ကလေးမြို့ အောင်သစ္စာရပ်ကွက် နယ်မြေ ၃၊ နယ်မြေ ၄ နှင့် အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၈ တို့ကို Stay at Home စတင်သတ်မှတ်

92

 

က​လေး၊ ​အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း Covid-19 ပိုးတွေ့ရှိသူဦးရေ နည်းလုဆဲဆဲကာလ၌ ရန်ကုန်မှပြန်ရောက်သူများမှတစ်ဆင့် အောင်သစ္စာရပ်ကွက် နယ်မြေ ၃၊ နယ်မြေ ၄ နှင့် အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၈ တို့အတွင်း ပိုးတွေ့လူနာများလာသဖြင့် အဆိုပါရပ်ကွက်များရှိ နယ်မြေများကို အောက်တိုဘာ ၃၀ ရက်(ယနေ့)မှ စတင်၍ Stay at Home စတင်သတ်မှတ်လိုက်ကြောင်း သိရသည်။

“အောင်သစ္စာရပ်ကွက် နယ်မြေ ၃ ကတော့ ၂၇ ရက် ကတည်းက Stay at Home သတ်မှတ်ခဲ့တယ်၊ နယ်မြေ ၄ ကတော့ ဒီနေ့မှ ထပ်တိုးပြီး Stay at Home သတ်မှတ်လိုက်တယ်၊ အဓိကကတော့ နယ်မြေ ၃ ရော၊ နယ်မြေ ၄ ရော၊ အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၈ ရောမှာ ပိုးတွေ့လူနာတွေ တအားများနေတဲ့အတွက် Stay at Home အဖြစ် ထပ်တိုးပြီး သတ်မှတ်လိုက်တာပါ” ဟု ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အဖွဲ့၀င်လည်းဖြစ် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလည်းဖြစ်သူ ဦးညီညီဇော်က ပြောကြားသည်။

ကလေးမြို့တွင် ရန်ကုန်မှ ပြန်ရောက်လာသူအချို့၌ Covid-19 ပိုးတွေ့ရှိပြီး ၎င်းတို့နှင့်ထိစပ်သူများကိုလည်း Swab နမူနာယူ၍ စစ်ဆေးကြည့်ရာမှ Covid-19 ပိုးတွေ့ရှိသူများသဖြင့် ယခုအခါ ပိုးအတွေ့များသော အောင်သစ္စာရပ်ကွက် နယ်မြေ ၃၊ နယ်မြေ ၄ နှင့် အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၈ တို့ကို Stay at Home စတင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါရပ်ကွက်များရှိ နယ်မြေအချို့ကို Stay at Home စတင်သတ်မှတ်လိုက်သည့်အတွက် လမ်းအသွားအလာများ စတင်ကန့်သတ်လိုက်ပြီး ရပ်ကွက်ကျော်လွန်သွားလာခွင့်ကို ယာယီတားမြစ်ထားကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ဒီနေ့ကစပြီး ကျွန်မတို့အိမ်ရှေ့တွေတောက်လျှောက် ကြိုးတွေနဲ့တားသွားတယ်၊ နယ်မြေ ၄ ထဲပါတော့ နယ်မြေ တစ်ခုလုံးက အိမ်တွေကို လောလောဆယ် အပြင်မထွက်ခိုင်းဘူးပေါ့၊ ရောဂါပိုးမပြန့်အောင် ကြိုတင်တားမြစ်တာဖြစ်လို့ ကျွန်မတို့လည်း လိုက်နာပါတယ်” ဟု အောင်သစ္စာရပ်ကွက် နယ်မြေ ၄ အတွင်း နေထိုင်သူ မစုမြတ်မူက ဆိုသည်။

ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စမ်းမြို့ရပ်ကွက်အတွင်း Covid-19 ပိုးတွေ့လူနာ တွေ့ရှိမှုများပြားခဲ့သဖြင့် အဆိုပါရပ်ကွက်အား စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁၂ ရက်အထိ နှစ်ပတ်အကြာ Stay at Home သတ်မှတ်ခဲ့ဖူးသည်။ စမ်းမြို့ရပ်ကွက်ကို Stay at Home မှ ပယ်ဖျက်ပြီးဖြစ်သော်လည်း ယခုအခါ ထပ်မံ၍ အောင်သစ္စာရပ်ကွက် နယ်မြေ ၃ ၊ နယ်မြေ ၄ နှင့် အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၈ တို့ကို Stay at Home စတင်သတ်မှတ်လိုက်ကာ အဆိုပါနယ်မြေများအတွင်း အိမ်ထောင်စုများ၊ မြို့ပေါ်ရပ်ကွက်များနှင့် သီတင်းသုံးနေထိုင်ကြသော သံဃာတော်များ၊ သီလရှင်များအား လှူဒါန်းလိုပါက ဦးတင်ထွန်း၀င်း 09 794009550 ၊ ဦးသန့်စင် 09 400458093 ၊ ဦးမင်းနိုင်စိုး 09 777705222 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ကလေးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Nyi Zaw

LEAVE A REPLY

Please enter your comment!
Please enter your name here