု၍ ကလေးဝမြို့ အမြန်ရေယာဉ်ဆိပ်ကမ်းအား သန့်ရှင်းသာယာလှပသော ဆိပ်ကမ်းတစ်ခုအဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“လက်ရှိ အနေအထားကတော့ အမြန်ရေယာဉ်ဆိပ်ကမ်းမှာ ကားလမ်းပါတယ်၊ အရင်ကတော့ ကတို့ကူးရတာရှိတော့ ကားလမ်း ထည့်သွင်းထားတယ်ပေါ့၊ အခုကျ ကားတွေက မြစ် ဟိုဘက်ကမ်းဒီဘက်ကမ်း ကတို့ကူးစရာ မလိုတော့တဲ့အတွက် အခု တည်ဆောက်မယ့်အခါမှာ ကားလမ်းမပါတော့ဘဲ လူသွားလမ်း သုံးလမ်း ထည့်သွင်း တည်ဆောက်သွားမယ်၊ စိုက်ပျိုးရေးရုံးကနေ ရေအရင်းအမြစ်ရုံးအထိ ပေ ငါးရာအရှည် တည်ဆောက်သွားမှာဖြစ်တဲ့အပြင် လူသွားလမ်း သုံးလမ်းပါမှာဆိုတော့ ခရီးသည်တွေလည်း အတက်အဆင်း လွတ်လွတ်လပ်လပ် သွားလာလို့ရသွားမယ်” ဟု ၎င်းက ထပ်မံပြောဆိုသည်။

ယင်းသို့ အဆင့်မြှင့်တင်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးဘတ်ဂျက်ဖြင့် ကျပ်သိန်းပေါင်း ၁,၂၀၀ ဘတ်ဂျက်ချထားပေးမည်ဖြစ်ပြီး လာမည့် ပွင့်လင်းရာသီတွင် လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကာ သန့်ရှင်းသပ်ရပ်သော ဆိပ်ကမ်းတစ်ခု ပေါ်ပေါက်လာပါက ကလေးဝမြို့အတွက်လည်း ဂုဏ်ဆောင်ပြယုဂ်တစ်ခု ဖြစ်လာမည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here