ကလေးလေဆိပ် လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နားနေရာတို့အား ထပ်ပိုးလွှာတင်ခြင်းနှင့် ကတ္တရာရေပိတ်လွှာ သုံးထပ်လောင်းခြင်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည်

159

က​လေး၊ ​အောက်တိုဘာ ၃၁

မြန်မာနိုင်ငံရှိ လေဆိပ်များအနက် မြို့လယ်​ကောင်တွင်
တစ်ခုတည်းသာရှိသော ကလေးမြို့လေဆိပ်ရှိ လေယာဉ်ပြေးလမ်းအရှည် ပေ ၇၀၀၀ × ၁၀၀ နှင့် လေယာဉ်ရပ်နားနေရာတို့အား ထပ်ပိုးလွှာတင်ခြင်းနှင့် ကတ္တရာရေပိတ်လွှာ သုံးထပ်လောင်းခြင်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)မှ သိရသည်။

လေယာဉ်ပြေးလမ်းအား အဆင့်မြှင့်တင်ခြင်းနှင့်အတူ ကလေးလေဆိပ် ၀န်ထမ်းအိမ်ရာ တည်ဆောက်ခြင်း ​ပေ ၁၀၀ × ၄၀ ရှိ ငါးခန်းတွဲတစ်ထပ် သံကူကွန်ကရစ် အဆောက်အအုံ တစ်လုံး တည်ဆောက်ခြင်း(Apron, Drain, ရေ၊ မီး၊ မိလ္လာ အပါအ၀င်)တို့ပါ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လာမည့် နို၀င်ဘာ ၄ ရက်တွင် တင်ဒါ စတင်ခေါ်သွားမည်ဖြစ်ကြောင်း၊ စိတ်ပါ၀င်စားသော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် တင်ဒါလျှောက်လွှာပုံစံများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီထံ ရုံးချိန်အတွင်း လာရောက်၀ယ်ယူနိုင်ပြီး အောက်တိုဘာ ၁၃ ရက်တွင် တင်ဒါအရောင်းပိတ်မည်ဖြစ်ကာ ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီ၌ တင်ဒါများ နောက်ဆုံးထား ပြန်လည်သွင်းရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

ကလေးလေဆိပ်ရှိ လေယာဉ်ရပ်နားရန်နေရာအပါအ၀င် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ခြင်း၊ ၀န်ထမ်းအိမ်ရာတည်ဆောက်ခြင်းတို့ကို ငွေလုံးငွေရင်း အသုံးစရိတ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်လည်းဖြစ်သည်။ ကလေးမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါရှိသော်လည်း ချင်းပြည်နယ်၏ တံခါးဝမြို့ဟု တင်စားခေါ်ဝေါ်ကြသည့်အပြင် အထက်ချင်းတွင်းဒေသသို့သွားရာ လမ်းဆုံမြို့လည်းဖြစ်သဖြင့် ပြည်တွင်းခရီးသည်သာမက ပြည်ပခရီးသည်ပါ ၀င်ရောက်မှုများပြားသော အရေးပါသည့် လေဆိပ်ဖြစ်ခြင်းကြောင့် ယခုအနေအထားထက်ပိုမို၍ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ပေးသင့်ကြောင်း ကလေးမြို့ခံများက သုံးသပ်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here