ကလေးဝမြို့နယ်အတွင်း အခြေခံဆိုင်ကယ်ပြုပြင်ရေးသင်တန်းများ မကြာခဏ ပြုလုပ်သွားမည်ဟု ဆို

760

ကလေး၊ မေ

ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆည်ကြီးကျေးရွာတွင် အခြေခံဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို ပြီးခဲ့သည့် မေ ၇ ရက်မှစ၍ မေ ၁၆ ရက်အထိ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း မကြာခဏပြုလုပ်သွားရန် စီစဉ်နေကြောင်း ကလေးဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

”ကလေးဝမြို့နယ်မှာ ပထမဦးဆုံးအကြိမ် အခြေခံဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို အားလုံး ၁ဝ ရက်တိတိ အခြေခံအဆင့် သင်ကြားပေးထားတယ်၊ ကျွန်မတို့ ဌာနကနေ ဦးစီးပြီး သင်တန်းဆရာတစ်ယောက်နဲ့ သင်တန်းသား ၁၈ ယောက်ကို သူတို့ရွာမှာ ပျက်တဲ့ ဆိုင်ကယ်တစ်စီးစီးကို ယူခိုင်းပြီး လက်တွေ့သင်၊ လက်တွေ့ပြင်ရင်းနဲ့ စာတွေ့၊ လက်တွေ့ သင်ပေးထားပါတယ်”ဟု ကလေးဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေးက မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယခု မေ ၇ ရက်မှ ၁၆ ရက် အထိ ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် အခြေခံဆိုင်ကယ်ပြုပြင်ရေးသင်တန်းတွင် ကလေးဝမြို့နယ် ဆည်ကြီးကျေးရွာရှိ အုပ်စုကျေးရွာပေါင်းခြောက်ရွာမှ သင်တန်းသား ၁၈ ဦး လာရောက်သင်ယူကြပြီး အများစုမှာ လူငယ်များဖြစ်ကြောင်း၊ ထိုသို့ ၁ဝ ရက်တာ သင်ကြားမှုတွင် သင်တန်းသားများအတွက် အအေး၊ မုန့်၊ သင်ထောက်ကူပစ္စည်း စသည်တို့ကို ထောက်ပံ့ပေးထားသည့်အပြင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန် အခမဲ့သင်ကြားပေးခြင်းဖြစ်ကြောင်း ကလေးဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထပ်မံသိရသည်။”စဖွင့်တော့မယ် ဆိုတော့ ဆည်ကြီးကျေးရွာအုပ်စုထဲက ဆိုင်ကယ်ပြင် ဝါသနာပါသူတွေ စာရင်းပေးပါဆိုတော့ အားလုံး ၁၈ ယောက် စာရင်းလာပေးကြတယ်၊ ဒါနဲ့ အခု ပထမအကြိမ်မှာ သင်တန်းသား ၁၈ ယောက်ကို ပညာဒါန သင်ကြားပေးနိုင်ခဲ့တယ်၊ နောက်ပိုင်းကာလတွေမှာလည်း ကျေးရွာအုပ်စုကြီးတွေမှာ ကျေးရွာဒေသခံတွေ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး မကြာခဏ ပြုလုပ်ပေးသွားမယ်၊ ပြီးတော့ အခုအခြေခံအဆင့်ပြီးထားသူတွေကို နောက်ပိုင်းတစ်ဆင့်မြှင့့််ပြီး ထဲထဲဝင်ဝင်ပြင်ဆင်နိုင်အောင်အထိ သင်ပေးသွားမယ်”ဟု အဆိုပါဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေးက ထပ်မံဆိုသည်။

ယင်းသို့ အခြေခံဆိုင်ကယ်ပြုပြင်ရေးသင်တန်း လာရောက်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ကလေးဝမြို့ နယ်၊ ဆည်ကြီးကျေးရွာမှ ဒေသခံတစ်ဦးက”ရွာမှာက အလုပ်အကိုင်ရှားပါးတော့ အခုလိုဆိုင်ကယ်ပြင်သင်တန်း လာဖွင့်ပေးတာ ရွာအတွက် အထောက်အကူပြုတယ်၊ ယောကျာ်းလေးတွေအတွက် ဆိုင်ကယ်သင်တန်းလုပ်ပေးသလို မိန်းကလေးတွေအတွက်လည်း ဇာထိုး၊ ပန်းထိုး၊ ချည်ထိုး စတဲ့တခြား အလုပ်အကိုင်ရရှိမယ့် သင်တန်းတွေပါ လာရောက်ပို့ချပေးစေချင်တယ်”ဟု ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here